သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောင်နဲ့ပုလဲမြို့နယ်တွေမှာ PDF နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဆက်ဖြစ်


စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ် နဲ့ ပရိမ္မကျေးရွာများ။ (Crd: MIMU)
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ် နဲ့ ပရိမ္မကျေးရွာများ။ (Crd: MIMU)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ထဲမှာ နယ်မြေ ရှင်းလင်းရေးလုပ်လာတဲ့ မြန်မာစစ်တပ် နဲ့ ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး လေကြောင်းကနေပါပစ်ခတ်ခဲ့သလို အရပ်သားသေဆုံး ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။ မြောင်မြို့နယ်မှာလိုပဲ ပုလဲမြို့နယ်မှာလည်း မြန်မာစစ်တပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲအခြေအနေ ရန်ကုန်ကသတင်းပေးပို့ချက်ကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်နဲ့ ပရိမ္မ ကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ အောက်တိုဘာ ၂၈ ရက်မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

မြန်မာစစ်တပ်ဘက်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် ဒေသခံတချို့ လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ ပရိမ္မ ကျေးရွာဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“ကျောက်ရစ်နယ်မြေရဲစခန်းကနေပြီးတော့ ထွက်လာတဲ့ စကစ တွေပေါ့။ ဒီအတိုင်းပဲရမ်းသမ်းပြီး ပစ်ခတ် ဝင်လာတာဆိုတော့ ကျန်တဲ့ကိုယ့်ဘက်ကအဖွဲ့တွေက ပြန်ပြီးတော့ သူတို့ကို ခုခံတိုက်ခိုက်မယ်ဆိုပြီးတော့ ရည်ရွယ်ထားသလိုဖြစ်ပြီးတော့ ဝိုင်းထားသလိုဖြစ်တာ နမခ လေဆိပ်ကနေ Mi17 ပေါ့ လေယာဉ်ပေါ်ကနေ ပစ်တာတွေဘာတွေရှိတယ်။”

တိုက်ပွဲမှာ PDF တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရကြောင်းပြောပေမယ့် ထိခိုက်ဒဏ်ရာရတဲ့သတင်းတွေနဲ့ပတ်သက်လို့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း မြောင်မြို့နယ်မှာဖြစ်တဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

အောက်တိုဘာ ၂၇ ရက်နေ့ကလည်း မြောင်မြို့အထွက်လမ်းမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ကို မြောင်ဒေသခံ လက်နက် ကိုင်အဖွဲ့တခုက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်တဲ့ ဗွီဒီယိုတွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး မြန်မာစစ်တပ်ဘက်က ၅ ဦးကျဆုံးတယ်လို့ တိုက်ခိုက်သူတွေဘက်က ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို သီးခြား အတည်ပြုချက်လည်း မရသေးပါဘူး။

ဒီအတောအတွင်း ပုလဲမြို့နယ် ဖလံပင်ကျေးရွာကို မြန်မာစစ်တပ်က အောက်တိုဘာလ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ ၂ ရက် ဆက်ပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ၂၆ ရက်နေ့မှာတော့ ပုလဲမြို့ PDF တပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးရုံးကို လေကြောင်း ဝင်ရောက်စီးနင်းပြီး နောက်နေ့မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့တာပါ။ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက အခုလိုပြောပြပါတယ်။

“လေကြောင်းနဲ့လာပြီး ၁၀ နာရီမှာ လာပစ်တယ်ခင်ဗျာ။ ပစ်ပြီးတော့ ဒီကောင်တွေပြန်ခွါသွားချိန်မှာ ဒီဘက်ကအဖွဲ့က ပြန် တိုက်တယ်။ သူတို့အင်အားမလောက်တဲ့အခါမှာ ၁၁ နာရီမှာ နောက်တခါလာပြီးထပ်ကူတယ်။ ဒီဘက်ကလည်း ပြန်ဆုတ် တယ်။ ဆုတ်ပြီး ပြန်ချဉ်းကပ်မှုယူတဲ့အချိန်မှာ ညနေ ၂ နာရီလောက်မှာ လေယာဉ်နဲ့ နောက်တခါ ၃ စီးလာတယ် ခင်ဗျ။ ရှင်းလင်းရေးဝင်တဲ့အချိန်မှာ ကျနော်တို့အနီးကပ်ဝင်တဲ့အချိန်မှာ အလောင်း ၄ လောင်း Dead Body တွေ့ထားတယ်။ သေတဲ့အလောင်းတွေက ကျနော်တို့ PDF တွေ။ စစ်ကောင်စီတပ်တွေက မရှိတော့ဘူး။ မနေ့က ၄ နာရီလောက် ၃ နာရီလောက်မှာ ရဟတ်ယာဉ်နဲ့ ခေါ်သွားတယ်ခင်ဗျ။”

၂ ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ဖလံပင်ကျေးရွာအပြင် အနီးနားက ကျေးရွာတော်တော်များများက ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး ကျေးရွာတွေကို မပြန်နိုင်ကြသေးပါဘူး။

ဒီဒေသမှာ ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့တွေ ခြေကုတ်ယူပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ စစ်ကောင်စီဘက်က လေကြောင်းကရော မြေပြင်ကပါ နယ်မြေရှင်းလင်းရေး ထိုးစစ်တွေ မကြာခနလုပ်နေပြီး အပြန်အလှန်တိုက်ခိုက်တဲ့ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]












XS
SM
MD
LG