သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကောလင်းမြို့နယ် ၇ ရွာမီးရှို့ခံရ၊ အလောင်း ၅ လောင်းတွေ့ 


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်ပြင်သာကျေးရွာအုပ်စုမှာ မီးရှို့ခံရတဲ့ကျေးရွာများ။ (Crd: MIMU)/Arson villages in Kawlin Tsp, Sagaing
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်ပြင်သာကျေးရွာအုပ်စုမှာ မီးရှို့ခံရတဲ့ကျေးရွာများ။ (Crd: MIMU)/Arson villages in Kawlin Tsp, Sagaing

[[Zawgyi/Unicode]]

ဒီဇင်ဘာ ၁၂ နဲ့ ၁၃ ရက်တွေအတွင်း စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ ကျေးရွာ ၇ ရွာ မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးရှို့ခံရတဲ့ကျေးရွာတွေအတွင်း ဒေသခံ ၅ ဦးရဲ့ရုပ်အလောင်းတွေလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မစုမြတ်မွန်ကတင်ပြပေးထားပါတယ်။

ကောလင်းမြို့နယ်အတွင်းက ကျေးရွာတွေကို မြန်မာစစ်တပ်က အခုရက်ပိုင်းအတွင်း နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာကြောင့် အတော်များများ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ က ကောလင်းမြို့နယ် ကျောက်ပြင်သာတိုက်နယ်အတွင်းက ကျေးရွာ ၅ ရွာ မီးရှို့ခံခဲ့ရသလို ၁၃ ရက်နေ့မှာလည်း နောက်ထပ် ၂ ရွာမီးရှို့ခံခဲ့ရတယ်လို့ ကောလင်းမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းပြန်ကြားရေးတာဝန်ခံ ကိုဒေါင်းနီက VOA ကို ခုလိုပြောပါတယ်။

“(စုစုပေါင်း) ၇ ရွာရှိမှာဗျ။ ၁၂ ရက်နေ့တုန်းက ကုက္ကိုလ်ကုန်းပါမယ်။ ပေပင်ချောင်၊ ညောင်ကုန်း၊ လျှော်ဖြူကုန်း၊ ဇီးဖြူကုန်း။ ၁၃ ရက်နေ့က ထီးချိုင့်ဖက်က ဆင်းလာတဲ့ကောင်တွေက မင်းဝံတောင်နားက ဒိုးပင်ဆိုတဲ့ရွာကို ၁၃ ရက်နေ့ မနက် ၅ နာရီက ထပ်ရှို့တယ်ဗျ။ အဲ့ဒါကတော့ ထီးချိုင့်ကနေပြီးတော့ ဆင်းလာတဲ့ စကစ စစ်ကြောင်း။ ကိုးထောင်ဘို့မှာက ခမရ ၃၆၉ နဲ့ ၃၆၁ ထိုင်တာဗျ။ ချပ်သင်းမှာ ၃၆၃ ထိုင်တာ၊ အဲ့ဒီ တပ်ရင်း ၃ ခုက ခု ကျနော်ပြောတဲ့ ရွာတွေ အကုန်မီးရှို့တာပဲ။ အိမ်ခြေကျတော့ ရွာကြီးတာဆိုလို့ ကုက္ကိုလ်ကုန်းတရွာတော့ ကြီးတယ်ဗျ။ ကုက္ကိုလ်ကုန်းက ၈၇ အိမ်၊ ပေပင်ချောင်က ၃၉၊ ညောင်ကုန်းက ၂၉၊ လျှော်ဖြူကုန်းက ၂၄ အိမ်၊ ဇီးဖြူကုန်းလဲ ၂၄ အိမ်၊ ညောင်ကုန်းက ကျနော်တို့ သွားပြီးတော့ သတင်းယူလို့ မရဘူး။ ညောင်ကုန်းက အခု ကိုးတောင်ဘို့ အထိုင်ချတဲ့စခန်းနဲ့ ကပ်နေလို့။”

ကျေးရွာတွေက စုစုပေါင်း အိမ်ခြေ ၂၅၀ ဝန်းကျင်လောက် မီးလောင်ကျွမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေပင်ချောင်ရွာက စစ်ကောင်စီတပ်တွေ ထွက်သွားချိန်မှာ ဒေသခံ ၅ ဦးရဲ့ အလောင်းကို တွေ့ရတယ်လို့ ကိုဒေါင်းနီက ပြောပြပါတယ်။ VOA က ရရှိထားတဲ့ ရုပ်အလောင်းဓါတ်ပုံတွေမှာတော့ ဦးခေါင်းတွေကို သေနက်နဲ့ပစ်ခတ်ထားတာတွေ့ရပါတယ်။ ဒါပေမယ့် ဒီ ဓါတ်ပုံတွေနဲ့ပတ်သက်လို့ သီးခြားအတည်ပြုချက်တော့ ယူလို့မရသေးပါဘူး။ ကောလင်းမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံကတော့ ရုပ်အလောင်းတွေနဲ့ ကျေးရွာထဲ ပျောက်ဆုံးလူစာရင်းကို တိုက်စစ်ကြည့်ခဲ့တယ်လို့ ပြောပါတယ်။

