သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ရှောင်တွေဆွဲတဲ့ ဘန်ကောက် ပန်းချီပြပွဲ စိတ်ဝင်စားသူများပြား


ထိုင်းမြန်မာနယ်စပ် စစ်ဘေးရှောင် ဒုက္ခသည်တွေရေးဆွဲတဲ့ ပန်းချီလက်ရာများ။ (ဓာတ်ပုံ ဗွီအိုအေ၊ မြန်မာဌာန/စက်တင်ဘာ ၁၂၊ ၂၀၂၂)
ထိုင်းမြန်မာနယ်စပ် စစ်ဘေးရှောင် ဒုက္ခသည်တွေရေးဆွဲတဲ့ ပန်းချီလက်ရာများ။ (ဓာတ်ပုံ ဗွီအိုအေ၊ မြန်မာဌာန/စက်တင်ဘာ ၁၂၊ ၂၀၂၂)

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းမှာ ပြီးခဲ့တဲ့ သောကြာနေ့ညကကျင်းပတဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင်ဒုက္ခသည်တွေ ရေးဆွဲတဲ့ ပန်းချီပြပွဲမှာ ပန်းချီကားတဒါဇင်ကျော် နာရီပိုင်းအတွင်း အားလုံး ရောင်းလိုက်ရပါတယ်။ နယ်စပ်ကို ထွက်လာတဲ့ လူငယ်တွေ၊ ခလေးတွေထဲမှာ ပန်းချီ အနုပညာနဲ့ ပတ်သက်လို့ ထက်မြက်ထူးချွန်သူတွေ အများအပြားပါတယ်လို့ ပြပွဲစီစဉ်သူတွေက ပြောပါတယ်။ ပန်းချီကား ရောင်းရငွေတွေကို ပြည်တွင်းအိုးမဲ့အိမ့်မဲ့ စစ်ဘေးရှောင်နေကြတဲ့ IDP ဒုက္ခသည် ကလေးငယ်တွေရဲ့ ပညာရေးအတွက် ပေးလှူမှာဖြစ်ပါတယ်။ ဦးသိန်းထိုက်ဦး ဘန်ကောက်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ပြည်တွင်းအိုးမဲ့အိမ်မဲ့ စစ်ဘေးရှောင် IDP တွေရဲ့ ဒုက္ခသည်စခန်းအတွင်းက အမျိုးသမီးတွေနဲ့ မိန်းခလေးတွေရဲ့ အခြေအနေ၊ ပျောက် ဆုံးသွားတဲ့ မျိုးဆက်တဆက် ဆိုတဲ့ နာမည်နဲ့ ဆွေးနွေးပွဲကျင်းပသလို ဒုက္ခသည်တွေ ကိုယ်တိုင်ရေးဆွဲတဲ့ ပန်းချီပြပွဲကျင်းပတာပါ။

NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အမျိုးသမီး၊ ကလေးသူငယ်နဲ့ လူငယ်ရေးရာဝန်ကြီး Sussanna Hla Hla Soe ကလည်း အနုပညာရှင်တယောက် အနေနဲ့ရော ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးပါတယ်။

နယ်စပ်က IDP စခန်းတွေရဲ့ အခြေအနေတွေကို အွန်လိုင်းက ရှင်းပြပါတယ်။

“ကျမတို့ ကလေးတွေကို ပန်းချီအနုပညာသင်ပေးတဲ့အချိန်တွေမှာ စစ်လေယာဉ်တွေ ရောက်လာလို့ ဗုံးခိုကျင်းထဲဝင်ပြေးရတဲ့အခါတွေရှိသလို တောအုပ်ထဲကို ပြေးခဲ့ရတဲ့အချိန်တွေရှိပါတယ်။ ပန်းချီသင်တန်းက မချောမွေခဲ့ပါဘူး။ ဒါပေမယ့်လည်း ကျမ ကျောင်းသားတွေထဲမှာ အင်မတန် ထက်မြက်ထူးချွန်တဲ့ အနုပညာရှင်တွေ ပါလာတာ ကျမသတိထားမိပါတယ်။”

