သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော် မိုးဗြဲဒေသထဲ အောက်တိုဘာလမှာ တိုက်ပွဲ ၃၀ ကျော်ဖြစ်ခဲ့


ကယားပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ပြီးဘေးလွတ်ရာပြေးနေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့နေထိုင်မှုပုံစံ။ (ယခင်မှတ်တမ်းဓာတ်ပုံ/ဇွန် ၁၊ ၂၀၂၁)  


[[Zawgyi/Unicode]]

ကရင်နီပြည်နယ်လို့ ခေါ်ကြတဲ့ ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မြန်မာစစ်တပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေ တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်း ထုတ်ပြန်ထားပါတယ်။ အမြဲတမ်းလိုလို အပြန်အလှန်တိုက်ပွဲတွေ ရှိနေပေမယ့် ပြင်းထန်တဲ့ တိုက်ပွဲမျိုးတော့ ခုနောက်ပိုင်းနည်းသွားကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒါပေမယ့်လည်း ပစ်ခတ်မှုတွေကြား အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တာကြောင့် စစ်ဘေးရှောင်တွေကတော့ အမြဲတစေ ကြောက်လန့်နေတယ်လို့ ပြောပါတယ်။ ကရင်နီဒေသအခြေအနေ သတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြပေးထားပါတယ်။

ကယားပြည်နယ် ရှားတော၊ ဘောလခဲ၊ ဖရူဆို၊ ဒီးမောဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ ပြီးခဲ့တဲ့လအတွင်း တိုက်ပွဲတွေ ဖြစ်ခဲ့ကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်း ထုတ်ပြန်ထားတာပါ။ လက်နက်ကြီးကျည်ထိမှန်ပြီး ကလေးငယ်တယောက် အပါအဝင် အရပ်သားပြည်သူ ၃ ယောက်သေဆုံးခဲ့သလို ၁၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။

အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို တိုက်ပွဲဖြစ်အရေအတွက်၊ အရပ်သားတွေ ထိခိုက်ဒဏ်ရရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက်လည်း မရရှိပါဘူး။

မြန်မာစစ်တပ်ဘက်က လွိုင်ကော်မြို့နယ်ကနေ မိုးဗြဲမြို့နယ် လမ်းမကြီးတလျှောက် နယ်မြေထိန်းချုပ်နိုင်ဖို့ ကြိုးစားလာပြီး အင်းအား အမြောက်အများပါတဲ့ စစ်ကြောင် ၂ ကြောင်း ထိုးစစ်ဆင်လာတာကြောင့် နှစ်ဘက်တိုက်ပွဲပြင်းထန်လာတယ်လို့ KNDF အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာကိုဗညားကတော့ ရှမ်းပြည်နဲ့ ကယားပြည်နယ် နယ်စပ်မှာ နေ့စဉ်နဲ့အမျှ အမြဲတမ်းလိုလို ပစ်ခတ်မှုရှိနေပေမယ့် ပြင်းပြင်းထန် ထန်ဖြစ်တဲ့ တိုက်ပွဲမျိုးတော့ ခုနောက်ပိုင်း နည်းပါးသွားတယ်လို့ VOA ကို ပြောပါတယ်။

“တိုက်ပွဲပုံစံက အရင်တုန်းကလိုမျိုး ကျနော်တို့ ဒီစစ်ကောင်စီကနေ ထွက်လာပြီးမှ အကြီးကျယ်တိုက်တဲ့ဟာတွေကတော့ နည်းနည်းသွားတာပေါ့။ ဒါပေမယ့် နည်းတယ်ဆိုပေမယ့် ဒီအရင်တလောပဲ ၂၃ ၊ ၂၄ ရက်နေ့ ဝန်းကျင်ပေါ့နော် အဲ့ဒီ ၂၅ အထိပေါ့နော်၊ လွိုင်ကော် မိုးဗြဲဖက်ကို စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းထိုးပြီးတော့မှ အဲ့ဒီဒေသတချို့ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားချိန်မှာတော့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်တာပေါ့နော်။”

နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု တိုက်ပွဲကြားမှာတော့ အရပ်သားထိခိုက်သေဆုံးတာတွေ မရှိပါဘူး။ ဒါပေမယ့် တိုက်ပွဲဖြစ်နေစဉ်နဲ့ တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံ စစ်ဘေးရှောင်စခန်းတွေနဲ့ ကျေးရွာတွေမှာ ကျရောက်ပေါက်ကွဲလို့ အပြစ်မဲ့အရပ်သားတွေ ထိခိုက်သေဆုံးရတာလို့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။

