သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းမှာ အခြေခံကုန်တွေ သယ်ဆောင်ဖို့ခက်ခဲ 


Sagaing စစ်ကိုင်း / စစ်ကိုင်းတိုင်း
Sagaing စစ်ကိုင်း / စစ်ကိုင်းတိုင်း

[[Zawgyi/Unicode]]

တိုက်ပွဲတွေရှိနေတဲ့ စစ်ကိုင်းတိုင်းမှာ အခြေခံစားသောက်ကုန် ဈေးနှုန်းမြင့်တက်နေပြီး စစ်တပ်ဘက်က လုံခြုံရေးအကြောင်းပြ လမ်းတွေပိတ်ထားတာကြောင့် လမ်းခရီး သွားလာရတာ၊ ကုန်ပစ္စည်းသယ်ယူရတာတွေ ပိုပြီး ခက်ခဲလာတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ ဆေးဝါး စားသောက်ကုန်တွေ သယ်ယူရခက်ခဲတဲ့ကြား တိုက်ပွဲဖြစ်ပွားတဲ့နေရာတချို့မှာ ကုန်ပစ္စည်းတွေကို စစ်တပ်ဘက်က သိမ်းယူတွေလည်း ရှိနေတယ်လို့ အသိမ်းခံရသူတချို့က ပြောပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မြန်မာစစ်တပ်နဲ့ PDF ဒေသခံ လက်နက်ကိုင်အဖွဲ့တွကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းထဲမှာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ဓာတ်ဆီဈေးနှုန်းတွေ မြင့်တက်နေတဲ့အချိန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် အခြားဒေသကနေ သယ်ယူရတဲ့ကုန်ပစ္စည်းတွေ အဓိက ဈေးတက်နေတယ်လို့ ကနီဒေသခံတဦးက ပြောပါတယ်။

“သာမန်အချိန်ထက် အရင်တုန်းကထက် ၂ ဆ ၃ ဆ တက်တာတွေရှိတယ်။ ၁၀ ဆ လောက်တက်တာတွေရှိတယ်။ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ကြမ်းဆိုရင် ၁ တင်းကို ၆ သောင်းလောက်ပေးရတယ်။ ဆီဆိုရင် ၁ ပုံးကို ၄/၅ သောင်းပေးရတဲ့ဟာ အခု ၁ သိန်း ၆ သောင်း၊ ၁ သိန်း ၇ သောင်းလောက် ပေးရတာပေါ့ဗျာ။ အရင်ကဆိုရင် ၁၅၀ တန် ပတ်တီး ၁ လိပ်ကို (အခု) ၁,၆၀၀ ပေးပြီးဝယ်နေရတယ်။ အဓိက တခြားဒေသကနေ ပို့တဲ့ ပစ္စည်းတွေပေါ့။ ဆန်တွေ၊ ဆီတွေ၊ ဆားတွေ စသည်အားဖြင့် ဆေးတွေ... ဆေးကတော့ တော်တော်ဈေးတက်တယ်။ ဒါတွေက တအား ဈေးအတက်ဆုံးပေါ့။”

အလုပ်အကိုင်တွေ ရှားပါးတဲ့ကြား ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်တဲ့ဒဏ် ကို ဒေသခံတွေနဲ့စစ်ဘေးရှောင်တွေ ရင်ဆိုင်ရပြီး အခက်အခဲကြုံရချိန်၊ ကုန်ပစ္စည်း သယ်ယူရတဲ့ အခက်အခဲတွေလည်း အရင်ကထက် ပိုတိုးလာပါတယ်။ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားတဲ့ မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းကနေ ပေါက်မြို့ပေါ်ကို သွားလာတာတွေ၊ ကုန်ပစ္စည်းသယ် တာတွေကို စစ်တပ်က ကန့်သတ်ထားတာကိုလည်း ဒေသခံတဦးက ပြောပြပါတယ်။

“အုန်းတောတံတားပေါ့။ အဲ့တံတားကို ဖြတ်ပြီးမှ တဘက်ကို သွားလို့ရမှာ တံတားကလည်း အဲ့တံတား တခုတည်းရှိတာ။ အဲ့တံတားထိပ်က ရွာမှာ တပ်ထိုင်ထားပြီးတော့ ဒီဘက်က လာတဲ့သူတွေကိုလည်းဖမ်းတယ်။ အဲ့ဘက်(ပေါက်မြို့ပေါ်) ကနေ ဈေးလာရောင်းတာ ဒီဘက်ကို လာမယ့်သူတွေကို မသွားရဘူးလို့ ခြိမ်းခြောက်တယ်။ ဆေးဝါးတွေကို လုံးဝ... ဆေးဝါးမှ မဟုတ်ပါဘူး၊ ဘယ်ကုန်ပစ္စည်းမှ အလာကိုမခံတော့ဘူး၊ ကျနော်တို့ဆီကို။”

အခုလိုတားဆီးပိတ်ပင်တာတွေရှိပြီး လမ်းခရီးခက်ခဲလာတဲ့အတွက် အရင်က ကျပ် ရာဂဏန်းလောက်သာရှိတဲ့ ဆေးမျိုးက အခုဆိုရင် ကျပ် ၃ ထောင် ပေးရတဲ့အထိ ဖြစ်လာပါတယ်။ ဆေးဝါးဈေးကြီးတဲ့အတွက် ကျန်းမာရေး ကုသရ အခက်အခဲရှိတဲ့အကြောင်း ပေါက်ဒေသခံ တဦးက ပြောပါတယ်။

“လက်လုပ်လက်စားသမားတွေကျတော့ စားဖို့သောက်ဖို့ကို အဆင်မပြေတော့ ကျန်းမာရေးပိုင်းကို အချိန်မှီကုစားဖို့ အဆင်မပြေ အဲ့လိုတွေဖြစ်တာပေါ့။ အချိန် ကာလကလည်းကြာလာတယ်။ လုံးပါးပါးနေကြတာ ကုန်ဈေးနှုန်းတွေကလည်း မြင့်တက်၊ ဝင်ငွေကမရှိ အဲ့လိုတွေဖြစ်နေတာ။”

စစ်ကောင်စီနဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားတဲ့နေရာတွေကို ကုန်ပစ္စည်းတွေ သယ်ဆောင်မယ်ဆိုရင် စစ်တပ် စစ်ဆေးရေးဂိတ်တွေေဆေးဝါး၊ လျှပ်စစ်ပစ္စည်း၊ လက်ဖက် စတဲ့ စားသောက်ကုန်တွေကို သိမ်းဆည်းလေ့ရှိတယ် လို့လည်း ဒေသခံတချို့က ပြောပါတယ်။ ဒီဒေသတွေမှာ PDF တပ်ဖွဲ့တွေ ခြေကုပ်ယူပြီး အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားပါတယ်။ ဒေသခံတွေသယ်လာတဲ့ စားသောက်ကုန်နဲ့ အသုံးအဆောင်တွေ PDF အဖွဲ့တွေလက်ထဲ ရောက်နိုင်တယ်လို့ ယူဆပြီး စစ်တပ်က သိမ်းဆည်းနေပုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]










XS
SM
MD
LG