သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခင်ဦးမြို့နယ် နယ်မြေရှင်းမှုအတွင်း အရပ်သား ၈ ဦးထက်မနည်းသေဆုံး 


ခင်ဦးမြို့နယ်အတွင်းက မီးရှို့ခံနေရတဲ့ ကျေးရွာများ။ (ဓာတ်ပုံ-CJ/နိုဝင်ဘာ ၂၅၊ ၂၀၂၂)
ခင်ဦးမြို့နယ်အတွင်းက မီးရှို့ခံနေရတဲ့ ကျေးရွာများ။ (ဓာတ်ပုံ-CJ/နိုဝင်ဘာ ၂၅၊ ၂၀၂၂)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတာ တပတ်ကျော်ရှိနေပြီး ခုချိန်ထိ အိမ်ပေါင်း ၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။ နယ်မြေရှင်းလင်းပစ်ခတ်မှုတွေ၊ မီးလောင်မှုတွေအတွင်း အရပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒီနယ်မြေရှင်းလင်းမှုတွေကြောင့် ဒေသခံသောင်းနဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး အကူအညီတွေ အရေးပေါ် လိုအပ်နေကြပါတယ်။ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေရဲ့ အခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ကို မြန်မာစစ်တပ်က နိုဝင်ဘာ ၁၇ ရက်ကစလို့ နယ်မြေရှင်းလင်းနေတာ ဒီကနေ့ဆိုရင် ၉ ရက်မြောက် ရှိနေပါပြီ။ ကျေးရွာပေါင်း ၉ ရွာကို နယ်မြေရှင်းလင်း မီးရှို့နေတာ အခုချိန်အထိ နေအိမ်ပေါင်း ၅၀၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ စာရင်းကောက်ခံထားတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီနယ်မြေရှင်းလင်းမှုတွေအတွင်း လေကြောင်းကနေ ပစ်ခတ်မှုတွေရှိခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်မှုအတွင်း ထိမှန်သေဆုံးသူ အရပ်သား ၈ ယောက်ထက်မနည်းရှိခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေးငယ် ၂ ဦးလည်း ပါဝင်ပါတယ်။ ခင်ဦးမြို့နယ်ထဲ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအခြေအနေနဲ့ပတ်သက်လို့ ခင်ဦးဒေသခံကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက အခုလိုပြောပြပါတယ်။

“ခင်ဦးမြို့နယ်အတွင်းမှာ စစ်ကြောင်း ၃ ကြောင်းရှိတယ်ပေါ့။ စစ်ကြောင်း ၃ ကြောင်းမှာ မီးရှို့ခဲ့တဲ့ ကျေးရွာကဆိုရင် မနေ့ကအထိ ရှို့တဲ့ရွာ မုံလှအပါအဝင်ဆိုရင် ၉ ရွာပေါ့။ မုံလှ မပါသေးဘဲနဲ့ အားလုံးပေါင်း အရှေ့က ၈ ရွာကို တွက် လိုက်ရင် အားလုံးပေါင်း ၅၄၃ လုံးရှိနေပြီဗျ။ ဒေသခံက အားလုံး ၈ ဦး၊ ကာကွယ်ရေးအဖွဲ့က ၁၀ ဦး အားလုံးပေါင်း ၁၈ ဦး အသက်ဆုံးရှုံးသွားပြီပေါ့။”

မုံလှကျေးရွာဟာ ကက်သလစ်ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်မောင်ဘို မွေးဖွားရာဇာတိဖြစ်ပြီး လက်ရှိကျေးရွာအနီး စစ်ကောင်စီတပ်တွေရှိနေတဲ့အတွက် နေအိမ်မီးလောင်တဲ့စာရင်း အတိအကျကို ကောက်ယူလို့မရနိုင်သေးတာလည်း ဖြစ်ပါတယ်။ မုံလှကျေးရွာအပေါ် နိုဝင်ဘာ ၂၃ ရက်က မြေပြင်မှာ နယ်မြေရှင်းမှုအပြင် လေကြောင်း တိုက်ခိုက်မှုတွေပါလုပ်ခဲ့တာကြောင့် အဲ့နေ့တရက်တည်းမှာတင် ၇ အရွယ် ကလေးငယ် ၁ ဦး၊ အဖွားအို ၁ ဦး အပါအဝင် ကာကွယ်ရေးအဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။