ဒီ ပန်းချီပြပွဲက ရောင်းချရငွေတွေကို နယ်စပ်ဒုက္ခသည်စခန်းက ကလေးငယ်တွေအတွက် အကူအညီပေးဖို့ ဖြစ်ကြောင်း ကြေညာထားပါတယ်။

ပြပွဲမှာ မြန်မာစစ်တပ်ဘက်က လေကြောင်းကနေ ထိုးစစ်ဆင်တဲ့အတွက် IDP စခန်းအတွင်းက အိုးအိမ်တွေ စာသင်ကျောင်းတွေ ပျက်ဆီးသွားတဲ့ မှတ်တမ်းတင် ဗွီဒီယိုကိုလည်း ပြသပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေအကြား စစ်ဘေးရှောင် ပြည်တွင်း အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရတဲ့ IDP ဒုက္ခသည်တွေရဲ့ အခြေအနေကို ကရင်နီအမျိုးသမီးအဖွဲ့က Maw Pray Myar ကလည်း အွန်လိုင်းက အခုလို ရှင်းပြပါတယ်။


“ လေကြောင်းတိုက်ခိုက်ရင်းနဲ့ ကျမတို့ ဖရူဆိုမြို့နယ် IDP camp မှာဆိုလို့ရှိရင် သားအမိနှစ်ယောက် တခါတည်း သေဆုံးသွားတယ်။ ကျန်ခဲ့တဲ့ မိသားစုတွေ ဆိုလို့ရှိရင်လည်း တော်တော်လေးစိတ်ဒဏ်ရာရကြတယ်ပေါ့။ ...ဆိုတော့ ... လွိုင်ကော်မှာဆိုလို့ရှိရင်လည်း အရင်လကပဲ IDP camp မှာ လေယာဉ်နဲ့လာကြဲပြီးတော့မှ ကလေးတွေလည်း စာသင်ကျောင်းမှာ ကျောင်းတက်ရင်းနဲ့ ထိတ်လန့်ရတဲ့ကိစ္စတွေလည်း အားလုံးမြင်တွေ့ပြီးဖြစ်မယ်လို့ ကျမယုံကြည်တယ်။ အဲဒီမှာဆိုလို့ရှိရင်လည်း တခါတည်း သေဆုံးသွားတဲ့ အမျိုးသားတွေလည်းရှိတယ်။ ဆိုတော့ ကြည့်ရမယ်ဆိုလို့ရှိရင်တော့ စစ်ကောင်စီတွေက စစ်ရာဇဝတ်မှုကျူးလွန်တယ်။ ရည်ရွယ်ချက်ရှိရှိ ကျမတို့ပြည်သူလူထုရှိတဲ့နေရာမျိုးတွေကို သူတို့ တိုက်ခိုက်တယ်ပေါ့နော်။ ဥပမာ ဘာသာရေးကျောင်းမှာ သွားနေထိုင်တဲ့သူတွေ၊ နောက်ပြီးတော့မှ IDP camp မှာနေထိုင်တဲ့သူတွေ၊ တဆက်တည်းမှာ ရွာတွေမှာသွားနေတဲ့အချိန်မှာဆိုလို့ရှိရင်လည်း လက်နက်ကြီးကို သူတို့ရှိတဲ့နေရာကနေပြီးမှ ပစ်တာမျိုးတွေပေါ့နော်- ရမ်းသမ်းပစ်တာမျိုးဆိုလို့ရှိရင် တခါတည်း မသန်စွမ်းဖြစ်သွားတာမျိုး၊ တခါတည်း အသက်ရှင်ရင်းနဲ့သေနေသလိုမျိုး ကျမတို့က အများကြီးကျမတို့ မြင်ရတယ်ပေါ့နော်။ အခုဆိုလို့ရှိရင် စစ်တပ်တွေက မြို့ပေါ်မှာပဲ သူတို့ကနေနိုင်တယ်။ ခရီးထွက်တာမျိုးတွေ မလုပ်နိုင်တော့- သူတို့က တပ်ထဲမှာရှိပြီးတော့မှ လက်နက်ကြီးကို အခုနပြောတဲ့ IDP ရှိတဲ့နေရာ၊ လူထုရှိတဲ့နေရာတွေကို သူတို့ပစ်တယ်၊ တဆက်တည်းမှာပဲ မြို့ပေါ်မှာတွေပဲဖြစ်ဖြစ်၊ တချို့ရွာတွေမှာ သူတို့ မိုင်းထောင်ထားတယ်ပေါ့နော်၊ လူထုအသွားအလာများတဲ့နေရာတွေ၊ သူများအိုးအိမ်ရဲ့အဝင်အထွက်တွေမှာဆိုလို့ရှိရင်လည်း ရိက္ခာပြန်ယူတာတွေ၊ သူတို့ရဲ့အခက်အခဲကြောင့် တခုခုပြန်ယူတာမျိုးတွေဆိုလို့ရှိရင်လည်း မိုင်းထိပြီးတော့မှ သေဆုံးသွားတာမျိုးတွေ၊ မသန်မစွမ်း ဖြစ်သွားတာမျိုးတွေလည်း ကျမတို့မှာက ရင်ဆိုင်နေရတယ်ပေါ့နော်။”

