သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ် သွင်းကုန်လုပ်ငန်း ဘဏ်စနစ် စသုံး


ရန်ကုန်၊ Myanmar Plaza ရှိ CB ဘဏ် ATM တွင် ငွေထုတ်ရန် စောင့်နေသူများ။ မေ ၁၁၊ ၂၀၂၁။
ရန်ကုန်၊ Myanmar Plaza ရှိ CB ဘဏ် ATM တွင် ငွေထုတ်ရန် စောင့်နေသူများ။ မေ ၁၁၊ ၂၀၂၁။

[[Zawgyi/Unicode]]

ဒီနေ့ နိုဝင်ဘာ ၁ ရက်ကစပြီး ထိုင်း-မြန်မာနယ်စပ်က သွင်းကုန်လုပ်ငန်းတွေမှာ ဘဏ်စနစ်ကိုပဲ အသုံးပြုသွားတော့မယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက အမိန့်ထုတ်ထားပါတယ်။ ဒီလို ဆုံးဖြတ်ရတာဟာ နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ FATF ရဲ့ အစီရင်ခံစာအပေါ် လိုက်နာမှုတွေ ပိုပြီး အားကောင်းအောင် လုပ်ဆောင်တာဖြစ်တယ်လို့ ကုန်သွယ်ရေးဦးစီးရဲ့ ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။ ထိုင်း-မြန်မာ နယ်စပ်က ကုန်သည်တွေကတော့ အခုလို ဘဏ်စနစ်ကိုပဲ လုံးလုံးလျားလျား ပြောင်းလဲတော့မယ်ဆိုရင် ငွေပေးချေတဲ့ကိစ္စတွေမှာ ပုဂ္ဂလိက ငွေလွှဲလုပ်ငန်းတွေထက် ပိုပြီးမြန်ဆန်မှ အဆင်ပြေနိုင်လိမ့်မယ်လို့ ပြောနေကြပါတယ်။ ဒီသတင်းကိုတော့ ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

နယ်စပ်က သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ လိုင်စင်လျှောက်ထားတဲ့အခါမှာ ဘဏ်စာရင်းထဲကို ငွေသွင်းထားတဲ့ အထောက်အထားပြနိုင်မှ သွင်းကုန်လိုင်စင်ထုတ်ပေးသွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ပို့ကုန်ကရထားတဲ့ နိုင်ငံခြားငွေကိုပဲ ဘဏ်စရင်းမှာ ထည့်သွင်းရမယ်လို့ ပါရှိပါတယ်။

ငွေပေးချေတဲ့အခါ အရင်ကလို ဘဏ်စနစ်ကိုပဲ လုံးလုံးလျားလျား ပြောင်းလဲမယ်ဆိုရင် အရင်ကလို ပုဂ္ဂလိက ဟွန်ဒီ ငွေလွှဲစနစ်တွေထက် အဆင့်တွေပိုလာတာ၊ အချိန်ကြန့်ကြာတာတွေ ဖြစ်လာနိုင်တယ်လို့ လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ အထူးသဖြင့် ထိုင်းကနေ ကုန်ပစ္စည်းတွေကို အကြွေးနဲ့မှာယူနေတဲ့ လုပ်ငန်းရှင်တွေအတွက် ခက်ခဲသွားနိုင်တယ်လို့ ထိုင်း-မြန်မာနယ်စပ်က လုပ်ငန်းရှင်တဦးက ပြောပါတယ်။

"မြန်မာပြည်က အဲဒီစနစ်ကို လိုက်လုပ်လာမယ်ဆိုရင် သူတို့မှာ ဝန်ဆောင်ပေးနိုင်မှု ပြည့်ဝလားပေါ့နော်။ သူတို့ပြည့်ဝတယ်ဆို သူတို့လုပ်ပေါ့နော်။ တကယ်လို့ မပြည့်ဝဘဲနဲ့ ဒီလူတွေကလည်း တကယ် မပြေလည်တဲ့သူတွေ ရှိတယ်။ တကယ် ဒုက္ခရောက်တဲ့သူတွေ ရှိတယ်။ သူတို့အခက်အခဲအတွက် တခုခုမှာတာတို့ ဘာတို့၊ မှာထားပြီးတော့ မရောက်တဲ့ အခါမျိုးတွေ ဘယ်တော့မှမသိဘဲ မျှော်နေရတဲ့ အနေအထားမျိုးတွေဆို မကောင်းဘူးလေ။"
လက်ရှိမှာတော့ ဆေးဝါး၊ စားသုံးကုန်နဲ့ လူသုံးကုန်ကအစ အိမ်ဆောက်ပစ္စည်း အားလုံးကို ဟွန်ဒီငွေလွှဲစနစ်နဲ့ပဲ လုပ်ငန်းရှင်တွေက ဝယ်ယူနေကြတာပါ။ ထိုင်း-မြန်မာငွေလဲနှုန်း အပြောင်းအလဲကလည်း အခုနောက်ပိုင်းမှာ အတက်အကျ မတည်ငြိမ်တဲ့အတွက် အချိန်ကြန့်ကြာမယ်ဆိုရင် အဆင်မပြေကြောင်း နယ်စပ် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တချို့က ခန့်မှန်းပါတယ်။