“ဥပမာအားဖြင့် တိုက်ပွဲဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ အဲ့ဒီတချို့နေရာ ဧရိယာတွေကို ပစ်ခတ်တာတွေပေါ့နော်၊ သိတဲ့အတိုင်းပဲ၊ ဟိုအရင်တလောလည်း ၂၂ ၊ ၂၃ ၊ ၂၄ မှာလည်း အဲ့လို ပစ်ခတ်လို့ သေဆုံးတဲ့လူက ၃ ယောက်ဖြစ်သွားတာပေါ့နော်။ နောက်ပြီးတော့မှ ထိခိုက်ဒဏ်ရာလည်း ၇ ယောက်ဖြစ်သွားတာပေါ့နော်။ ဒါကတော့ အနီးစပ်ဆုံးပြောတဲ့ဟာပါ။ မနေ့ကလည်း ဒီလင်ဖုံးကြီးဘက်မှာလည်း သူတို့ပစ်ခတ်လို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်ပေါ့နော်။”

နိုဝင်ဘာတရက် မနေ့ညနေက လွိုင်ကော်မြို့နယ် လင်ဖုံးကြီးကျေးရွာတွေဘက် တိုက်ပွဲမရှိဘဲနဲ့ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခံရလို့ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီလို လက်နက်ကြီးတွေ ကျရောက်ပြီး ထိခိုက်ဒဏ်ရာရာသူတွေ ရှိတာကြောင့် ဒေသခံရွာသူရွာသားတွေ အမြဲတမ်းကြောက်လန့်နေရတဲ့အကြောင်း စစ်ဘေးရှောင်တဦးက ပြောပါတယ်။

“လက်နက်ကြီးအသံရရင်တော့ အကုန်လုံးလန့်ကြတယ်ပေါ့နော်၊ ဒီမှာကျမလားဆိုတဲ့စိတ်ပေါ့နော်၊ အယောက်တိုင်းတော့ အသံကြားရပြီဆို ဒုန်း..ဆို အသံထွက်ဆို ကျမတို့က ဟို အိမ် ၂ ထပ်ရှိတဲ့အိမ်ဆို အဲ့လိုမျိုးပြေးဝင်ကြတာပေါ့။ အပြင်မှာ မနေရဲတော့ဘူး။ အရင်ကဆိုရင် လွတ်လွတ်လပ်လပ်ပေါ့နော်၊ မသိတော့ ရွာထဲမှာကျခါကျတော့ တယောက်ဆုံး နှစ်ယောက်ဆုံး အဲ့လိုမျိုးဖြစ်ခါကျတော့ လက်နက်ကြီးအသံထွက်လာပြီဆို အကုန်လုံးပြေးပုန်းနေရတယ်။”

“ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းရေးမှူးရုံး အစီရင်ခံစာမှာတော့ နောက်ဆုံးထုတ်ပြန်ထားတဲ့ ကယားပြည်နယ်အတွင်း စစ်ပြေးဒုက္ခသည်တွေအတွက် အကူအညီတွေလိုအပ်နေပြီး အများစုဟာ အလှူရှင်တွေကိုပဲ အားထား ရပ်တည်နေရတယ်လို့ ဖေါ်ပြပါတယ်။ ဒါပေမယ့်လည်း အခြေခံစားကုန်တွေ ဈေးတက်နေတာနဲ့ ဝယ်ယူဖို့ အခက်အခဲတွေရှိတဲ့အတွက် ကူညီနိုင်တဲ့ အခြေအနေ နည်းပါးလာနေတယ်လို့ ပြောပါတယ်။

စစ်တပ်ဘက်ကလည်း လမ်းတွေပိတ်ဆို့ထားတဲ့အတွက် ကယားပြည်နယ်အတွင်း ဆေးဝါးနဲ့ စားနပ်ရိက္ခာ ပို့ဆောင်ဖို့ အခက်အခဲတွေ ရှိကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်တပ်ဘက်က လနဲ့ချီ လမ်းတွေ ပိတ်ပင်ကန့်သတ်မှုတွေကြောင့် လူသားချင်း စာနာမှုအကူအညီပေးရေးမှာ အခက်အခဲတွေရှိကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===============
[[Unicode]]














XS
SM
MD
LG