မြန်မာ့အရေးစိတ်ဝင်စားသူတွေ လာရောက်ကြတဲ့ ပန်းချီပြပွဲကို ဒုက္ခသည်တွေအရေး ကူညီပေးနေတဲ့ ထိုင်းမြန်မာနယ်ခြား စေတနာ့ဝန်ထမ်းလုပ်ကိုင်နေသူတွေ People Empowerment Foundation လို အဖွဲ့အစည်းတွေက ကူညီပံ့ပိုးပြီး ဆောင်ရွက်ပေးခဲ့တာပါ။

ပြပွဲစီစဉ်သူ ထိုင်းနိုင်ငံသူတဦးဖြစ်တဲ့ Natty Onravee Tangmeesang က VOA ကို ရှင်းပြပပါတယ်။

“ကျမသိသလောက် သူတို့ထဲက တော်တော်များများက သူတို့ နေအိမ်တွေ ဆုံးရှုံးသွားတယ်။ သူတို့ မိသားစုတွေ ဆုံးရှုံးသွားကြတယ်။ အနာဂတ်ပျောက်နေကြပါတယ်။ ဒါကြောင့်လည်း IDP စခန်းတွေမှာ လာနေပြီး ဒီမှာပဲ ပညာဆက်သင်ကြရပါတယ်။ ဒီပန်းချီကားအားလုံးက IPD စခန်းထဲရောက်လာတဲ့ ကလေးငယ်တွေ၊ ဆယ်ကျော်သက်အရွယ်တွေ ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေပါ။”

တချိန် စစ်နဲ့လက်နက်ပိုင်ပဋိပက္ခတွေ မရှိတော့တဲ့အခါ သူတို့မျှော်မှန်းထားတဲ့ စိတ်ကူးယဉ်၊ အနာဂတ်၊ သူတို့နေထိုင်ချင်တဲ့ဘဝ၊ အတွေးတွေကို ပုံဖေါ်ထားတာဖြစ်ပါတယ။်

နယ်စပ်တနေရာစခန်းတွေမှာ ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေက ဘန်ကောက်မြို့ပေါ်ကို ရောက်လာခဲ့ပါတယ်။ ပန်းချီပြပွဲကတဆင့် မြို့ပြမှာ တန်ဖိုးထားမြတ်နိုးသူတွေ ဝယ်သွားကြပါတယ်။

ဒါပေမယ့်လည်း တချို့ပန်းချီကားရေးဆွဲသူဖန်တီးသူ အိုးမဲ့အိမ်မဲ့ဒုက္ခသည်တွေထဲက တချို့ကို အဆက်အသွယ်လုပ်လို့မရတော့သလို ဘယ်ရောက်သွားမှန်း မသိတော့ဘူးလို့ ပန်းချီကားအောက်မှာ ရေးထားတဲ့ မှတ်တမ်းတွေမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]

















XS
SM
MD
LG