သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူ-ကိုးတောင်ဘို့ရွာအနီးတိုက်ပွဲ စစ်ကောင်စီလေကြောင်းကတိုက်ခိုက်


ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာ
ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာ

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့မှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့တပ်စခန်းတခုကို ဒီကနေ့ မနက် ၁ နာရီဝန်းကျင်လောက်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြရာမှာ စစ်ကောင်စီဘက်က တိုက်ခိုက်ရေးဂျက်လေယာဉ် ၂ စင်းနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် ဆုတ်ခွာခဲ့ရပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးကျဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ကိုးတောင်ဘို့ရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီရဲ့တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက် မနက် ၁ နာရီဝန်းကျင်လောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကန့် ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ရေးတာဝန်ခံက VOA ကို ပြောပြပါတယ်။ ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က တိုက်ခိုက်ရေးဂျက်လေယာဉ် ၂ စီးနဲ့တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က တဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့သလို စစ်ကောင်စီရဲ့ တပ်စခန်းကိုလည်း မသိမ်းယူနိုင်ခဲ့ဘူးလို့ စစ်ရေးတာဝန်ခံက ပြောပါတယ်။

“ဒီနေ့မနက် ၁ နာရီလောက်က စပြီးတော့ ပစ်ခတ်ကြတာပေါ့နော်။ ၃ နာရီ ၅၀ မှာကျ ဂျက်ဖိုက်တာ ရောက်လာတာ။ ဂျက်ဖိုက်တာက ၂ စီး၊ ၄ နာရီမှာ တစီး (ရောက်လာတယ်)။ ဂျက်ဖိုက်တာရောက်လာတော့ စခန်း ရလုရချင်မှာ အကုန်ပြန်ဆုတ်ပေးလိုက်ရတယ်။ တိုက်ပွဲအခြေအနေကတော့ ကိုယ့်ဘက်ကတော်တော်လေး စခန်းနား အခြေတက်နေပြီးပေါ့နော။ လက်မတင်လေးမှာ ဂျက်ဖိုက်တာရောက်လာတော့ ကျနော်တို့ ဘာမှလုပ်မရတော့ဘူးဆိုတော့ အကုန်ရှောင်ရတော့တာပေါ့၊ သူတို့က ဗုံးကြဲမှာကိုး။ ဒီဘက်ကတော့ ၄ ဦး ဒဏ်ရာ ရတယ်။ တဦးကျဆုံးတယ်ပေါ့။ PDF ဘက်က ကလေးတွေ။ ကျနော်တို့မှာက စခန်းသိမ်းတဲ့အနေအထားမှာ ဒီ လေကြောင်းရန်အတွက်ကိုလည်း ကျနော်တို့က အမြဲတမ်း ထည့်တွက်နေရတဲ့အတွက် စိတ်လိုက်မာန်ပါ လုပ်ချင်တိုင်းလုပ်လို့မရဘူးပေါ့၊ အဲ့ဒါကတော့ ကျနော်တို့ဘက်က အားနည်းချက်ပေါ့။ အဲ့တော့ အချိန်အကန့်အသတ်နဲ့ အလုပ်လုပ်မှ၊ အချိန်တိုအတွင်းမှာ ပြတ်ပြတ်သားသား လုပ်နိုင်ရင်လုပ်နိုင်၊ မလုပ်နိုင်ရင်ရခါနီးကျမှ လက်လွတ်ခဲ့ရတာတွေ ခုလိုမျိုး ဖြစ်တာပေါ့နော။”

ကိုးတောင်ဘို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတွေ နယ်မြေရှင်းလင်းပြီး ကျေးရွာတွေကို မကြာခဏ မီးရှို့တဲ့အခြေအနေကိုလည်း ခုလို ပြောပြပါတယ်။

“သူတို့က ထွက်ထွက်ပြီးတော့ ရွာတွေကို အကုန်မီးရှို့တာ။ ကိုးထောင်ဘို့တခွင်လုံးလည်း ပြောင်သလင်းခါသလို ဖြစ်နေပြီ။ ဒီဘက်မှာဆိုရင် မီးမရှို့ခံရတဲ့ရွာရယ်လို့ ရှိမှမရှိတော့တာ။ တချို့ ရွာတွေဆိုရင် ရွာလုံးကျွတ်၊ ရွာလုံးပျောက်ကို ဖြစ်သွားတာပဲ။ ကျနော်တို့ ဒီဘက်ကို ထဲထဲဝင်ဝင် ဆိုင်ကယ်တစီးစီးပြီး သွားကြည့်လိုက်၊ မီးရှို့ခံမထားရတဲ့ ရွာကို မရှိသလောက်ပဲ။”

စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေကြောင့် ကန့်ဘလူနယ်ထဲက ကျေးရွာတွေက ဒေသခံ သောင်းနဲ့ချီဟာ တောတွေထဲမှာ ပုန်းခိုနေကြရပြီး စစ်ကိုင်းတိုင်းအတွင်းမှာလည်း စစ်ဘေးရှောင်တွေဟာ တဖြည်းဖြည်း ပိုပြီး တိုးလာနေပါတယ်။ ကိုးထောင်ဘို့ရွာ စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ သတင်းပြန်ကြားရေးက တစုံတရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေရှိသလို စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတာတွေလည်းရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]









XS
SM
MD
LG