သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတဲ့  ကော့ကရိတ်မှာ လုံခြုံရေးတင်းကြပ်


မြဝတီ-ကော့ကရိတ် အာရှလမ်းမမှာ ပစ်ခတ်မှု (ယခင်မှတ်တမ်းဓာတ်ပုံ)
မြဝတီ-ကော့ကရိတ် အာရှလမ်းမမှာ ပစ်ခတ်မှု (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းမှာစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုဆက်ရှိနေပြီး သြဂုတ်လ ၁၉ ရက်နေ့မှာ မြို့အဝင်လမ်းတွေကိုပိတ်ပြီး လုံခြုံရေးတွေတင်းကြပ်ထားပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းက သီးသန့် ရဲစခန်းနဲ့ မြို့မရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် နဲ့ပူးပေါင်းတပ်တွေက သြဂုတ်လ ၁၅ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက မြို့ အဝင်လမ်းတွေကို ပိတ်ထားခဲ့ပါတယ်။ ဒီနေ့ သြဂုတ်လ ၁၉ ရက်နေ့မှာတော့ မြို့ဝင်လမ်း ၃ ခုကိုပိတ်ထားတယ်လို့ ကော့ကရိတ်မြို့ခံတဦးက ပြောပြပါတယ်။

“တောင်ပိုင်းကနေ ဝင်လို့ရှိရင် အဓိကတော့ သုံးပေါက်ပေါ့။ ဒုံးစင်ဘက်က တပေါက်ပိတ်ထားတယ်၊ ပုလဲဖြူဘေးက ဂိတ်လည်း ပိတ်ထားတယ်။ နောက် အဲဒီနဲ့မလှမ်းမကမ်း သီလရှင်ကျောင်းလမ်းဂိတ်လည်း ပိတ်ထားတယ်။ အာရှလမ်းကနေ ကော့ကရိတ်ဘက်ကို ခွဲထွက်လာတဲ့ဂိတ်တွေပေါ့။ မြဝတီဘက်က အဓိကသွားတဲ့လမ်းတွေကနေ လာလို့မရဘူး။ အာရှလမ်းဘက်မှာရှိတဲ့ လမ်းခွဲတခု ပိတ်ထားတယ်။ လမ်းခွဲတခုကတော့ အာရှလမ်းတည့်တည့်ကနေ ကော့ကရိတ်မြို့ကို တည့်တည်ဝင်လို့ရတဲ့ ကြာပန်းအဝိုင်းလမ်းကတော့ ဖွင့်ထားတယ်။ ဒါပေမယ့် လုံခြုံရေးတွေ တင်းကြပ်ထားတယ်။”

ကော့ကရိတ်မြို့ထဲကနေ စစ်ကောင်စီတပ်တွေက နေပူခံကုန်းကနေ လက်နက်ကြီးနဲ့ပစ်နေသလို တိုက်ပွဲဖြစ်နေတဲ့အသံတွေလည်းကြားနေရတဲ့အတွက် တမြို့လုံးကအပြင်မထွက်ရဲဘဲ တိတ်ဆိတ်နေတယ်လို့လည်း ကော့ကရိတ်မြို့ခံကဆိုပါတယ်။

“မနက် ၁၀ နာရီလောက်က တကြိမ်ကြားတယ်။ လက်နက်ကြီးအလုံးကြီးတွေလည်းပစ်နေတယ်။ ၁၀ မိနစ်ခြား တခါ၊ ၁၅ မိနစ်ခြား တခါ။ အခုကလည်း တိုက်ပွဲဖြစ်နေသလို ပစ်နေပြန်ပြီ။ အခုလက်နက်ကြီးသံ ကြားလားမသိဘူး။ မနက်က ၁၀ နာရီလောက်ကတည်းက သေနတ်သံတွေလည်း ကြားတော့ ဈေးတွေကော ဆိုင်တွေပိတ်ပြီး ပြန်ကုန်ကြတယ်။ တမြို့လုံး တိတ်ဆိတ်နေတယ်။ ဒီညနေလည်း ပစ်ခတ်သံတွေကြားတယ်။ ဒီကနေ့ လက်နက်ကြီးတွေနဲ့ပစ်တယ်။ နေပူခံကုန်းကနေ ပစ်နေတယ်။”

ပြီးခဲ့တဲ့ ၁၅ ရက်နေ့ကတော့ ကေအန်ယူနဲ့ ပူးပေါင်းတပ်တွေက ရဲစခန်း၂ ခုကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဒီ ပစ်ခတ်မှုကြောင့် ရဲမှူးတဦးအပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့လည်း မြို့ခံကဆက်ပြောပြပါတယ်။

“ဟိုနေ့ကတော့ ၇ ယောက်သေတယ်။ စစ်တပ်ကတယောက် ရဲက ၆ ယောက်။ အဲဒီထဲမှာ ရဲမှူးတယောက်လည်း ပါတယ်။”

ကော့ကရိတ်လမ်းဟောင်းဖြစ်တဲ့ တောင်သုံးလုံး၊ ကော့ကရိတ် အာရှလမ်းသစ် ကွမ်းခြံကုန်းကွေ့နဲ့ တောနော်ရေတံခွန် နားမှာတော့ စစ်ကောင်စီတပ်တွေနဲ့ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ မနေ့တုန်းကတော့ မြဝတီမြို့အထွက်က ကုန်သွယ်ရေးဇုန်ကို ယာယီပိတ်ခဲ့ပါတယ်။ နယ်စပ်မှာတိုက်ပွဲတွေမငြိမ်မသက်ဖြစ်နေတဲ့အတွက် ဒေသခံတွေအဖို့ကတော့ စိုးရိမ်ထိတ်လန့်နေရကြရတယ်လို့လည်း ပြောပြကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]











XS
SM
MD
LG