သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုနဲ့အတူ မတည်ငြိမ်တဲ့စီးပွါးရေးအခြေအနေ


ဘဏ်တခုဆီပို့ပေးဖို့ပြင်နေတဲ့ မြန်မာငွေများ။ (အောက်တိုဘာ ၁၉ ၊ ၂၀၁၅/ ရိုက်တာ)
ဘဏ်တခုဆီပို့ပေးဖို့ပြင်နေတဲ့ မြန်မာငွေများ။ (အောက်တိုဘာ ၁၉ ၊ ၂၀၁၅/ ရိုက်တာ)

[Zawgyi/Unicode]

ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေလဲလှယ်နှုန်းမှာ မြန်မာကျပ်ငွေတန်ဖိုးဟာ တရက် တည်းမှာတင် သုံးကြိမ်လောက်ပြောင်းလဲနေပြီး တန်ဖိုးတောက်လျှောက် ကျဆင်းလာတယ်လို့ ဘတ်ငွေနဲ့ အလုပ်လုပ်နေတဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။ စီးပွားရေးမတည်ငြိမ်မှုကို စိုးရိမ်လာတဲ့ငွေရှင်တွေဟာ တန်ဖိုးခိုင်မယ်တယ်လို့ သူတို့ယုံကြည်တဲ့ ရွှေနဲ့ အမေရိကန်ဒေါ်လာအပြင် ထိုင်းဘတ်ငွေကိုဝယ်ယူတာ၊ ထိုင်းနိုင်ငံမှာ အိမ် ၊ခြံ၊မြေ ရင်းနှီးမြှုပ်နှံနေတာကြောင့် ဆက်စပ်တန်ဖိုးတွေ ဈေးဆက်တက်နေတာပါ။ ရန်ကုန်ကပေးပို့တဲ့ဒီသတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ဒီနေ့ ဩဂုတ်လ၂၆ ရက် နေ့လယ်ပိုင်း ပြင်ပငွေလဲနှုန်းမှာ ဘတ်ငွေ ၁,၂၀၀ ကို မြန်မာကျပ်ငွေ တသိန်းဖြစ်လာပါတယ်။ ထိုင်းငွေတဘတ်ကို ၉၀ ကျပ်ဖြစ်လာတာပါ။ ပြည်တွင်း စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်တဲ့ မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေးတွေကို တရုတ်နိုင်ငံအပြင် ထိုင်းဘက်ကလည်း တင်သွင်းရပါတယ်။ ဒီဈေးနှုန်းတွေကြောင့် မဖြစ်မနေစိုက်ပျိုးတဲ့ တောင်သူတွေကလွဲပြီး ကျန်တဲ့သူတွေရဲ့ ဝယ်လိုအားကတော့ ကျသွားပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးပစ္စည်းတင်သွင်းဖို့ အခက်အခဲဖြစ်လာကြောင်း နယ်စပ်လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" တက်မယ်ဆိုရင် ကျနော်တို့ စိုက်ပျိုးရေးသမားတွေက တောင်သူနဲ့ဆက်ဆံရတာကိုး။ သူတို့အတွက် အခက်အခဲဖြစ်တာကိုး။ ဖြစ်တဲ့အခါကျတော့ ထိုင်းဈေးတက်တိုင်း ကျနော်တို့လိုက်တက်လို့ မရဘူးပေါ့နော်။ အရင်းပါရုံလောက်၊ အရင်းကျန်ရုံလောက် ထိန်းပြီးတက်နေရတာ။ တခါဝယ်ရင်း တခါရှုံးရင်းဖြစ်နေတာပေါ့ လောလောဆယ်က။ တအားတက်လာရင်တော့ ရပ်ရမှာဗျ၊ လုပ်ငန်းကရပ်ရမှာ။"

