သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲငြိမ်သက်ပေမယ့် ကလေးမြို့နယ် စစ်ဘေးရှောင်တွေ လုံခြုံမှုကင်းမဲ့နေ


kalay city ကလေးမြို့
kalay city ကလေးမြို့

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ ပြီးခဲ့တဲ့မေလကတည်းက စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ကျေးရွာအတော်များများက ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးကြရပါတယ်။ စစ်ကောင်စီတပ်တွေ ရွာထဲဝင်ပြီးနောက် နေအိမ်မီးရှို့တာခံရသလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်လာတာပါ။ တိုက်ပွဲတည်ငြိမ်စပြုလာတဲ့ လက်ရှိအချိန်မှာ တချို့ဒေသခံတွေ နေအိမ်ပြန်လာနိုင်ပေမယ့် တချို့ ဒေသခံတွေကတော့ တောတောင်ထဲ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေကြဆဲဖြစ်ပါတယ်။ ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးဒုက္ခသည်အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ မေလထဲက ကလေးမြို့နယ်တောင်ပိုင်း ကျေးရွာတွေဘက် စစ်ကောင်စီတပ်တွေ စစ်ကြောင်းဆင်း ဝင်ရောက်ခဲ့ပြီးနောက် ကျေးရွာနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတယ်လို့ ရွာခံတွေက ပြောဆိုကြပါတယ်။ အဲ့ဒီနောက် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နှစ်ဘက် ထိတွေ့တိုက်ပွဲတွေ ဖြစ်လာပြီး ရေရှင်ကျေးရွာ၊ အရှေ့စီးကျေးရွာ၊ ရှားဖိုကျေးရွာစတဲ့ ပတ်ဝန်းကျင်ကျေးရွာက ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေကြရပါတယ်။

တိုက်ပွဲတည်ငြိမ်စပြုလာလို့ တချို့ဒေသခံတွေက နေအိမ်ပြန်လာကြတာ တလလောက်ရှိနေပါပြီ။ ဒါပေမယ့် ရွာလုံးကျွတ်မီးရှို့ခံရတဲ့ ရေရှင်ကျေးရွာနဲ့ အရှေ့စီးကျေးရွာ ဒေသခံတချို့က ပြန်စရာနေအိမ်မရှိဘဲ တောတောင်ထဲမှာ ခိုလှုံနေကြဆဲဖြစ်တယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ရေရှင်ကတော့ ဘယ်သူမှပြန်လို့မရဘူး။ သူတို့ရွာလည်း ဘာမှမကျန်တော့ဘူးဆိုတော့ အရှေ့စီးကတော့ ၃ ပုံ ၂ ပုံလောက်ကတော့ ပြန်လာကြပြီဗျ၊ ပြန်လာပြီးမှ ဘေးက ကျေးရွာထဲကနေပြီးတော့မှ အိမ်အသေးလေးတွေ ဆောက်ပေးကြတယ်။ ရှိတဲ့ဟာလေးနဲ့လေ။ နောက်ပြီးခါမှ စားနပ်ရိက္ခာလည်း အဲ့လိုမျိုးပဲ ဘေးကနေထောက်ပံ့ပေးကြတာ အဲ့လိုနေကြတယ်ဗျ။ အရှေ့စီးတွေ ပြန်လာပြီ။ ရှားဖိုပြန်လာပြီ။ တင်သားပြန်လာပြီ။”

မီးဘေးသင့်ဒေသခံတွေ နေထိုင်စားသောက်ရေးအတွက် ဘေးဝန်းကျင် ကျေးရွာအချင်းချင်းက ဝိုင်းဝန်ကူညီထားကြပါတယ်။ ရွာသူရွာသားတွေ နေအိမ်ပြန်လာနိုင်ပေမယ့် အခုချိန်ထိ စိတ်ချလက်ချတဲ့ အခြေအနေမရှိသေးပါဘူး။
စစ်ဘေးဒုက္ခသည်တွေနဲ့ မီးဘေးသင့် ဒေသခံတွေအတွက် အလှူရှင်တွေ သိပ်မရကြပါဘူး။ ဆေးဝါးနဲ့ ရိက္ခာအကူအညီတွေလည်း လိုအပ်နေကြတာလို့ ဆိုပါတယ်။

