သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ရွေးကောက်ပွဲလုပ်မယ့်အစီအစဉ် ဒေသခံကာကွယ်ရေးအဖွဲ့တွေ လက်မခံ


ရွေးကောက်ပွဲ ကော်မရှင် အမှတ်တံဆိပ် (ဓာတ်ပုံ-ရွေးကောက်ပွဲကော်မရှင်)
ရွေးကောက်ပွဲ ကော်မရှင် အမှတ်တံဆိပ် (ဓာတ်ပုံ-ရွေးကောက်ပွဲကော်မရှင်)

[[Zawgyi/]]

စစ်ရေးပဋိ့ပက္ခတွေပြင်းထန်နေတဲ့ ချင်းပြည်နယ်နဲ့စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ပြင်ဆင်စာရင်းပြုစုနေချိန်မှာ အဲဒီဒေသတွေမှာ ရွေးကောက်ပွဲလုပ်လာရင် လက်မခံဘူးလို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းသတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ကောင်စီက သူတို့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်စာရင်းကောက်ခံမှုတွေ နေရာအတော်များများမှာ ရှိလာချိန်မှာပဲ ချင်းပြည်နယ် မင်းတပ်မြို့မှာလည်း လူဦးရေသန်းခေါင်စာရင်းကောက်ယူနေတယ်လို့ သိရပါတယ်။ မူလအားဖြင့် အခုလာမယ့် ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ခေါင်းဆောင်တွေက ခန့်မှန်းပြောဆိုထားပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီက အာဏာသိမ်းယူခဲ့တာဖြစ် သလို အရပ်သားအစိုးရတာဝန်ရှိသူတွေ၊ အထူးသဖြင့် အာဏာရ NLD ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချထားပါတယ်။
CDF ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကတော့ စစ်ကောင်စီအနေနဲ့ သူတို့ဒေသတွင်း ရွေးကောက်ပွဲတွေလုပ်လာမယ်ဆိုရင် လက်ခံနိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

“ထိန်းချုပ်ထားတဲ့ ဧရိယာထဲမှာတော့ သူတို့လှုပ်ရှားနိုင်တာတွေမရှိပါဘူး။ မြို့ဧရိယာထဲမှာပေ့ါနော်။ မင်းတပ်မြို့ စည်ပင်သာယာရေး ဧရိယာအတွင်းထဲမှာတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သူတို့လုပ်ချင်တာလေးတွေ ရှိပုံရတယ်။ သန်းခေါင်စာရင်းကောက်ခံတာတွေ လူဦးရေစာရင်း ကောက်ယူတာတွေပေါ့နော်။ ဒါတွေကိုလုပ်နေတယ်လို့တော့ ကျနော်တို့ သိရတယ်။ ရွေးကောက်ပွဲကျင်းပဖို့ စကစ ဘက်ကတော့ အစွမ်းကုန်ကြိုးစားမှာပဲပေါ့နော်။ ကျနော်တို့ဘက်ကတော့ ရွေးကောက်ပွဲ လုံးဝ လက်ခံမှာမဟုတ်ဘူး။ တကယ်လို့ မဖြစ်ဖြစ်အောင် လုပ်လာရင်လည်း ရွေးကောက်ပွဲနေ့က အထမမြောက်နိုင်မယ့်နေ့ပဲ ဖြစ်မှာပေါ့။”

စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ပါ ပစ်ခတ်တာတွေ ပြုလုပ်ရတဲ့အထိ ပြင်းထန်ခဲ့တဲ့ ပုလဲမြို့နယ်ထဲမှာလည်း ရွေးကောက်ပွဲလုပ်လာမယ်ဆိုရင် ပြင်းပြင်းထန်ထန် တုံ့ပြန် သွားမယ်လို့ ပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူ ကိုဇော်ထက်က ပြောပါတယ်။ ဒါပေမယ့် သူတို့ဒေသတွင်းမှာတော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်တာမျိုးမတွေ့ရသေးဘူးလို့ ပြောပါတယ်။

