[[Zawgyi/Unicode]]
လူမှုအခွင့်အရေးတွေအတော်များများပေးထားပြီး ကမ္ဘာပေါ်မှာ အတိုးတက်ဆုံးဖွဲ့စည်းပုံတခုဆိုပြီးတင်စားကြတဲ့ ချီလီနိုင်ငံဖွဲ့စည်းပုံအသစ် အဆိုပြုတာကို ချီလီမဲဆန္ဒရှင်တွေ ပယ်ချလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၄၁ နှစ်က ချီလီအာဏာရှင်ဗိုလ်ချုပ်ကြီး Augusto Pinochet (သြဂတ်စ် တို ပီနာရှေး) ရေးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနေရာမှာ ဒီ ဥပဒေသစ်ကို အစားထိုးဖို့ ရည်ရွယ်တာပါ။ ဒီဖွဲ့စည်းပုံသစ်ကို လက်ရှိ လက်ဝဲသမ္မတ Gabrial Boric (ဂါဘရီရဲလ် ဘောရစ်(ချ်) က ထောက်ခံထားပြီး အဲဒီထဲမှာတော့ လူမှုအခွင့်အရေးသစ်တွေပေးထားသလို လူမှုဖူလုံရေးအစီအစဉ်တွေအတွက် အစိုးရတာဝန်ယူရမယ့်အပိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြထားပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းတွေကိုလည်း ဖော်ပြထားတာပါ။
လူထုဆန္ဒခံယူပွဲရဲ့မဲ ၉၉ ရာခိုင်နှုန်းရေတွက်ပြီးချိန်မှာတော့ မဲဆန္ဒရှင် ၆၁ ရာခိုင်နှုန်းက ဒီဖွဲ့စည်းပုံအဆိုပြုချက်ကို ပယ်ချထားတယ်လို့ ချီလီ အာဏာပိုင်တွေက ပြောပါတယ်။ မဲဆန္ဒရှင် ၃၈ ရာခိုင်နှုန်းကျော်လောက်ပဲ ဒီဖွဲ့စည်းပုံကို ထောက်ခံခဲ့ကြတာပါ။ ဖွဲ့စည်းပုံသစ်ရေးဆွဲဖို့ဆိုပြီး ချီလီမဲဆန္ဒရှင် ၈၀ ရာခိုင်နှုန်းနီးပါးက ၂၀၂၀ တုန်းက မဲပေးခဲ့ကြတာပါ။ ဒါကြောင့် ဖွဲ့စည်းပုံသစ် ရေးဆွဲဖို့ဆိုတာကတော့ ဆက်ပြီး လုပ်ရမယ့်ကိစ္စဖြစ်တယ်လို့ ဖွဲ့စည်းပုံအတည်ဖြစ်ရေးအဖွဲ့ရဲ့ ပြောခွင့်ရသူ Karol Cariola က တနင်္ဂနွေနေ့က ပြောပါတယ်။
ဖွဲ့စည်းပုံအသစ်ဆက်ပြီး ရေးဆွဲနိုင်ဖို့ ချီလီလူမှုအဖွဲ့တွေ နိုင်ငံရေးသမားတွေနဲ့အတူ လက်တွဲဆောင်ရွက်သွားမယ်လို့ သမ္မတ Gabriel Boric က တနင်္ဂနွေနေ့ လူထုဆန္ဒခံယူပွဲအပြီး ပြောခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကလည်း ဖွဲ့စည်းပုံအသစ်ဖြစ်လာဖို့ ဆက်ပြီး ကြိုးပမ်းသွားကြမယ်လို့ ကတိပြုကြပါတယ်။
အခု ရှုံးနိမ့်သွားတဲ့ ဖွဲ့စည်းပုံထဲမှာတော့ အခမဲ့ပညာရေးစနစ်၊ အခမဲ့ ကျန်းမာရေးစနစ်နဲ့ အိုးအိမ်စနစ်တွေကိုလည်း ထည့်သွင်းထားတာပါ။ ဒါ့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဌာနတိုင်းရင်းဒေသတွေကိုလည်း သတ်မှတ်ပေးထားပါတယ်။
===============
[[Unicode]]