သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြာအင်းဆိပ်ကြီးမြို့အနီးတိုက်ပွဲမှာ စစ်ကောင်စီ လက်နက်ကြီးရော လေကြောင်းပါ အသုံးပြုနေ


ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး ရေလမ်း စစ်အစိုးရ ပိတ်
ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး ရေလမ်း စစ်အစိုးရ ပိတ်

[[Zawgyi/Unicode]]

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာမှာ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးရော လေကြောင်းကိုပါ အသုံးပြု တိုက်ခိုက်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ သတင်းပေးပို့ထားတာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

ကြာအင်းဆိပ်ကြီး တောင်စွန်းကျေးရွာအနီးမှာ နှစ်သစ်ကူး ၁၂ နာရီကျော်လောက်ကစပြီး ဇန်နဝါရီ ၃ ရက် ဒီနေ့အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းပါ အသုံးပြုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာကြောင့် နေအိမ်တွေ ပျက်စီးမှုရှိသလို ဒေသခံတွေလည်း အသက်ဘေးလွတ်အောင် တိမ်းရှောင်နေကြရပါတယ်။

အခုလို ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုဟာ အာဏာသိမ်းပြီးတကြိမ်ဖြစ်ပြီးတဲ့နောက် ဒုတိယအကြိမ် အဆိုးဆုံးဖြစ်တယ်လို့ ဒေသခံကျေးရွာသားတဦးက VOA ကို ပြောပါတယ်။

“လေယာဉ်ကတော့ နေ့တိုင်းပစ်တယ်၊ ဒါပေမဲ့ နာရီခြားပေါ့။ ဆက်တိုက်ရယ်လို့ကတော့ မဟုတ်ဘူး၊ ဆက်တိုက်ရယ်လို့ကတော့ ဖြစ်စဉ်ဖြစ်တဲ့နေ့ မနက်ပိုင်းကနေ အဲဒါကတော့ ဆက်တိုက် ပစ်တယ်။ အဲ့ဒီနောက်ပိုင်းမှာ သူက ၂ နာရီခြား၊ ၁ နာရီခြား၊ ၃ နာရီခြား သူက အဲ့လိုမျိုး လာလာပြီးတော့ ပစ်တယ်။ ကျနော်တို့ တောင်စွန်းမှာဆိုတာက အရင်က အရင်အာဏာသိမ်းပြီးကတည်းကတော့ ဖြစ်ဖူးပါတယ်။ အခုဟာက တောင်စွန်းမှာတော့ ၃ရက် ၃ည ဖြစ်နေတဲ့အပေါ်မှာ ဒါကျယ်ပြန့်တယ်လို့တော့ ပြောလို့ရတယ်ပေါ့။ ကျနောတို့ဆီက ဒါ လေယာဉ်နဲ့ လာပစ်တယ်။ ဒီလိုမျိုး နေ့စဉ်ဆက်တိုက် ၃ ရက်ဖြစ်တယ်ဆိုတာ ဒါ ကျနော်တို့ရဲ့နေရာမှာ ပထမဦးဆုံးကြိမ်ပဲ။”

လေကြောင်းတိုက်ခိုက်မှုကြောင့် အနန်းကွင်းရွာ၊ လွတ်ရှမ်းရွာ စတဲ့ တောင်စွန်းရွာရဲ့ ပတ်ဝန်းကျင်ရွာတွေက ကျေးရွာသားတွေဟာ အသက်ဘေးလွတ်ကင်းတဲ့နေရာဆီ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံက ပြောပါတယ်။

“တခါမှ ဒီလိုမျိုး မဖြစ်ဖူးသေးဘူး။ အခုမှ ပထမဦးဆုံးအချိန်ဖြစ်တယ်ဆိုတော့ ဒါစိုးရိမ် မှုတော့ ရှိတယ်။ ပြီးတော့ အခက်အခဲတွေက ရှိတာဆိုတော့လည်း ပြေးရတိမ်းရရှောင်ရတဲ့လူတွေကလည်း စားဖို့သောက်ဖို့အခက်အခဲတွေတော့ ရှိမယ်။ နောက်ပြီးတော့ နေအိမ်ပျက်စီးဆုံးရှုံးတာလည်း ရှိကြတယ်ဆိုတော့လည်း စိုးရိမ်စရာတွေကတော့ အများကြီးပေါ့နော်၊ လက်ရှိ အခုဖြစ်နေတဲ့ ပုံစံကို သုံးသပ်ကြည့်ရမယ်ဆိုရင်တော့လည်း တင်းမာလာမယ် အနေအထားတော့လည်း ရှိနေတယ်ပေါ့။”

တိုက်ပွဲဘယ်လိုစဖြစ်သလဲဆိုတာ သေသေချာချာမသိဘူးလို့ ပြောပါတယ်။ ဒေသတွင်းတိုင်းရင်းသတင်းတွေမှာတော့ တောင်စွန်းကျေးရွာ ဘုန်းကြီးကျောင်းပုရဝုဏ်မှာ စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KNLA တပ်ရင်း ၁၆ တို့ကြား တိုက်ပွဲဖြစ်တာလို့ ဖော်ပြကြပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့မေးမြန်းဖို့ သက်ဆိုင်ရာ KNU တပ်ရင်းကိုရော၊ စစ်ကောင်စီကိုပါ ဆက်သွယ်လို့ မရပါဘူး။

စစ်ပြေးဒုက္ခသည်တွေအတွက် စားရေးသောက်ရေး၊ ဆေးဝါး၊ စောင်နဲ့ အဝတ်အထည် စတဲ့ အရေးပေါ်ပစ္စည်းတွေ အလွန်လိုအပ်နေကြတယ်လို့ ပြောပါတယ်။ မနေ့ညနေပိုင်းမှာလည်း ဇီးဖြူကုန်းရွာမှာ လက်နက်ကြီးကျလို့ ပျက်စီးမှုရှိသလို ဒေသခံတွေ ကြောက်လန့်လို့ ဘေးလွတ်ရာကို ပြေးရှောင်ကြရတယ်လို့ ရွာခံတဦးက ပြောပါတယ်။

“မနေ့က ညနေပိုင်းပေါ့- လက်နက်ကြီးတွေကျတာ ပြေးကြရတယ် အများကြီးပေါ့။ အဲ့ဇီးဖြူကုန်း၊ ဘုရားကုန်းပေါ့။ အဲ့ဒီမှာ အဆောက်အဦးမှာကျတယ်။ နောက်ပြီးတော့ တံခွန်တိုင်ရွာသစ်- အိမ်ရဲ့ အနောက်ဘက်ခြမ်းတွေကျတယ်။ ရာဘာခြံမှာတွေကျတယ်။ ထိခိုက်ဒဏ်ရာရတော့မရှိဘူး။ လူတွေကတော့ နည်းနည်း အသံကြားတော့ ပြေးကြရှောင်ကြတာ။ ပျက်စီးမှုကတော့ ခေါင်းမိုးတွေ၊ ဘုရားရုပ်ပွားတော်ရဲ့ ခြေရင်းပေါ့ အဲ့အမိုးတွေပေါ့ ပျက်စီးတယ်ပေါ့။”

မွန်-ကရင်နယ်စပ်ဖြစ်တဲ့ မုဒုံမြို့နယ် အဘစ်ရွာမှာ အခြေစိုက်တဲ့ အမြောက်တပ် (၃၁၈) တပ်ရင်းကနေ လှမ်းပစ်လာတာလို့ ဆိုပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ်တွင်းက လတ်တလော တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

====================

[[Unicode]]












XS
SM
MD
LG