အမေရိကန်ဒေါ်လာကတော့ ဒီနေ့ ပြင်ပကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေးကွက်မှာ တဒေါ်လာကို ကျပ် ၃,၀၀၀ ကျော်လာပြီဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေက ငွေတန်ဖိုးကျတာ တခုတည်းတင်မဟုတ်ဘဲ ငွေကြေးဖောင်းပွတဲ့ ကြီးမားတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ အထွေထွေအိမ်ဆောက်ပစ္စည်း သွင်းကုန်လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" လက်ရှိမှာ ငွေဈေးပြောင်းလဲမှုတွေက တောက်လျှောက်ဖြစ်လာတယ်ပေါ့၊ မနေ့ကလောက်ကတည်းက စပြီးဖြစ်တဲ့ပြဿနာပေါ့။ ဒီနေ့ဆိုရင် သိသိသာသာကြီးဆိုးရွားတဲ့ အနေအထားတခုကို စတွေ့ရတာပေါ့။ တင်သွင်းတဲ့သူတွေ ပြန်ရောင်းတဲ့ လက်လီရောင်းချသူတွေက ရောင်းလိုက်ရင်လည်းရှုံး၊ ပြန်ဝယ်တဲ့အခါလည်းရှုံးဆိုတော့ လုံးပါးပါးနေတဲ့ အနေအထားတခုကို ကြုံရတာပေါ့။"

အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်က ထိန်းချုပ်ပြီးတဲ့နောက် ပြည်တွင်းမှာ ဒေါ်လာရှားပါးတဲ့ပြဿနာ ဖြစ်ပေါ်ခဲ့ပြီး ကုန်ဈေးနှုန်းကလည်း တောက်လျှောက်တက်လာပါတယ်။ ပို့ကုန်လုပ်ငန်းရှင်တွေရလာတဲ့ အမေရိကန်ဒေါ်လာထဲက ၃၅ ရာခိုင်နှုန်းကို လွပ်လပ်စွာသုံးစွဲခွင့်ပြုမယ်ဆိုပြီး ဗဟိုဘဏ်က မကြာသေးခင်က ဖြေလျှော့ပေးခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာကတော့ ပြေလည်သွားမှာမဟုတ်ဘူးလို့ သွင်းကုန် လုပ်ငန်းရှင်က ဆက်ပြောပါတယ်။

" တဘက်မှာကလည်း နိုင်ငံတော်အနေနဲ့ကလည်း ၃၅ ရာခိုင်နှုန်း ပြန်ပေးသုံးတယ် ဆိုတာ တကယ့်တကယ်ကတော့ နာမည်ပဲရှိတာပေါ့။ သုံးလို့ရတဲ့ အနေအထားတခုမှာ မရှိဘူးပေါ့။ အဲဒီပြဿနာတွေက ကျနော်တို့ လုပ်ငန်းရှင်တွေ ခံရတယ်ပေါ့။ လုပ်ငန်းရှင်ခံရတာ စားသုံးသူခံရတာနဲ့လည်း အတူတူပဲလို့ ဒါပြောလို့ရတာပေါ့။"

ပြည်တွင်းမှာ ရွှေပြင်ပပေါက်ဈေးကလည်း ဆက်တက်နေပြီး တကျပ်သားကို ကျပ်၂၈ သိန်းအထက်မှာ ရှိပါတယ်။

မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ အိမ်ရာဝယ်ယူတာတွေ များလာတာကလည်း ကျပ်ငွေ- ဘတ်ငွေလဲလှယ်တာမှာ အပြောင်းအလဲဖြစ်ခဲ့တယ်လို့ လုပ်ငန်းရှင်တွေက ခန့်မှန်းပါတယ်။ အမည်မဖော်လိုတဲ့ အိမ်ခြံမြေလုပ်ငန်းရှင်တဦးကတော့ ထိုင်းနိုင်ငံမှာ အိမ်ရာဝယ်ယူဖို့ စိတ်ဝင်စားသူက ဩဂုတ်ထဲမှာ ပိုပြီးများလာတယ်လို့ ဗွီအိုအေကိုပြောပါတယ်။ ဗဟိုဘဏ်ကတော့ ဒေါ်လာအရောင်းအဝယ် ပြုလုပ်တာကို ထိန်းချုပ်ထားဆဲဖြစ်ပြီး ရည်ညွှန်းငွေလဲနှုန်းကိုလည်း တဒေါ်လာကို ၂,၁၀၀ ကျပ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[Unicode]











XS
SM
MD
LG