“အခုချိန်က မိုးတွင်းကာလဆိုတော့ ဆေးဝါးအခက်အခဲရှိတယ်ဗျ။ နောက်ပြီး စားနပ်ရိက္ခာလည်း အခက်အခဲရှိတယ်ဗျ။ မီးဘေးသင့်တဲ့ရွာတွေက အတော်များတယ် ဆိုတော့ ဒီကျန်ခဲ့တဲ့ရွာကနေပြီးမှ မျှပြီးမှ ပေးရတာမျိုးတွေ၊ အဲ့လိုမျိုးပဲ စားသောက်နေကြတယ် လောလောဆယ်ကတော့။ ဘေးကနေ အများကြီးကူညီထောက်ပံ့တာမျိုးတော့ သိပ်မရကြသေးဘူး။ ဒီဘက်မှာကတော့ အချင်းချင်းကူညီတာပဲရှိတယ်။ ကျနော်တို့ဘက်ကမှာလည်း စိတ်ချရတဲ့ အခြေအနေမျိုးတော့ မရှိဘူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ပျူးစောထီးရွာတွေနဲ့လည်း ကပ်တယ်၊ မြောက်ပိုင်းမှာလည်း တိုက်ပွဲတွေက ဖြစ်နေတယ်ဆိုတော့ အိမ်သမားတွေက အထုပ်တောင်မဖြေရဘူးပေါ့ဗျာ။ ဒီကျောပိုးအိတ်ဆိုရင် ကိုယ့်အထုတ်နဲ့ကိုယ် ပြန်။ အိမ်ပြီးပြီဆိုလည်း ဒီအထုပ်က ဒီအတိုင်းပဲထားရတယ်၊ ဘယ်အချိန်ပြေးရမလဲဆိုတာ မသိဘူးဆိုတော့ လွတ်လွတ်လပ်လပ်တော့ နေလို့မရဘူး။ စိတ်ချ လက်ချကတော့။”

ရေရှင်ရွာခံတဦးက ဒေသခံတွေ လက်ရှိတိမ်းရှောင်နေကြတဲ့ တောတောင်ထဲမှာ မိုးကာတဲထိုးပြီး ဖြစ်သလို နေထိုင်ကြပြီး အကူအညီတွေ သိပ်မရတာကြောင့် စားစရာတွေက တောတောင်ထဲမှာ ရှိတာလေးနဲ့ ရှားစားနေရတာလို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ တခေါက်က ရွာထဲကို စစ်ကြောင်းထိုးတော့ကျရင် တရွာလုံးကို အဲ့လို စစ်တပ်က မီးရှို့သွားတယ်ဆိုတော့လေ။ အဲ့ဒါ တရွာလုံး အိမ်တွေ မရှိတော့ဘူး၊ အဲ့ဆိုတော့ တောထဲမှာပဲ နေကြတာ။ တရွာလုံးကလူတွေက ရွာထဲမပြန်ကြဘူး။ တရွာလုံး အရှို့ခံရတာ။ ရွာထဲမှာ အိမ်တွေမရှိတော့ဘူးဆိုတော့ ရွာသူရွာသားတွေက အဲ့တောထဲမှာပဲ တဲထိုးပြီးတော့ နေကြတာ။ တောထဲမှာ အခုလိုအချိန်ဆိုရင် မိုးရာသီဆိုရင် မှိုတွေပေါ်တယ်လေ၊ မျှစ်တွေ အဲ့လိုတွေပဲ ချဉ်ပေါင်တို့ အဲ့ဟာပဲရှိတာ လှည့်စားနေတာ။”

ရေရှင်ကျေးရွာဟာ အိမ်ခြေ ၄၀၀ ဝန်းကျင်လောက်ရှိပါတယ်။ ပြီးခဲ့တဲ့ မေလ ပထမအပတ်လောက်က စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာပြီး နေအိမ်တွေ အကုန်လုံး မီးရှို့ဖျက်စီးခံရတာလို့ ဆိုပါတယ်။

အခုချိန်မှာ တိုက်ပွဲတည်ငြိမ်နေပေမယ့် ဒေသခံတွေ ပြန်စရာနေအိမ် မရှိကြဘဲ တောတောင်ထဲမှာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေကြရတာပါ။ အရပ်သားတွေ ထိုခိုက်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တပ်တွေ အပြန်အလှန် စွပ်စွဲပြောဆိုနေကြပါတယ်။ ထွက်ပြေးတိမ်းရှောင်နေနတဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ တိုက်ပွဲတွေငြိမ်သွားပေမဲ့ တေ်တောင်ထဲမှာ ဆက်လက်ရပ်တည်ရေး အခက်အခဲတွေ မျိုးစုံ ဆက်ပြီး ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=========== ===========

[[Unicode]]












XS
SM
MD
LG