သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်တိုက်ပွဲတွေကြောင့် ထိုင်းနယ်စပ် မြဝတီမြို့မှာ လုံခြုံရေးတင်းကြပ်


အောက်တိုဘာ ၂၁၊ ၂၀၂၂ မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းနေရာတချို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့မြင်ကွင်း။ (ဓာတ်ပုံ-CJ)
အောက်တိုဘာ ၂၁၊ ၂၀၂၂ မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းနေရာတချို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့မြင်ကွင်း။ (ဓာတ်ပုံ-CJ)

[[Zawgyi/Unicode]]

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်း နေရာတချို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဒီနေ့မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်သလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲကြောင့် ထိုင်းမြန်မာနယ်စပ် မြဝတီမြို့မှာလည်းလုံခြုံရေးတွေ တင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကော့ကရိတ်မြို့ တိုက်ပွဲနဲ့ နောက်ဆက်တွဲအခြေအနေ မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့ထဲကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဒီနေ့မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ပြီးတဲ့နောက် စစ်တပ်ဘက်က လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ ပြန်ပြီးတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကခေါင်းဆောင်တဦးဖြစ်တဲ့ကိုစောမွန်ကပြောပါတယ်။

“ကော့ကရိတ်မြို့ကိုဝင်တိုက်တဲ့အခါကျတော့ အဲဒီကနေ ခလရ (၉၇) နေပူခံကုန်းကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်တော့ ကောကရိတ်ပန်းခြံကိုလက်နက်ကြီးတလုံးကျတယ်။ မနက်ပိုင်းကတော့ သေဆုံးသူတယောက်ဖြစ်ပြီး လက်နက်ကြီးနဲ့ ဒဏ်ရာရသူတယောက်ရှိတယ်။ အဲဒီကနေ ကျနော်တို့ဘက်က ရှေ့ဆက်ပြီး ဆက်တိုက်တယ် တိုက်တဲ့အခါမှာ စုပေါင်းရုံးတွေကိုအဲဒါတွေကို ဝင်တိုက်တယ်။ ခရိုင်အချုပ်ထောင်ကိုလည်း ဝင်တိုက်တယ်။ အဲဒါက မနက်ပိုင်းကအခြေအနေပါ။ အဲဒါပြီးတော့ လေယာဉ် ၆ ကြိမ်မကဘူး။ တခါလာရင် နှစ်စီးလာတယ်။ ဟတ်စကီးလည်းလာတယ်။ သူတို့က မြင်သမျှကိုပစ်နေတာပေါ့။”

စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာတော့ ရဲတပ်ဖွဲ့မှူးရုံးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတို့ ဝင်စီးခံရပေမယ့် ကျသွားခြင်း မရှိဘူးလို့ ထုတ်ပြန်ပါတယ်။ ခလရ ၉၇ က ၁ ယောက်ကျဆုံးပြီး ၅ ယောက်ဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

ပြင်းထန်တဲ့တိုက်ပွဲတွေဟာ မနက်ကနေ ညနေပိုင်းအထိဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံကျေးရွာသားတွေကော မြို့ပေါ်နေထိုင်နေသူတွေပါ ဘေးလွတ်ရာကိုထွက်ပြေးနေကြရပါတယ်။ ကော့ကရိတ်တိုက်ပွဲက မြဝတီမြို့ဘက်ကိုကူးစက်လာမှာစိုးရိမ်တာကြောင့် မြဝတီမြို့နယ်ထဲမှာ နယ်ခြားစောင့်တပ်တွေက တင်းတင်းကြပ်ကြပ် စစ်ဆေးနေပြီး လုံခြုံရေးချထားတယ်လို့လည်း နယ်စပ်နေပြည်သူတဦးက ပြောပြပါတယ်။

“ မြဝတီကိုဝင်စီးမှာစိုးလို့ မြဝတီလုံခြုံရေးကတော့အတော်ကိုတင်းကြပ်နေတယ်။ ကော့ကရိတ်တိုက်ပွဲကြောင့် မြဝတီဘက်ကိုအတော်တင်းကြပ်နေတယ်။ ဒီဘက်ကို ဝင်လာမှာစိုးတာကြောင့်ပါ ဒီဘက်ကိုတက်လာမှာစိုးလို့။”

ကရင်ပြည်နယ်အတွင်း KNU ထိန်းချုပ်နယ်မြေတွေကနေ စစ်ကောင်စီတပ်တွေ ဖယ်ရှားပေးဖို့ KNU တပ်မဟာ (၆) က မတ်လလောက်ကတည်းက တောင်းဆိုထားပြီး စစ်ကောင်စီဘက်က တပ်အင်အားတွေတိုးချဲ့လာနေတဲ့အတွက် ကော့ကရိတ်-မြဝတီအာရှလမ်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အခုရက်ပိုင်း ပိတ်ဆို့ထားတာကြောင့် နေ့စဉ် ထိတွေ့တိုက်ပွဲတွေဖြစ်နေပါတယ်။ အာရှလမ်းပိတ် ထားတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ ရပ်နားထားရတယ်လို့လည်းပြောပြပါတယ်။

“ ကော့ကရိတ်နဲ့ မြဝတီတက်လာတဲ့လမ်းကြောင်းက ကားလမ်းတွေဘယ်ဘက်မှသွားလို့မရဘူး။ မြန်မာဘက်က ကုန်စည်တွေကလည်းလာလို့မရဘူး။ ဒီဘက်မြဝတီဘက်ကသွားတဲ့ကုန်စည်တွေကလည်း သွားလို့မရဘူး။ ၃ ရက်ရှိပြီ။”

အောက်တိုဘာလအတွင်းမှာပဲမြဝတီမြို့ထဲမှာ ဗုံးပေါက်ကွဲှမူ့ ၃ကြိမ်ဖြစ်ခဲ့ပြီး မဲဆောက်မြဝတီချစ်ကြည်ရေးတံတားအနီးပေါက်ကွဲမူ့ကတော့ပြင်းထန်ပြီး ကားတွေ ပျက်စီးခဲ့ပါတယ် ဈေးဆိုင်တဆိုင်အတွင်းပေါက်ကွဲမူ့မှာတော့လူသေဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]











XS
SM
MD
LG