သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တီးတိန်မြို့အနီးက စစ်ကောင်စီစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်


တီးတိန်မြို့နယ်၊ ရိဒ်ခေါရ်ဒါမြို့က စစ်ကောင်စီရဲ့ ချောင်း(Ciau) တပ်စခန်းကို PDF Zoland၊ MEDF နဲ့ CDF Siyin (စီးယင်း) တို့ ပူးပေါင်းတိုက်ခိုက်စဉ်။ (သြဂုတ် ၁၉၀၊ ၂၀၂၂/Crd: PDF Zoland)
တီးတိန်မြို့နယ်၊ ရိဒ်ခေါရ်ဒါမြို့က စစ်ကောင်စီရဲ့ ချောင်း(Ciau) တပ်စခန်းကို PDF Zoland၊ MEDF နဲ့ CDF Siyin (စီးယင်း) တို့ ပူးပေါင်းတိုက်ခိုက်စဉ်။ (သြဂုတ် ၁၉၀၊ ၂၀၂၂/Crd: PDF Zoland)

[[Zawgyi/Unicode]]

အိန္ဒိယ- မြန်မာနယ်စပ်၊ တီးတိန်မြို့နယ်ထဲက စစ်ကောင်စီရဲ့စခန်းတခုကို ချင်းပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တချို့က ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိတယ်လို့ လက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။ နာရီအတော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုတွေ၊ လေယာဉ်ပျံဝဲတာတွေကြောင့် အနီးအနားကျေးရွာက ဒေသခံတွေ အိန္ဒိယဘက်ကို တိမ်းရှောင်ခဲ့ရပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

တီးတိန်မြို့နယ်၊ ရိဒ်ခေါရ်ဒါမြို့က စစ်ကောင်စီရဲ့ ချောင်း(Ciau) တပ်စခန်းကို PDF Zoland၊ MEDF နဲ့ CDF Siyin (စီးယင်း) တို့ ပူးပေါင်းပြီး ဒီနေ့မနက်အစောပိုင်း ၂ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ နှစ်ဘက်စလုံးက နာရီအတော်ကြာ အပြန်အလှန်ပစ်ခတ်ပြီးတဲ့နောက်မှာ စစ်ကောင်စီဘက် ငါးဦးသေဆုံးပြီး လေးဦးထွက်ပြေးလာခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ် (စီးယင်း) ရဲ့ စစ်ဦးစီးအရာရှိ ကိုဆွေက ဗွီအိုအေကို ပြောပါတယ်။

" တော်တော်လေးကို ပြင်းထန်ကြပါတယ်။ သူတို့ဘက်ကတော့ လက်နက်ကြီးနဲ့ကို အချက် ၄၀ လောက် ဆက်တိုက် ပစ်တယ်ပေါ့နော်၊ မနက်ကျတော့ သူတို့ ဖိုက်တာဂျက်တွေ ရောက်လာတယ်၊ တိုက်လေယာဉ်တွေ။ ရဟတ်ယာဉ်လည်းလာတယ်။ အခုနောက်ထပ်လည်းလာဖို့ သတင်းရထားတာရှိတယ်။ သူတို့ဘက်က ဗိုလ်မှူးတယောက်လည်းကျတယ်၊ စကစဘက်က။ အဲဒါကို သူတို့ လာသယ်ဖို့ရှိတယ် ရဟတ်ယာဉ်နဲ့လေ။"

တိုက်လေယာဉ်ပေါ်ကနေ ဗုံးကြဲချတာမရှိပေမယ့် ကျေးရွာတခုကိုတော့ ပစ်ခတ်သွားတယ်လို့ သူကပြောပါတယ်။ အဲဒီရွာကဒေသခံ ၃ ဦးသေဆုံးတယ်လို့ ချင်းသတင်းဌာနတွေမှာ ဖော်ပြထားပေမယ့် ဗွီအိုအေဘက်တော့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။ စခန်းကို မသိမ်းပိုက်နိုင်ခဲ့ပေမယ့် အင်အားယုတ်လျော့သွားအောင် လုပ်နိုင်ခဲ့တယ်လို့ စီးယင်းကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးအရာရှိက ပြောပါတယ်။

" စခန်းကို မသိမ်းလိုက်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က တောင်ကုန်းရဲ့ အမြင့်ဆုံးနေရာမှာ နေရာယူထားတာ ဆိုတော့လေ။ အဲရွာကိုတက်ပြီးသိမ်းဖို့က တော်တော်လေး ခက်ခဲပါသေးတယ်။"

တိုက်ပွဲက ငါးနာရီလောက်ကြာခဲ့ပါတယ်။ အနီးအနားကျေးရွာက ဒေသခံတွေကတော့ နယ်စပ်ကိုဖြတ်ပြီး အိန္ဒိယမီဇိုရမ်ဘက်ကို ရှောင်တိမ်းခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ဟိုင်မွန်ရွာသစ်က အခုတိုက်ပွဲဖြစ်ပွားတဲ့ စစ်ကောင်စီတပ်နဲ့ အနီးကပ်ဆုံးမှာရှိပြီး ဒီရွာထဲမှာ PDF တွေခိုအောင်းနေတယ်ဆိုတဲ့ သတင်းကို စစ်ကောင်စီဘက်ကရထားပြီး မကြာခင်မှာ ဝင်ရောက်တိုက်ခိုက်နိုင်ခြေ ရှိတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲအခြေအနေသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရကို ဗွီအိုအေက ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]










XS
SM
MD
LG