သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွတ်ခိုင်မြို့တိုက်ပွဲမှာ လက်နက်ကြီးထိမှန်ပြီး ၃ နှစ်အရွယ် ကလေးငယ်တဦး သေဆုံး


ကွက်ခိုင်မြို့နယ် မာန်နောင်ကျေးရွာ ။ (Crd: MIMU)
ကွက်ခိုင်မြို့နယ် မာန်နောင်ကျေးရွာ ။ (Crd: MIMU)


[[Zawgyi/Unicode]]

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား ဒီမနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ မန်နောင်ရွာက ၃ နှစ်အရွယ် ကလေးတဦး ဦးခေါင်းကို လက်နက်ကြီးစ ထိမှန်ခဲ့ပါတယ်။ ဒဏ်ရာရတဲ့ ကလေးကို ကွတ်ခိုင်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး စိုးရိမ်ရတာကြောင့် လားရှိုးဆေးရုံကို ထပ်မံလွှဲပြောင်းခဲ့ပေမယ့် ညနေ ၄ နာရီလောက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ကွတ်ခိုင်မြို့ရဲ့ တောင်ဘက် လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးဘေးက မန်နောင်ရွာမှာ ဒီကနေ့ မနက် ၆ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ပွဲဟာ မန်နောင်ရွာက ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ကချင်လက် နက်ကိုင်အဖွဲ့ KIA ဖြစ်ပွားခဲ့တာကြောင့် ကလေးငယ်တဦး လက်နက်ကြီးထိမှန်ခဲ့ကြောင်း ကွတ်ခိုင်ဒေသခံတဦးက VOA ကို ပြောပါတယ်။

“သူတို့ မနေ့ကတည်းက စကစ ဘက်က ဘုန်းကြီးကျောင်းထဲမှာ လာတည်းတာ။ မန်နောင်ဘုန်းကြီးကျောင်းမှာပဲ။ တည်းပြီးတော့ ဒီမနက်ပိုင်းတော့ ဒီ ပြည်ထောင်စုလမ်းမပေါ်ဘက် မှာရှိတဲ့ စာသင်ကျောင်းဘက်လေ။ အဲဒီဘက်ကို ထွက်လာတဲ့အချိန်မှာ စဖြစ်တာပဲ။ တိုက်ပွဲဖြစ်တော့ လက်နက်ကြီး သူရဲ့ အစပဲမှန်တယ်။ ဒါပေမဲ့ ခေါင်းမှာ ထိတော့လေ။ ကလေး အသက် ၃ နှစ်ကျော်ကျော်လေးပဲ ရှိအုံးမှာ။”

လက်နက်ကြီးစထိမှန်တဲ့ ကလေးကို ကွတ်ခိုင်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ လားရှိုးဆေးရုံကို ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း ပြောပါတယ်။

လက်နက်ကြီးထိတဲ့ ကလေးကို ကူညီနေသူဒေသခံတဦးကလည်း အခင်းဖြစ်ပွားတဲ့အခြေအနေကို အခုလို ပြောပါတယ်။

“တိုက်ပွဲက မနက် ၆ နာရီက ဖြစ်တာရှင့်။ ကလေးကျတော့ ၃ နှစ်ပါရှင့်။ ကလေးလေးက အဲဒီ ထင်း တင်းကုပ်မှာလို့ ပြောရမှာပေါ့။ ထင်းထားတဲ့ တင်းကုပ်နားမှာ လက်နက်ကြီးလာကျတာ။ ကလေးကိုကျတော့ ကလေးအမေက ချီထားတာ။ ချီထားရင်းနဲ့ လက်နက်စက ကလေး ခေါင်းကို မှန်သွားတာရှင့်။ ထင်း တင်းကုပ်မှာကျတော့ အကုန်လုံးပျက်စီးကုန်တယ်။ ဆိုင်ကယ်တစီးပျက်စီးသွားတယ်။ ကလေးကျတော့ စိုးရိမ်ရတဲ့အခြေအနေ ရှိတဲ့အတွက်ကြောင့် လားရှိုးဆေးရုံကို လွဲှလိုက်တာရှင်။”

ညနေပိုင်းမှာတော့ ထပ်မံမေးမြန်းရာမှာတော့ ၄ နာရီလောက်မှာ ကလေး ကွယ်လွန်သွားကြောင်း ပြောပါတယ်။

“ကလေး ဆုံးသွားပြီ ရှင်။ ခုနက ၃ နာရီ ၄၅ မှာ ဆုံးသွားတယ်။ အခုလက်ရှိ ရင်ခွဲရုံမှာ ပို့ထားတယ်။ လားရှိုးရင်ခွဲရုံမှာရှင့်။”

ကလေးကို ထိမှန်တဲ့ လက်နက်ကြီးဟာ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တာဖြစ်ကြောင်း ဒေသခံတွေက ပြောကြားပေမယ့် သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။ လက်ရှိ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် နှစ်ဘက်တပ်အကြား အထိအခိုက်ရှိ မရှိတော့ မသိရသေးကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ကွတ်ခိုင်မြောက်ဘက် နမ့်ကွမ်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တဦးသေ၊ နှစ်ဦး ဒဏ်ရာရကြောင်းနဲ့ KIA ဘက်က တဦး ထိခိုက်ခဲ့ကြောင်း ကချင်သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဒီလ ၂၁ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေနတ်ကျည်ထိမှန်တာကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးတဦး သေဆုံးခဲ့ရပါတယ်။
#ကွက်ခိုင်တိုက်ပွဲ #ကလေးတဦးသေ #လက်နက်ကြီးကျည်စမှန် #လားရှိုး-မူဆယ်လမ်း

================


[[Unicode]]














================

XS
SM
MD
LG