သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွတ်ခိုင်စစ်ရှောင်စခန်း လက်နက်ကြီးကျည်ကျ ဒုက္ခသည် ၂ ဦးသေ၊ တဦးပြင်းထန်ဒဏ်ရာရ


ကွတ်ခိုင်မြို့နယ်၊ ဇွပ်အောင်ဒုက္ခသည်စခန်းတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုမြင်ကွင်း။ (ဇွန် ၁၇၊ ၂၀၂၂)
ကွတ်ခိုင်မြို့နယ်၊ ဇွပ်အောင်ဒုက္ခသည်စခန်းတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုမြင်ကွင်း။ (ဇွန် ၁၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်က ဇွပ်အောင်စစ်ရှောင်စခန်းအတွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ရှောင်ဒုက္ခသည် နှစ်ဦးသေဆုံးပြီး တစ်ဦးကတော့ အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ စစ်ရှောင်စခန်းအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်း ရောက်ရှိနေတာကြောင့် ဒီနေ့ ညနေပိုင်းအထိ အလောင်းတွေကို မသယ်ယူနိုင်သေးသလို ကယ်ဆယ်ရေးအဖွဲ့တွေလည်း မဝင်ရောက်နိုင်သေးပါဘူး။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးရဲ့ အနောက်ဘက်၊ ကွတ်ခိုင်မြို့ရဲ့ အနောက်တောင်ဖက် ၆ မိုင်ခန့်အကွာမှာ ဒီရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ KIA၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒီမနက် ၁၁ နာရီလောက်မှာတော့ ဇွပ်အောင်စစ်ရှောင်စခန်းအတွင်းကို လက်နက်ကြီးကျည်ကျတာကြောင့် စစ်ရှောင် ဒုက္ခသည် နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“လက်နက်ကြီး ၂ လုံးကျပါတယ်။ ကျနော်တို့ စစ်ရှောင်ပြည်သူ ၂ ဦး အသက်ဆုံးသွားတာပေါ့နော။ လက်နက်ကြီးကြောင့်။ ပြီးတော့ နောက်တဦးက ပြင်းပြင်းထန်ထန် စိုးရိမ်ရတဲ့အခြေအနေထိ ဒဏ်ရာရနေတယ်။ အခုက ဇွပ်အောင်စစ်ရှောင် ထဲမှာလည်း စစ်ကောင်စီစစ်ကြောင်းတွေဝင်နေလို့ အလောင်းလည်း မကောက်နိုင်သေးပါဘူး။ ကွတ်ခိုင်ဘက်ကနေ ကူဖို့ လူမှုကူညီရေးအသင်းအဖွဲ့တွေ ဘာသာရေးအဖွဲ့အစည်းတွေကလည်း ဒီ စစ်ကြောင်းတွေက ဒီဘက်မှာ ပေးမဝင်တော့လေ။ လူနာကိုလည်း ကျနော်တို့ ဆေးကုသဖို့ အချိန်မီ ပို့ဆောင်ဖို့ ခက်ခဲနေပါတယ်။ ”

ဇွပ်အောင်စစ်ရှောင်စခန်းဟာ ကာလိုင်ရွာနဲ့ ဆက်စပ်တည်ရှိနေတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဟိုနောင်နဲ့ ကုန်းချမ်းရွာဘက်တွေမှာ တိုက်ပွဲဖြစ်တာရှိခဲ့ပေမယ့် ကာလိုင်နဲ့ဇွပ်အောင်စခန်းအနီးမှာ တိုက်ပွဲဖြစ်တာ မရှိကြောင်း လည်း ပြောပါတယ်။

“စစ်ရှောင်ထဲမှာတော့ တိုက်ပွဲဖြစ်တာ မရှိဘူးဗျ။ မနေ့ကတော့ ကာလိုင်နဲ့ ၃ မိုင်လောက် ဝေးတဲ့နေရာမှာ တိုက်ပွဲဖြစ်တာရှိတယ်။ ဟိုနောင်နဲ့ ကုန်းချမ်းရွာဝန်းကျင် မှာ။ ”

လောလောဆယ်မှာတော့ ဇွပ်အောင်စစ်ရှောင်စခန်းက ပြည်သူအများစုဟာ စခန်းပြင်ပမှာ တိမ်းရှောင်နေပြီး မိုးကာနဲ့ ရိက္ခာအတွက် အခက်အခဲရှိနေကြောင်း ပြောပါတယ်။

အခြား ဒေသခံတွေက သေဆုံးသူနှစ်ဦးဟာ ဒေါ်နန်လိုင်နဲ့ မဒေါင်နောတို့ သားအမိဖြစ်ကြောင်းနဲ့ စစ်ကောင်စီ စစ်ကြောင်းက တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ ရမ်းပစ် တာဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

ကွတ်ခိုင်မြို့ခံတွေကတော့ ကွတ်ခိုင်ဗျူဟာကုန်းက လက်နက်ကြီး ပစ်ခတ်တဲ့အသံတွေ ဒီကနေ့ထိ ကြားနေရကြောင်း ပြောပါတယ်။

ဇွပ်အောင်စခန်းအတွင်း ကျရောက်တဲ့ ဒီလက်နက်ကြီး ကျည်ဟာ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာတော့ သီးခြား အတည်မပြုနိုင်သလို စစ်ကောင်စီဘက်လည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ကုန်းချမ်းနဲ့ ဟိုနောင်ရွာအနီးက ကုန်းဆာရွာသားတဦးကတော့ လက်ရှိ သူတို့ဒေသမှာ စစ်ရေးတင်းမာမှုတွေ ရှိနေပြီး သတိနဲ့ နေထိုင်နေကြရကြောင်း ပြောပါတယ်။

“အခုလောလောဆယ်ကတော့ အခြေအနေကတော့ တင်းမာတယ်လို့ သတင်းတော့ကြားတယ်။ သူတို့က ဒီ တချို့ရွာတွေကိုတောင် သတိထားဖို့ရယ် နောက်ပြီး တကယ်လို့ သေနတ်ကြီးတွေ ကျလာရင် တိုက်ပွဲဖြစ်ရင် အဆင်သင့်ပြင်ထားဖို့ အဲဒါမျိုးပြောသံတွေတော့ ကြားတယ်။ ”

ကွတ်ခိုင်မြို့နယ်အတွင်းတိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့လောက်က စတင်ဖြစ် ပွားနေခဲ့ပြီး ကြာသပတေးနေ့ကလည်း ကုန်းချမ်းကျေးရွာမှာ လက်နက်ကြီးကျည်ကျတာကြောင့် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဇွပ်အောင်စစ်ရှောင်စခန်းဟာ ၂၀၁၂ခုနှစ်လောက်က မြန်မာစစ်တပ်နဲ့ KIA တိုက်ပွဲကြောင့် တိမ်းရှောင်နေရသူတွေအတွက် ခရစ်ယာန်ဘာသာရေးအသင်းတွေက ဖွင့်လှစ်ထားတဲ့စခန်းဖြစ်ပါတယ်။ ဒီစစ်ရှောင်စခန်းမှာ ဒုက္ခသည် ၂၅၀ လောက်နေထိုင်နေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]















===============

XS
SM
MD
LG