သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စပါးတင်းတရာဈေး ၁၀ သိန်းကျော်အထိ ဈေးတက် 


မြန်မာစပါး၊ မြန်မာလယ်သမား။ (ယခင်မှတ်တမ်းဓာတ်ပုံ)
မြန်မာစပါး၊ မြန်မာလယ်သမား။ (ယခင်မှတ်တမ်းဓာတ်ပုံ)


[[Zawgyi/Unicode]]

ဧရာဝတီတိုင်းမှာ ဒီရက်ပိုင်း စပါးဈေး တောက်လျှောက်တက်လာပြီး တင်းတရာကို ၁၀ သိန်းအထက် ရနေတယ်လို့ လယ်သမားတွေကပြောပါတယ်။ အခုနှစ်ကုန်ကျစရိတ်ကြောင့် စပါးဈေးကောင်းဖို့ လယ်သမားတွေက ဆက်ပြီးမျှော်လင့်ထားပါတယ်။ ဒါပေမယ့်လည်း ဗဟိုဘဏ်ရဲ့ပို့ကုန် ဒေါ်လာဝယ်ယူဈေး အပြောင်းအလဲအပေါ်မူတည်ပြီး လာမယ့်စပါးဈေး၊ ဆန်ဈေးရဲ့အတက်အကျကို အပြောင်းအလဲဖြစ်လိမ့်မယ်လို့ ဆန်ကုန်သည်တွေဘက်က ခန့်မှန်းထားပါတယ်။ ပြည်တွင်း ဆန်ဈေးကွက်အကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒီနှစ် ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးကို လုံလောက်အောင် မဝယ်ယူနိုင်တဲ့အတွက် တဧကအထွက်နှုန်း သိသိသာသာကျသွားပြီး စပါဈေး ဈေးကောင်းရနေတယ်လို့ ဧရာဝတီတိုင်းက လယ်သမားတချို့က ဗွီအိုအေကို ပြောပါတယ်။ အရင်နှစ်က တင်း ၁၀၀ ကို ၆ သိန်းဝန်းကျင်ပဲရှိတဲ့ စပါးဈေးဟာ အခုနှစ်မှာ တင်း ၁၀၀ ကို ကျပ် ၁၀ သိန်းနဲ့ ၁၃ သိန်းကြားကို ရောက်လာတယ်လို့ ပြောပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများသမဂ္ဂ ဧရာဝတီတိုင်းတာဝန်ခံ ဦးစန်းလင်းက ဆန်ထွက်နှုန်း အခြေအနေကို အခုလိုပြောပြပါတယ်။

"ဆန်ထွက်နှုန်းကလျော့မယ်။ လျော့မယ်ဆိုတာ ဆန်ကအရင်က (မြေဩဇာ) နှစ်အိတ်လောက် ကျွေးရမယ့်နေရာမှာ တအိတ်လောက်ပဲ ကျွေးနိုင်တယ်။ နောက်ပြီး ပေါင်းသတ်ဆေးတို့ဘာတို့ ဖြန်းရတယ်လေ။ အဲဒါတွေကတော့ လျော့သွားတော့ အထွက်ကတော့ အနည်းနဲ့အများတော့ ထိခိုက်မယ်။ အထွက်နည်းမယ်။ ဘယ်လောက်နည်းသွားမလဲဆိုတာကတော့ ပြောလို့မရဘူး။ ဟိုးအထက်ပိုင်းတွေဆိုရင် ဆည်ရေသောက် နွေစပါးတွေဆိုတော့ တအားကောင်းတာ အဲဘက်ကတွေက။ အဲဒါတွေက ဒီနှစ်မလုပ်နိုင်ဘူးလေ။"

စပါးအထွက်နည်းသလို ဘင်္ဂလားဒေ့ရှ်ကို ဆန်တန်ချိန် တသိန်းရောင်းချဖို့ မကြာခင်က သဘောတူညီခဲ့တဲ့အတွက် လာမယ့်မိုးစပါးဈေးကလည်း အတက်ဈေးမှာပဲ ရှိလိမ့်မယ်လို့ ဆန်ကုန်သည်တချို့က ခန့်မှန်းပါတယ်။

