သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ စစ်ကိုင်းတိုင်းက တောင်သူတွေရဲ့ အခက်အခဲ


Sagaing စစ်ကိုင်း / စစ်ကိုင်းတိုင်း
Sagaing စစ်ကိုင်း / စစ်ကိုင်းတိုင်း

[[Zawgyi/Unicode]]

မြန်မာစစ်တပ် နယ်မြေရှင်းလင်းရေးတွေ လုပ်နေတဲ့ စစ်ကိုင်းတိုင်းက ဒေသခံတောင်သူတွေအနေနဲ့ လက်နက်ကိုင် ပဋိပက္ခ တိုက်ပွဲတွေအပြင် ရာသီဥတု မမှန်ကန်တာ ဓာတ်မြေသြဇာ ဝယ်ယူ မရရှိတာတွေကြောင့် စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အခက်တွေ့နေရပါတယ်။ စစ်ကိုင်းဒေသခံ တောင်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်း သတင်းပေးပို့ချက်ကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးထိုးစစ်တွေမှာ မြေပြင်က ထိုးစစ်တွေအပြင် လေကြောင်းကပါ တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့တိုက်ပွဲတွေကြား စိုက်ပျိုးရေးကို အဓိက အားထား အသက်မွေးကြတဲ့ ဒေသခံတောင်သူတွေဟာ သူတို့ရပ်တည်ရေးအတွက် လုပ်ငန်းတွေကို ကောင်းကောင်းမွန်မွန် မလုပ်နိုင်ကြပါဘူး။ ဒီကြားထဲမှာ ရာသီဥတု မမှန်ကန်တာတွေကြောင့် အပိုအလျံမရှိဘဲ စားလောက်ယုံလောက်ပဲ စိုက်ပျိုး နေရတယ်လို့ မင်းကင်းမြို့နယ်က တောင်သူတဦးက ပြောပါတယ်။

“တောင်သူတွေမှာ လယ်တွေက ပိုးတွေတအားကျနေတာ။ ရာသီဥတုဖောက်ပြား တော့ ကျတာပေါ့။ ရွာတဲ့အခါအတင်းရွာပြီးမှ ပြတ်တဲ့အခါလည်း တအားပြတ်၊ နေကအတင်းပူနဲ့ အဲ့လိုတွေဖြစ်နေတာ။ အဲ့တော့ သူတို့ စစ်ကြောင်းထိုးလာရင် လူတွေက အလွတ်ပုန်းရှောင်ရတာပေါ့။ ကျွဲနွားတွေကို တောတောင်တွေထဲ လွှင့်ပစ်ပြီးမှ အဲ့ဒါတွေကြောင့် စိုက်ခင်းတွေကို ဂရုမစိုက်နိုင်တာပေါ့။ မိမိဝမ်းစာလောက်ပဲ စိုက်ကြ ပျိုးကြရတာတော့တာပေါ့။”

အခုလို အခက်အခဲတွေအပြင် စိုက်ပျိုးရေးမှာ အဓိက မရှိမဖြစ်လိုအပ်တဲ့ ဓာတ်မြေသြဇာ ဝယ်ယူဖို့လည်း အခက်အခဲတွေ ရှိနေပါတယ်။ နယ်မြေ အေးချမ်းမှုမရှိတော့တဲ့အတွက် ဓာတ်မြေသြဇာ ဖြန့်ဖြူးတဲ့ ကုမ္ပဏီတွေလည်း မရှိတော့သလို ဝယ်ဖို့ လည်း မလွယ်တော့ဘူးလို့ မြောင်က ဒေသခံ တောင်သူ တယောက်က ပြောပါတယ်။

“စိုက်ကြပျိုးကြတာမှာ မြေသြဇာတွေကလည်း မသုံးလို့မရဘူးလေ။ အဆင်မပြေတော့ အခုဆိုရင် မြေသြဇာတွေဆိုရင်လည်း ကြာလှပြီ။ မြေသြဇာဆိုရင် အသွင်းမခံတာပေါ့။ ဝယ်ဖို့လည်းခက်တယ်။ ရောင်းတဲ့ဆိုင်တွေကလည်း မရှိကြတော့ဘူး။ မြောင်နယ်ထဲမှာ။ အရင်က မြေသြဇာတွေဆိုရင် ကုမ္ပဏီတွေကနေ သွင်းတယ်။ စိုက်ခင်းသမားတွေဆီကိုပို့တယ်။ ပြီးရင် ပဲပေါ်တဲ့အချိန်မှ ပိုက်ဆံ ပြန်ယူတာပေါ့။ အခုက အဲ့လိုလုပ်တဲ့ ကုမ္ပဏီတွေလည်း မရှိတော့ဘူး။ ကိုယ့်ဘာသာဝယ်သုံးဖို့ လည်း ဆိုင်တွေက မရှိတော့ဘူး။ ရှိတဲ့ဆိုင်တွေကလည်း မရောင်းရဲတော့ဘူး။ ရောင်းရပြန်တော့လည်း လမ်းပန်းဆက်သွယ်ရေးက လွယ်လွယ်နဲ့ သယ်မရတော့ဘူး။ အဲ့အခက်အခဲတွေက တနယ်လုံး ကြုံနေရတာ။”

ဒေသခံ PDF တပ်ဖွဲ့တွေ ခိုလှုံပြီး အကြမ်းဖက်မှုတွေ ကျုးလွန်နေတယ်လို့ မြန်မာစစ်တပ်ဘက်က စွပ်စွဲထားပါတယ်။ ဓာတ်မြေသြဇာမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ မိုင်းတွေပြုလုပ်ရာမှာ ကုန်ကြမ်းအဖြစ် ပါဝင်တယ်လို့ ယူဆပြီး ဓါတ်မြေသြဇာ တင်သွင်းတာကို ကန့်သတ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံ တချို့က ခန့်မှန်းပါတယ်။

တချိန်တည်းမှာ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွက် နေအိမ်တွေမီးရှို့ခံရပြီး စိုက်ပျိုးရာသီရောက်ရှိချိန် စိုက်ပျိုးဖို့ စုဆောင်းထားတဲ့ မျိုးစေ့တွေလည်း မီးထဲပါသွားတယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။ ဒါကြောင့် လာမယ့်နှစ်မှာ သီးနှံအထွက် သိသိသာသာ လျော့နည်းမယ်လို့ တောင်သူတွေက ခန့်မှန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]









XS
SM
MD
LG