သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်မှာ စစ်ကောင်စီတပ်နဲ့ KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေ


KNLA/PDF (Crd: KNU)
KNLA/PDF (Crd: KNU)

[[Zawgyi/Unicode]]

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်-စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့မှာလည်း စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းက မိဂသိမ်ကုန်းအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး ဒီကနေ့မှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်ပြောပြပါတယ်။

“မိဂသိမ်ကုန်းမှာ စကစက လေယာဉ်နဲ့ဗုံးလာကြဲတယ်။ အကြိမ်ကြိမ်အခါခါပဲ။ MI35 နဲ့ လာကြဲတယ်၊ တိုက်ပွဲကလည်းပြင်းတယ်။ နေရာအနှံ့ကို သူတို့ဆီက စစ်ကြောင်းကိုဖြန့်ပြီးတက်တယ်။ ကျနော်တို့ဆီကလည်း နေရာအနှံ့ရှိတော့ တိုက်ပွဲတွေဖြစ်လာတယ်။ တခါမှ မတွေ့ဘူးတဲ့လက်နက်ကြီးတွေ သုံးလာတယ်။ လက်နက်ကြီး တနေရာကိုကျလာတိုင်း ကျင်းပေါက်အကြီးကြီးတွေဖြစ်တယ်။ မပေါက်ကွဲေသေးတဲ့လက်နက်ကြီးတွေမြင်တွေ့ရတယ်။ လေယာဉ်ပစ်ကူတွေကလည်း ခါတိုင်းထက် အကြိမ်ရေများလာတယ်။ ယမ်းနယားတပ်တွေကလည်း တက်လာတယ်။ ဆိုလိုတာကတော့ အင်အားကုန်သုံးလာတယ်။ သာလွန်အင်အားတွေပေါ့။”

ဒီဇင်ဘာလ ၁၆ ရက်နေ့ကစပြီး ၂ ပတ်နီးပါးကြာလာတဲ့အထိ တိုက်ပွဲတွေဖြစ်နေသလို စစ်ကောင်စီဘက်ကလည်း တရက်ခြားလောက် ဗုံးကြဲတိုက်ခိုက်တာတွေကိုခပ်စိတ်စိတ်လုပ်ခဲ့တာပါ။

ကောကရိတ်မြို့နယ်ထဲက ကိုးတိုင်ရွာအနီးမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပါဝင်တဲ့ ဂဠုန်စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် ရွာတွေကို လက်နက်ကြီးတွေကျရောက်ခဲ့တယ်လို့လည်း ကော့ကရိတ်ဒေသခံတဦးကပြောပါတယ်။

“စစ်ကောင်စီတပ်တွေနဲ့ ဂဠုန်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တယ်။ ကိုးတိုင်ရွာနားမှာဖြစ်တယ်။ တောင်ကြာအင်း၊ မြောက်ကြာအင်း သွားတဲ့လမ်းနေရာမှာပေါ့၊ ဆုတ်တဲ့အချိန်မှာတော့ ရွာတွေကို လက်နက်ကြီးနဲ့ပစ်သွားတယ်။”

အခုဆိုရင် တိုက်ပွဲတွေကြောင့် ကော့ကရိတ်-မြဝတီကားလမ်းက တံတားတစင်းကျိုးကျနေပြီး ကုန်ကားတွေသွားလာလို့မရတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်နားနေရပါတယ်၊။ ကုန်သည်တချို့ကတော့ အရင် မြေနီလမ်းဟောင်းကနေသွားလာနေပေမဲ့ လမ်းမကောင်းတာကြောင့် အခက်အခဲတွေရှိနေတယ်လို ပြောပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် နှစ်ဘက်အကျအဆုံးတွေရှိပေမယ့် အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူးရှင်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]









XS
SM
MD
LG