" အခုနေပေါ့ ၂၅ မှတ်ဆန် ရိုးရိုးဆိုရင် ၃၆၂ ဒေါ်လာလောက်ရှိတယ်။ ၃၆၂ ဒေါ်လာနဲ့ အခုလက်ရှိ ဒေါ်လာဈေးနဲ့ အခု local ဆန်ဈေးနဲ့က မကိုက်ဘူးဖြစ်နေတယ်။ (အိတ်စပို့သမားတွေ)။ sea trade ကိုပျက်စီးသွားတဲ့ပုံစံ ဖြစ်နေတယ်။ sea trade ကိုသွားဖို့ရာ နည်းနည်းလေး ခက်နေတယ်။ အဲဒီ sea trade သွားလို့မရအောင် ဘင်္ဂလားဒေ့ရှ်က ထောက်ထားတာ။ ဒါကြောင့်စပါးဈေးက ပိုးစိုးပက်စက် မကျနိုင်တော့ဘူး။"

လက်ရှိမှာ ဆန်ပို့ကုန်လုပ်ငန်းရှင်တွေက ဗဟိုဘဏ်ရဲ့ ပို့ကုန်ဒေါ်လာ ဝယ်ယူနှုန်း၊ ဒေါ်လာငွေလဲနှုန်းအပေါ် အခြေခံတဲ့ ကွာဟချက်ကြောင့် ပို့ကုန်ရပ်နားထားကြပါတယ်။ ပြင်ပ တရားမဝင်ဈေးကွက်မှာ တဒေါ်လာကို မြန်မာကျပ်ငွေ ၃,၀၀၀ နဲ့ အရောင်းအဝယ်လုပ်နေကြပေမဲ့လည်း ဗဟိုဘဏ်ကတော့ ပို့ ကုန်ကရတဲ့ ဒေါ်လာကို ကျပ် ၂,၁၀၀ နဲ့ပဲဝယ်ယူနေတာကြောင့် လို့ ဆန်ကုန်သည် အသိုင်းအဝိုင်းက ပြောပါတယ်။ တကယ်လို့ ပို့ကုန်သမားတွေက လက်ရှိစပါးပေါက်ဈေးကို နှိမ်ပြီးဝယ်ယူလာတာဖြစ်စေ၊ ဗဟိုဘဏ်ရဲ့ ဒေါ်လာဈေးသတ်မှတ်နှုန်းကို အပြောင်းအလဲလုပ်ရင်ဖြစ်စေ ဒါတွေအားလုံးက လက်ရှိစပါးဈေးအပေါ်မှာ အပြောင်းအလဲတွေ သက်ရောက်လာနိုင်တယ်လို့ လယ်သမား ဦးစန်းလင်းက ပြောပါတယ်။

" အခုပေါက်နေတဲ့ စပါးဈေးပေါ့ဗျာ အဲဒီဈေးနဲ့သူတို့တင်လို့ သူတို့ပြန်ရမယ့်ငွေက မကိုက်လောက်ဘူး၊ အဲဒါကြောင့်။ မကိုက်ရင် ကိုက်အောင်ဝယ်တော့မှာလေ၊ အခုကစပါးက ဈေးကွက်စီးပွားရေးဆိုပေမယ့် လူနည်းစု လက်တဆုပ်စာပဲရှိတော့ သူတို့က ဒီဈေးကိုကိုင်လှုပ်နေတာ။ သူတို့ကိုက်အောင်ဝယ်မှာပဲ ဝယ်ရင်တော့ စပါးဈေးကကျမှာ ကျနော်မြင်တာက။ အဲဒါက ဘာကြောင့်လဲဆိုရင် (ဗဟိုဘဏ်ရဲ့ ပို့ကုန်ဒေါ်လာဝယ်ဈေး) ၂,၁၀၀ ကြောင့်။"

ဆန်ကြမ်းဈေးက လက်ကားဈေးက တအိတ်ကို ကျပ် ၄၈,၀၀၀ ရှိပြီး ရွှေဘိုပေါ်ဆန်းမွှေးက တအိတ်ကိုကျပ် ၉၅,၀၀၀ ရှိပါတယ်။ လက်လီဈေးကွက်ထဲမှာတော့ ရွှေဘိုပေါ်ဆန်းမွှေးတအိတ်က ကျပ် ၁ သိန်းအထက်မှာ ရှိပါတယ်။

ဒေသတွင်း ဆန်ကုန်သည်တွေကတော့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အိန္ဒိယနိုင်ငံက ဆန်ကွဲ ပြည်ပ တင်ပို့မှုအားလုံးကို ပိတ်ပင်လိုက်ပြီး ဆန်မျိုးစုံ ပြည်ပ တင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်လိုက်တဲ့အတွက် မြန်မာနိုင်ငံအပါအဝင် ဒေသတဝှမ်းမှာ ဆန်ဈေးတွေ ထပ်တက်နိုင်တယ်လို့ ခန့်မှန်း တွက်ဆထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

===============
[[Unicode]]











XS
SM
MD
LG