ခင်ဦးမြို့နယ်ထဲကပဲ ပေါင်းလည်ကုန်းကျေးရွာမှာဆိုရင်လည်း အဖိုးအိုတဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့သလို မပြေးနိုင်လို့ နေအိမ်ထဲကျန်နေတဲ့ အသက် ၈၀ ကျော်အဖွားအိုတဦး မီးလောင်သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ရွှေတာကျေးရွာမှာလည်း စစ်တပ်ဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကျလို့ အရပ်သား၂ ဦး သေဆုံးခဲ့ပါတယ်။ ကန်သာယာကျေးရွာမှာတော့ ၅ တန်း ကျောင်းသား ၁ ဦး၊ ကျဉ်စုကျေးရွာမှာ မီးငြိမ်းသတ်ဖို့ သွားရောက်တဲ့ အရပ်သား ၁ ဦးတို့လည်း ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

အခုလို စစ်တပ်က နယ်မြေရှင်းလင်းလင်းရေးလုပ်နေတဲ့အတွက် ကျေးရွာ ၂၀ ကျော်က စစ်ဘေးဒုက္ခသည် ၁ သောင်းကျော်ဟာ ဘေးလွတ်ရာ နေရာတွေမှာ တိမ်းရှောင်နေကြရပါတယ်။ နေအိမ် ၁၀၀ ကျော်အများဆုံး မီးလောင်ဆုံးရှုံးခဲ့တဲ့ ပေါင်းလည်ကုန်းကျေးရွာသားတဦးက သူတို့ရွာရဲ့ အခြေအနေကို အခုလိုပြောပြပါတယ်။

“ပြည်သူတွေက တယောက်မှမရှိတော့ဘူးဗျ။ ရွာထဲမှာ သူတို့ စစ်သားတွေနဲ့ပျူတွေနဲ့ပဲ ရွာထဲမှာ ဝင်နေကြတာ။ ကျနော်တို့ပြည်သူတွေကတော့ ရွာထဲမှာ တယောက်မှ မရှိဘူးဗျ။ သူတို့ပဲရှို့တာပေါ့ဗျ။ သူတို့ထွက်သွားပြီးတော့ အခုချိန်ထိအောင် ကျနော်တို့ စာသင်ကျောင်းထဲမှာလည်းနေတယ်။ ဘုန်းကြီးကျောင်း ၂ ကျောင်းမှာလည်း နေနေကြတယ်ခင်ဗျ။ ကျနော်တို့က အခုလောလောဆယ်က အကူညီပေးမယ့်အလှူရှင်ပဲ မျှော်မှန်းနေရတော့တာပေါ့ဗျာ။ ဘာမှမကျန်တော့တာ မီးနဲ့တင်ရှို့သွားတာဆိုတော့လေ။”

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ အခု ၂၀၂၂ ခုနှစ် မတ်လ ၊ ဧပြီလ နဲ့ ဇူလိုင်လတို့မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပြီး အဲ့ဒီတောအတွင်းမှာ ကျေးရွာ ၄၇ ရွာက နေအိမ် ၁,၈၀၀ နီးပါး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

လက်ရှိမှာ ခင်ဦးမြို့နယ်ထဲကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေသလို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ နေအိမ်တွေ ရာနဲ့ချီမီးလောင်ပြီး အရပ်သားတွေ သေဆုံးခဲ့ရတာတွေရှိပေမယ့် ဒီအခြေအနေတွေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]











XS
SM
MD
LG