သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြာအင်းဆိပ်ကြီး ကျေးရွာ ၄ ရွာခန့်က စစ်ဘေးရှောင်တချို့ နေရပ်ပြန်လာနိုင်ကြပြီ


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (Crd: MIMU)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (Crd: MIMU)

[[Zawgyi/Unicode]]

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာအပါအဝင် ကျေးရွာ ၄ ရွာခန့် ကနေ အိုးအိမ်စွန့်ခွာပြေးနေရတဲ့ ဒေသခံတွေဟာ တချို့က နေရပ်ပြန် လာနိုင်ကြပြီလို့ ရွာခံတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံတွေ အလုပ်အကိုင် ကောင်းကောင်းမွန်မွန် မလုပ်ကိုင်နိုင်ဘဲ မကြာခဏ ပြေးလွှားနေရတယ်လို့ ဆိုပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို မဆုမွန် က တင်ပြပေးထားပါတယ်။

စစ်ရေးလှုပ်ရှားမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နိုဝင်ဘာလကုန်ပိုင်းမှာ တံခွန်တိုင်ရွာ၊ နန်းသိုင်းထွန်ကျေးရွာ၊ ပုလိန်ကျေးရွာစတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ အိုးပစ်အိမ်ပစ် စွန့်ခွာ ပြေးရှောင်ကြရပါတယ်။ လောလောဆယ် တည်ငြိမ်စပြုလာတာမို့ ဒေသခံတချို့ နေရပ်ပြန်လာနိုင်ပြီလို့ တံခွန်တိုင်ရွာခံ တဦးက ခုလို ပြောပါတယ်။

“ကျမတို့ ဒီဘက် ရပ်ကွက်ကျတော့ နည်းနည်းပြန်လာကြတာပေါ့နော်၊ အားလုံးတော့ မဟုတ်ဘူး။ တချို့က တော်ရုံချက်ချင်းထပြေးလို့၊ ထသွားလို့ မရတဲ့လူတွေကျတော့ ပြန်မလာကြဘူးပေါ့။ ဆွေမျိုးတွေရှိတဲ့ သံဖြူဇရပ်တို့၊ မုဒုံတို့ တခြားဘက်မှာ ပြောင်းနေကြတယ်။”

ရွာသူရွာသားတွေ နေရပ်ပြန်လာနေပေမယ့် လုံခြုံတဲ့အနေအထားမရှိသေးပါဘူး။အခြေအနေတင်းမာလာရင် ချက်ချင်းတိမ်းရှောင်နိုင်ရန် အသင့်ပြင်ဆင်ထားကြတယ်လို့ ဆိုပါတယ်။ မနေ့ညတုန်းကလည်း တံခွန်တိုင်နယ်မြေရဲစခန်းကနေ လက်နက်ငယ်သံတွေ ကြားရတယ်လို့ နောက်ထပ်ရွာခံတဦးက ပြောပါတယ်။

“အနေအထားကတော့ ပုံမှန်နီးပါးတော့ ဖြစ်ပြန်နေပြီးတော့ပေါ့၊ ဒါပေမဲ့ ဒီနယ်မြေရဲစခန်းကပဲပေါ့၊ လက်ရှိ ညက သေနတ် ၁၀ ချက်လောက် လက်နက်ငယ်တွေပေါ့နော် အဲ့ပစ်တယ်၊ KNU တွေကတော့ ဒီရွာထဲမှာတွေ ရှိနေတယ်။ ဘာမှတော့ ... စစ်ရေးအနေအထားမတွေ့ဘူး။ လူက နေနေကြတာတွေ့တယ်။ ခုနပြောတဲ့ လုံခြုံမှုအပိုင်းကတော့ နဂိုကလည်း ဒီလိုပဲဆိုတော့ ဒီလိုပဲပေါ့။”

စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာ၂၇ ရက်နေ့ကစလို့ မွန်ပြည်နယ် မုဒုံမြို့နယ်နဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် နယ်စပ်ဖြစ်တဲ့ အဘစ်-ခလယ်တံခွန်တိုင်လမ်းကနေ အင်အားအတော်များများနဲ့ စစ်ကြောင်းဆင်းလာတာပါ။ အဲဒီနောက် မုဒုံမြို့နယ် အဘစ်ရွာမှာအခြေစိုက်တဲ့ အမြောက်တပ် (၃၁၈) တပ်ရင်းကနေ လက်နက်ကြီးတွေပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာရှောင်တိမ်းကြရတာလို့ ရွာခံတွေက VOA ကို ပြောထားပါတယ်။ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံတွေ အလုပ်အကိုင် ကောင်းကောင်းမွန်မွန် မလုပ်ကိုင်နိုင်ဘဲ မကြာမကြာ ပြေးလွှားနေရတယ်လို့ ပြောပါတယ်။

“ဒီဒေသရဲ့ အဓိက ဝင်ငွေကတော့ ရာဘာခြစ်တယ်ဆိုတော့ ကျနော်တို့ ပြေးနေလွှားနေတယ်ဆိုတော့ အခါတိုင်းနှစ်တွေနဲ့ မတူဘူးပေါ့၊ ခြစ်ရက်တွေက မရှိဘူး၊ ရာဘာမခြစ်ရတော့ ဝင်ငွေမရှိဘူးပေါ့၊ ဝင်ငွေမရှိတော့ နောက်ဆက်တွဲက အများကြီးပေါ့။ ပြောရရင်တော့။ ဒီသေနတ်သံ တိုက်ပွဲမဖြစ်ဘူးဆိုတာနဲ့ စိုးရိမ်စိတ်တွေနဲ့ ရာဘာပြန်ခြစ်နေကြတာပေါ့၊ စိတ်ချလက်ချတော့လည်း မဟုတ်ဘူးပေါ့။”

စစ်ရေး ပဋိပက္ခအခြေအနေတွေ ဒေသခံတွေ အကြပ်အတည်း မျိုးစုံ ရင်ဆိုင်နေရပြီး စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံတွေ အလုပ်အကိုင် ကောင်းကောင်းမွန်မွန် မလုပ်ကိုင်နိုင်ဘဲ မကြာခဏ ပြေးလွှားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]










XS
SM
MD
LG