သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေး-တမူး ကားလမ်းပိတ်ထားမှုကြောင့် တမူးမှာ စက်သုံးဆီ ပြတ်လပ်


ကလေးမြို့
ကလေးမြို့


[[Zawgyi/Unicode]]

ကလေး-တမူး ကားလမ်းမ အသွားအလာကန့်သတ်ထားလို့ တမူးမြို့ထဲမှာ စက်သုံးဆီပြတ်လပ်နေပြီး အိန္ဒိယဘက်ကနေဝယ်ယူ သုံးစွဲနေရတာလည်း ရှိပါတယ်။ လူအသွားအလာနဲ့ ကုန်တင်ယာဉ်တွေပါ အသွားအလာမရှိလို့ မြို့တွင်းမှာ တချို့ကုန်စည်တွေလည်း ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က ပေးပို့ထားတဲ့ သတင်းကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

ကလေးမြို့နယ်အတွင်းက ဒေသခံကာကွယ်ရေး အဖွဲ့တွေနဲ့ စစ်ကောင်စီကြား လက်နက်ကိုင်တိုက်ပွဲ အခြေအနေတွေကြောင့် ကလေး-တမူး လမ်းမကြီးကို နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ဖြတ်သန်းသွားလာတာမျိုးမလုပ်ဖို့ ကလေးမြို့ ဒေသခံကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ နှစ်ဘက်လက်နက်ကိုင် တိုက်ပွဲကြောင့် အဲဒီလမ်းပိုင်းကို လူအသွားအလာ မလုပ်တော့သလို ကုန်တင်ကားတွေလည်း ဖြတ်သန်းတာမျိုး ဒီရက်ထဲမှာ မတွေ့ရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စက်သုံးဆီကားတွေလည်း ဝင်မလာတော့လို့ အိန္ဒိယဘက်က ဆီကို ဈေးမတန်တဆပေးပြီး ဝယ်သုံးနေရတဲ့အကြောင်း တမူးဒေသခံတဦးက ပြောပါတယ်။

"အိန္ဒိယဘက်က ဆီဝယ်ထည့်နေရတယ်။ အခုမှ သုံးဖူးကြတာဆိုတော့ တချို့က အဆင်ပြေတယ်၊ တချို့ကလည်း အဆင်မပြေဘူး။ အဆင်မပြေတာတော့ ပိုများတာပေါ့၊ ဒီဗမာဆီပဲ သုံးဖူးနေကြတာဆိုတော့။ တလီတာကို ၅,၀၀၀ ကနေ ၇,၀၀၀ အထိ ပေးထည့်နေရတာ။ အရင်ဈေးက တလီတာမှ ၃,၀၀၀ လောက်ပဲ ရှိတာလေ။"

စားသုံးကုန်တချို့ ပြတ်တောက်တာရှိပေမယ့် စက်သုံးဆီလို ဝယ်မရတဲ့အထိ ခက်ခဲတာမျိုးတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ မြို့တွင်းမှာ စက်သုံးဆီကို ပုံမှန်ဈေးထက်လျှော့ပြီး ရောင်းပေးနေတဲ့ ဆီဆိုင်တဆိုင်သာရှိပြီး အဲဒီမှာလည်း အကန့်အသတ်နဲ့သာ ရောင်းချပေးနေတာပါ။ သွားလာရေးအတွက် မဖြစ်မနေအသုံးပြုဖို့ စက်သုံးဆီဝယ်ဖြည့်ဖို့ သွားခဲ့ပေမယ့် ဝယ်ယူဖို့စောင့်ဆိုင်းနေသူ အများကြီးရှိနေလို့ ပြန်လာရတဲ့ အခြေအနေကို တမူးဒေသခံ နောက်တဦးကလည်း ပြောပါတယ်။

"ကားလမ်းတွေ ပိတ်တော့လေ ဆီကားတွေက ဝင်လို့မရဘူး။ အဲဒါကြောင့်မို့လို့ စက်သုံးဆီတွေ ပြတ်ပြီးတော့ ဈေးတက်တာဟုတ်တယ်။ တချို့က အိန္ဒိယဘက်က မိုးရေးဆီကို ဝယ်သုံးကြတယ်။ ဒါပေမဲ့ မိုးရေးဆီက မကောင်းဘူး။ ဒီက ဆိုင်ကယ်တွေနဲ့ ထည့်လို့ မရဘူး၊ ယိုးဒယားဆိုင်ကယ်တွေလည်း အဲလိုပဲ ထည့်မရဘူး။ စက်သုံးဆီတွေကတော့ ပြတ်တော့ ၁ သောင်းရောင်းလည်း ကျနော်တို့က ဝယ်ရတော့မှာပဲ။ အခုက ပစ္စည်းက ဝယ်လို့မှမရတာ၊ ဝယ်စရာနေရာကို မရှိတာ။"

စက်သုံးဆီလိုသလောက် ဝယ်မရတော့တဲ့အထိ ခက်ခဲနေတဲ့ အခြေအနေကို ပြောသွားတာပါ။

ကလေး-တမူးလမ်းမကြီးကို နောက်ထပ် ရက်သတ္တပတ်အထိ ဖြတ်သန်းသွားလာတာမျိုး လုံးဝမလုပ်ဖို့ကိုလည်း ကလေးမြို့ ဒေသခံကာကွယ်ရေးအဖွဲ့က နိုဝင်ဘာလ ၂၀ ရက်နေ့တုန်းက ထုတ်ပြန်ထားပါတယ်။ နှစ်ဘက်တိုက်ပွဲအခြေအနေကြောင့် လမ်းအသွားအလာ ကန့်သတ်ထားပေမယ့် မြို့တွင်းမှာတော့ စက်သုံးဆီ ပြတ်လပ်တာကလွဲရင် ပုံမှန်အတိုင်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တမူးမြို့မှာ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားပြီး လုံခြုံရေး အခြေအနေကြောင့် ညနေ ၆ နာရီလောက်ကစပြီး အသွားအလာ မရှိကြတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===================

[[Unicode]]










XS
SM
MD
LG