"Deli ပိုင်းတွေက မြန်တယ်ဗျ၊ သူတို့ သုံးရက်နဲ့ရောက်တယ်၊ ငါးရက်နဲ့ရောက်တယ်၊ တပတ်နဲ့ရောက်တယ်။ အကြာဆုံးပစ္စည်း လိပ်စာတွေဘာတွေ အပေးမှားပြီး ပြန်ခဲ့တာတို့ဘာတို့ဆို ဆယ်ရက်လောက်ကြာတယ်။ သူတို့ကတိကျတယ်၊ ပိုက်ဆံလည်း ကြိုပေးစရာမလိုဘူး။ ကိုယ့်ရဲ့ တည်နေရာ၊ လိပ်စာ၊ ဖုန်းနံပါတ်ပေးပြီးရင် သူတို့ရောက်ရင် ဖုန်းဆက်ပေးတယ်။ တကယ်လို့ မနက်ဖြန် ရောက်မယ်ဆိုရင် ဒီနေ့ကြိုပြီး ဖုန်းဆက်ပေးတယ်။ အဲဒီပစ္စည်းက ဘယ်နေ့ဘယ်နေ့မှ ရောက်နိုင်မယ်ဆိုတာလည်း သူတို့ကရှင်းရှင်း တန်ပြန်စကား ပြောပေးနိုင်တယ်ဗျ။"

ထိုင်း-မြန်မာနယ်စပ်က ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦး ပြောသွားတာပါ။

ဘဏ်စနစ်ကိုပဲသုံးပြီး သွင်းကုန်အတွက် နိုင်ငံခြားငွေ ကြိုသွင်းဖို့ဆိုတာမှာ ပို့ကုန်ကရတဲ့ငွေကို အရင်ဆုံးရှာရမှာ ဖြစ်ပါတယ်။ ငွေလဲနှုန်းမတည်ငြိမ်တာကြောင့် ဒီကိစ္စအတွက် နယ်စပ်ကုန်သည်တွေကြားမှာ ညှိနှိုင်းဆွေးနွေးနေကြတယ်လို့ သွင်းကုန်လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" ငွေကြိုဝယ်တာတို့ ဘာတို့ကျတော့ ငွေက တနာရီကိုတခါ အပြောင်းအလဲ ဖြစ်နေတာလေ။ ဒီနေ့ လောလောဆယ်ပဲ (မြန်မာငွေတသိန်းကျပ်ကို) ၁,၃၀၀ ဖြစ်သွားလိုက်၊ ၁,၂၅၀ ဖြစ်သွားလိုက်၊ ၁,၃၃၀ ဖြစ်သွားလိုက်နဲ့ အဲလိုဖြစ်နေတာ ထိုင်ငွေနဲ့ မြန်မာငွေက။ အဲဒီကိစ္စတွေအတွက် အခု အားလုံးကတော့ တိုင်ပင်၊ စဉ်းစားရမှာပေါ့နော်။ အစည်းအဝေးလုပ်တာတို့ ဘာတို့ အဲဒါတွေတော့ရှိတယ်ခင်ဗျ။"

ဒီလို နယ်စပ်ကုန်သွယ်ရေးမှာ သွင်းကုန်အတွက် ဘဏ်စနစ်နဲ့ ပေးချေတာကို ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှုတွေမှာ ဒီနေ့ နိုဝင်ဘာ ၁ ရက်ကစပြီး စတင်ကျင့်သုံး သွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]











XS
SM
MD
LG