“လက်ရှိအချိန်ထိပေါ့နော် ကျနော်တို့ ပုလဲနယ်အတွင်းမှာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ပြင်ဆင်နေတဲ့အနေအထားတော့ လှုပ်ရှားမှုတော့ မတွေ့သေးဘူး။ လက်ရှိအချိန်ထိပြောတာပေါ့နော်။ ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားလာမယ်ဆိုရင် ကျနော်တို့ဘက်က တုံ့ပြန်မှုတွေက ကြီးမားလာပါလိမ့်မယ်။ ကျနော်တို့ ပုလဲနယ် အနေအထားကတော့ စစ်ကောင်စီက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားတာတော့ မရှိသေးဘူး။ ကျနော်တို့လည်းစောင့်ကြည့်နေတယ်။ ပုလဲနယ်ထဲမှာ သူတို့ရွေးကောက်ပွဲလုပ်ဖို့ စီမံချက်ရေးစွဲလှုပ်ရှားလာတယ်ဆိုရင် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဘက်က ဒီ့ထက်ပြင်းထန်တဲ့ အနေအထားတွေနဲ့ တုံ့ပြန်ပါလိမ့်မယ်။”

နယ်မြေရှင်းလင်းခံခဲ့ရပြီး နေအိမ်ထောင်နဲ့ချီမီးရှို့ခံခဲ့ရတဲ့ ခင်ဦးမြို့နယ်ထဲက ဒေသခံကျေးရွာသားတဦးကတော့ လာမယ့်ရွေးကောက်ပွဲဆိုတာကို စဉ်းစားချက်ကိုမရှိသေးဘူးလို့ ပြောပါတယ်။

“အခုလောလောဆယ်မှာတော့ အိုးပျောက်အိမ်ပျောက် ပျောက်နေတဲ့အချိန်ဆိုတော့ အိမ်ရယ်ယာရယ်လို့လည်း မကပ်ရသေးဘူး။ တောထဲတောင်ထဲ ခိုကပ်နေရတုန်းဆိုတော့ အဲ့လိုဟာတွေက စဉ်းစားလို့လည်း မရသေးဘူးလေ။ ဘယ်လိုအကြပ်ကိုင်ပြီး လာမယ်ဆိုတာလည်း မသိနိုင်ဘူးပေါ့။ ရွေးကောက်ပွဲဆိုတဲ့ဟာကြီးက ရင်ထဲမှာမရှိသလို ခေါင်းထဲမှာလည်းထည့်ပြီး မစဉ်းစားချင်ပါဘူး။ စဉ်းစားလို့လည်း မရပါဘူး။ ဒီရွာတရွာလုံးက စိတ်ဝင်စားမှုလည်းမရှိသလို လုပ်ပေးမယ့်လူလည်း မရှိဘူး။”

နိုင်ငံရေးလေ့လာသူတွေကတော့ စစ်ကောင်စီအဖို့ နိုင်ငံတကာမှာတရားဝင်မှုရပြီး နိုင်ငံရေးအကျပ်အတည်းထွက်ပေါက်ရအောင် ရွေးကောက်ပွဲလုပ်တာလို့ မြင်ကြပါတယ်။ ဒါပေမယ့်လည်း အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီထောက်ခံပါဝင်မှုမရဘဲနဲ့ ရွေးကောက်ပွဲကိုနိုင်ငံတကာက လက်ခံမှာမဟုတ်ဘူးလို့လည်း ယူဆကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကတော့ ဒီရွေးကောက်ပွဲဟာ နိုင်ငံရေးလှည့်ကွက်တခုဖြစ်ပြီး ပြည်သူတရပ်လုံးက ဆန့်ကျင်ဖို့လိုတယ်လို့တယ်လို့ ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]











XS
SM
MD
LG