သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တော် ပလက်ဝ ရေလမ်းကြောင်းပြန်ဖွင့်၊ ကုန်သယ်ယူရေး ကန့်သတ်ခံရဆဲ


ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ရေကြောင်းခရီးလမ်း။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ရေကြောင်းခရီးလမ်း။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]


ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ AA နဲ့ စစ်ကောင်စီကြား ထိတွေ့တိုက်ပွဲတွေကြောင့် ဩဂုတ်လအစပိုင်းကတည်းက ပိတ်ထားခဲ့တဲ့ ကျောက်တော် - ပလက်ဝ ရေလမ်းကြောင်းကို စစ်ကောင်စီဘက်က ပြန်ဖွင့်ပေးလိုက်ပါတယ်။ ဒါပေမယ့်လည်း ကုန်စည်သယ်ဆောင်ခွင့် ကန့်သတ်ချက်တွေ တင်းကျပ်ထားတာကြောင့် ပုံမှန်ပြန်လည်ပတ်နိုင်ဖို့ကတော့ ခက်ခဲနေတုန်းပဲလို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ဩဂုတ်လ ၁၈ ရက်၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး ကျော်တော် ပလက်ဝ ရေလမ်းကြောင်းကို စစ်ကောင်စီဘက်က ပြန်ဖွင့်ပေးခဲ့တာပါ။ လမ်းတွေပိတ်ထားတဲ့အတွက် ကုန်စည်သယ်ယူရေး အခက်အခဲတွေရှိခဲ့ပြီး ဆန်အပါအဝင် အခြေခံစားသောက်ကုန် ဈေးတွေလည်း တက်ခဲ့ပါတယ်။ စစ်ဘေးရှောင်စခန်းတချို့အတွက် ရိက္ခာထောက်ပံ့တာတွေ မရောက်သေးဘူးလို့ ကျောက်တော်မြို့ကနေ ကူညီပေးနေသူတဦးက ပြောပါတယ်။

"ဒုက္ခသည်စခန်းက ထမင်းစားရတာတောင် နပ်မမှန်ဘူးလို့ပြောတယ်။ ကျန်တဲ့ အသား၊ ငါးကတော့ ထားလိုက်ပေါ့ဗျာ။ ထမင်းအဆင့်စားရဖို့တောင် နပ်မမှန်ဘူးလို့ပြောတယ်။ ကြက်ဥ ၃ လုံးကို ၂ ထောင်ဆိုတော့ စားရဖို့က မလွယ်ဘူးပေါ့။ ဈေးနှုန်းတွေက ကျနော်တို့ ကျောက်တော်မှာဆိုရင်တော့ ကြက်ဥ ၅ လုံးမှ ၁ ထောင်လေ။ အခု ပလက်ဝမှာက ကြက်ဥ ၃ လုံးကို ၂ ထောင်ဖြစ်နေတယ်။"

အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ ဈေးတက်ခဲ့သလို ဆန်ဝယ်ယူနိုင်ဖို့လည်း အခက်အခဲတွေ ကြုံခဲ့ရပါတယ်။ ရေလမ်းကြောင်း ပြန်ဖွင့်ပေးတာ ရက်သတ္တပတ်နီးပါး ရှိပြီဆိုပေမယ့် အခုချိန်ထိတော့ စားသောက်ရေး အခက်တွေ့နေတုန်းပဲလို့ ကူညီပေးနေသူ နောက်တဦးကလည်း ပြောပါတယ်။

"ဒီနှစ်ကတော့ စိုက်ပျိုးလို့ လုံးဝမရနိုင်တော့ဘူးပေါ့။ ကျောက်တော်မြို့ကနေပြီးတော့ ကျနော်တို့က လိုအပ်တဲ့ဓာတ်မြေဩဇာတွေ တနိုင်တပိုင်တင်ရတာကို။ ဆိုတော့ ဒီနှစ်ကတော့ နောက်တခုဖြစ်သွားတာက ဆန်ချလို့မရတာအပြင် ဓာတ်မြေဩဇာတွေလည်း ဝင်သယ်ခွင့်မရဘူးပေါ့နော်။ ဓာတ်မြေဩဇာကျတော့ ပေါက်ကွဲစေတတ်တဲ့ ယမ်းတွေဘာတွေ လုပ်လို့ရတယ် ဆိုပြီးတော့ အကြောင်းပြတာ။ အခုက ပိုပြီးဆိုးရွားနေတာက အဲဒီဘက်မှာ ဒီနှစ်က စပါးလည်း လုပ်လို့မရဘူး။ ဒီကလည်း ဆန်သယ်လို့မရဘူး။ ဆိုတော့ အခုအခြေအနေကတော့ ရိက္ခာ တော်တော်လေးခက်ခဲနေတယ်။ အဓိက ဆန်ပေါ့နော်။ ဆန်၊ ဆီ၊ ဆား အဲဒါတွေကတော့ တော်တော်လေးခက်ခဲနေတယ်။"

ကျောက်တော် - ပလက်ဝ ရေလမ်းကြောင်းကနေတဆင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဆီ ဆန်အဓိက တင်ပို့ပေးနေတာပါ။ AA နဲ့ စစ်ကောင်စီကြား နှစ်ဘက်ထိတွေ့တိုက်ပွဲတွေကြောင့် ကျောက်တော် - ပလက်ဝ ရေလမ်းကြောင်းဟာ မကြာခဏဆိုသလို ပိတ်ဆို့ခံနေရပြီး ကုန်စည်စီးဆင်းမှု ပုံမှန်ပြန်လည်ပတ်နိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ညမထွက်ရအမိန့်နဲ့ ခရီးသွားလာခွင့်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ကန့်သတ်တဲ့အတွက် ရခိုင်ပြည်သူတွေအပေါ် စားနပ်ရိက္ခာအခက်အခဲဖြစ်အောင် တွန်းပို့နေသလို ဖြစ်နေကြောင်းနဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ်ကလည်း ဒီနေ့ ရက်စွဲနဲ့ ကြေညာချက် တစောင် ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်အတွင်း ရေလမ်းကြောင်း ပိတ်ဆိုခဲ့တဲ့အပေါ် ရှင်းလင်းပြောဆိုတာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]









XS
SM
MD
LG