သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်မှာ တိုက်ပွဲဖြစ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ပြန်ပိတ်


မြဝတီ-ကော့ကရိတ်အာရှလမ်းမှာတွဲကားတစီး မီးလောင်နေပုံ။ (Photo-CJ ၂၅-၁၀-၂၂)
မြဝတီ-ကော့ကရိတ်အာရှလမ်းမှာတွဲကားတစီး မီးလောင်နေပုံ။ (Photo-CJ ၂၅-၁၀-၂၂)

[[Zawgyi/Unicode]]

ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီက ၃ ရက် ဆက်တိုက် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ ဒီကနေ့လည်း တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပါတယ်။ ဒီကနေ့တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြန်ဖွင့်ပေးခဲ့တဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကိုလည်း ဒီကနေ့ နေ့လယ်ကစပြီး ပြန်ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

KNU တပ်မဟာ ၆ ထိန်းချုပ်ရာ ကော့ကရိတ်တောင်ပိုင်း၊ ကော့နွဲ့ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KNU ပူးပေါင်းတပ်ဖွဲ့တွေကြား အောက်တိုဘာလ၂၅ ရက်နေ့က တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီး စနေနေ့ကပြန်ဖွင့်ခဲ့တဲ့ ကော့ကရိတ် မြဝတီအာရှလမ်းလည်း ပြန်ပိတ်ထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကခေါင်းဆောင်တဦးဖြစ်တဲ့ကိုစောမွန်ကပြောပါတယ်။

“ကော့နွဲ့မှာစစ်ကောင်စီက စစ်ကြောင်းထိုးလာတယ်လေ။ အဲဒီမှာတိုက်ပွဲဖြစ်တယ်။ အာရှလမ်းသစ်မှာ ကော့ကရိတ်-မြဝတီလမ်းသစ်မှာပေါ့ လမ်းသစ်လို့ခေါ်တယ်။ ကော့နွဲ့ရွာသစ်ဘက်မှာ တိုက်ပွဲဖြစ်တယ်။ တပ်ရင်း (၁၇)၊ တပ်ရင်း(၂၇)၊ PDF ပူးပေါင်းတပ်တွေနဲ့ စကစတို့တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ ကားလမ်းတွေ အကုန်ပိတ်ကုန်တယ်။ မြဝတီအတက်ကားလမ်းတွေ အကုန်ပိတ်ကုန်တယ်။ တိုက်ပွဲတွေဖြစ်တော့ ကားတွေသွားလို့မရဘူး။ BGF တွေကလည်း လမ်းလုံခြုံရေးယူထားတော့ သူတို့လမ်းတွေ အကုန်ပိတ်ထားတယ်။”

တိုက်ပွဲတွေဖြစ်ပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်မှာသွားလာနေတဲ့ ကုန်ကားတစီး မီးလောင်သွားတယ်လို့လည်း ဆိုပါတယ်။

“အဲဒီမှာတိုက်ပွဲဖြစ်ရင်းနဲ့ ဘယ်သူပစ်လို့ပစ်မှန်းတော့မသိဘူး။ တွဲကားတစီးမီးလောင်သွားတယ်။ မြဝတီကနေ ကော့ကရိတ်အဆင်း ကော့ကရိတ်ကားရေဆေးတဲ့နေရာ၊ အဲဒီနေရာလေးမရောက်ခင်ကွေ့လေးမှာကားတစီးမီးလောင်သွားတာပါ။”

နေလယ်ပိုင်းကစပြီး ကုန်ကားတွေရော ခရီးသွားကားတွေပါ သွားလာလို့မရတော့ဘဲ ကားလမ်းပိတ်လိုက်တယ်လို့လည်း ဒေသခံတဦးကပြောပါတယ်။

“ဒီနေ့ ၂ ချက်ထိုးက ပိတ်လိုက်တယ်။ ကားတစီးမီးရှို့ခံထိလို့တဲ့။”

အခုလိုတိုက်ပွဲတွေဖြစ်တိုင်း မြဝတီ-ကော့ကရိတ် အာရှလမ်းမှာသွားလာနေတဲ့ကုန်ကားတွေ၊ လူစီးကားတွေပစ်ခတ်မီးရှို့ခံရတာမျိုး မကြာခဏဖြစ်ခဲ့ပြီးလူသေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ ဒီအာရှလမ်းဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်စည်စီးဆင်းရာမှာ အဓိကကျတဲ့လမ်းဖြစ်ပြီး စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစလို့ ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတပ်တွေ နယ်ခြားစောင့်တပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့လမ်းလည်းဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]










XS
SM
MD
LG