“ပေပင်ချောင်ရွာထဲမှာ စခတွေထွက်သွားတဲ့အခါ ရှင်းလင်းရေး ဝင်တဲ့ခါကျတော့ ရွာထဲမှာ ၅ လောင်း မီးရှို့ထားတတွေ့ရတယ်။ သူတို့ မိသားစုဝင်တွေနဲ့ တွေ့တဲ့ခါကျတော့ ပျောက်ဆုံးတဲ့သူတွေနဲ့ အလောင်းနဲ့ ဖြစ်နိုင်ခြေရှိတဲ့လူတွေ ပျောက်ဆုံးတဲ့ လူတွေ စာရင်းကောက်ကြည့်တဲ့ခါကျတော့ ၅ ယောက်တွေ့ရတာဗျ။ ဦးသိန်းအောင်ရယ်၊ ဦးအဲမောင်ရယ်၊ ပြီးတော့ နိုင်ဝင်းထွန်း၊ ကံမင်းစိုး၊ ဦးမြင့်စိုး။ အဲ့လူတွေ ပျောက်ဆုံးနေတာနဲ့ အလောင်း ၅ လောင်း တွေ့ရတာနဲ့ တိုက်ဆိုင်ပြီးတော့ သူတို့ ဖြစ်နိုင်တယ် ဆိုပြီးတော့မှ ကောက်ချက် ချရတော့တာဗျ။ ဒေသခံတွေပဲဗျ၊ ရွာထဲမှာ နေတဲ့ ရွာသားတွေပဲ။ အသက်ကြီးတွေပါ၊ ငယ်တဲ့သူဆိုလို့ ၂ ယောက်ပဲ ပါတာ။ ၄၀ ကျော် ၅၀ ဝန်းကျင် ၃ ယောက်ပါတယ်ဗျ။ နည်းနည်းငယ်တဲ့ ၃၀ ကျော် ၂၀ ကျော် ၂ ယောက်ပဲ ပါတယ်။”

စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေကြောင့် ကောလင်းမြို့နယ်အတွင်းက ကျေးရွာသားတွေဟာ စိုးရိမ်တကြီး တိမ်းရှောင်ထွက်ပြေးကြရတယ်လို့လည်း ကိုဒေါင်းနီက ပြောပြပါတယ်။

“ရွာထဲမှာ ကျန်နေခဲ့တဲ့လူတွေနဲ့ အမျိုးသားတွေဆိုရင် အဲ့ဘက်က အမြဲ ဒီလို ဖြစ်နေကျပဲ။ အိမ်ထဲမှာ ကျန်နေခဲ့တယ်ဆိုရင် ကလေးတွေလည်းမချန်ဘူး။ အရင်တုန်းကတည်းက အသက် ၁၂ နှစ်၊ ၁၃ နှစ်၊ ၇ တန်း- ၈တန်း ကျောင်းသားတွေပါမကျန် သတ်ပစ်တာ။ အဘိုးကြီး အဘွားကြီးတွေရော မရှောင်တော့ဘူး။ သူတို့လာလို့ရှိရင် အကုန် ရှောင်ရင်ရှောင်၊ မရှောင်ရင် အိပ်ပျော်လို့ပဲ ကျန်ခဲ့ကျန်ခဲ့၊ တခြားတနေရာကနေမှ ကိုယ့်ရွာကို ဝင်လို့ဝင်နေမှန်းမသိဘဲ ကျန်ခဲ့တဲ့ခါမျိုး၊ ဝင်လိုက်တဲ့ခါမျိုးဆိုလို့ရှိရင်လည်း သတ်ပစ်တာပဲ။ အဲ့ဘက်ကတော့ မရှောင်တော့ဘူး။ အစကတည်းက သတင်းနားထောင်ပြီးတော့ အားလုံးပြေးရင်ပြေးပဲ။”

စစ်ကောင်စီကတော့ ကောလင်းမြို့အခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူကိုလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။ ကောလင်းမြို့နယ်အတွင်းမှာ စစ်ပြေးဒုက္ခသည် သောင်းနဲ့ချီပြီး ရှိနေတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ ကောလင်းမြို့နယ် အရှေ့ခြမ်းမှာဆိုရင် စစ်ဘေးရှောင်အရေအတွက်ဟာ ၃၀,၀၀၀ ကျော်လောက်ရှိနေပြီး မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေရဲ့ အခြေအနေပေါ် မူတည်ပြီး ပြေးလွှားရှောင်တိမ်းနေကြရတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ပြည်တွင်းဒုက္ခသည်အရေအတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ KIA နဲ့ PDF တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့တယ်လို့လည်း တန်ပြန်စွပ်စွဲတာရှိပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေရှိသလို စစ်ကောင်စီကို လိုလားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတာတွေလည်းရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]











XS
SM
MD
LG