သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးထုတ်ရာမှာသုံးတဲ့ ဓါတုဆေးဝါးတင်ပို့မှု ထိုင်းနဲ့မြန်မာရဲတပ်ဖွဲ ပူးပေါင်း စောင့်ကြပ်မည် 


မြန်မာနဲ့ထိုင်းနယ်စပ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
မြန်မာနဲ့ထိုင်းနယ်စပ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

စိတ်ကြွဆေးပြားထုတ်လုပ်ရာမှာ အသုံးပြုတဲ့ဓါတုဆေးတွေတင်ပို့မှုကို ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံရဲတပ်ဖွဲ့ကြား ပူးပေါင်း စောင့်ကြပ်သွားမယ့်အကြောင်း ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ Chinnapat Sarasin ကို ကိုးကားပြီး မနေ့က ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ရေးသားထားပါတယ်။

ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုအခြေအနေ ဆိုးဝါးလာတဲ့အတွက် ထိုင်းဘက်က မီသိုင်းအမ်ဖာတမင်းနဲ့ အမ်ဖာတမင်း စိတ်ကြွဆေးပြား ထုတ်လုပ်ရာမှာသုံးနိုင်တဲ့ ဓါတုဆေးတွေ မြန်မာနိုင်ငံထဲတင်ပို့နေတာကို ကြပ်မတ်ဖို့ တောင်းဆိုခဲ့တာပါ။ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့အကြီးအကဲတွေ ပြီးခဲ့တဲ့အပတ်က ရန်ကုန်ကိုသွားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်း The Nation သတင်းစာမှာ ရေးသားထားပါတယ်။

ဆိုဒီယမ် ဆိုင်ယာနိုက် ဓါတုဆေး တတန်ကို အမ်ဖာတမင်း စိတ်ကြွဆေးပြား သန်း ၂၀ ထုတ်လုပ်နိုင်ပြီး ဈေးပေါပေါနဲ့ ထုတ်လုပ်နိုင်တာကြောင့် ထိုင်းနိုင်ငံအတွင်းမှာ စိတ်ကြွဆေးပြား တပြားကို ၁၅ ဘတ်လောက်ဈေးနဲ့ လမ်းဘေးမှာ ဝယ်ယူနိုင်တဲ့အကြောင်း ထိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဘုတ်အဖွဲ့က ပြောပါတယ်။

မူးယစ်ဆေးထုတ်နိုင်တဲ့ ဓါတုဆေးတွေကို ရွှေတြိဂံဒေသ ဝလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ရာနေရာတွေဆီ ထိုင်းနိုင်ငံဘက်ကတင်ပို့ပြီး မီသိုင်းအမ်ဖာတမင်း စိတ်ကြွဆေးအဖြစ် အရှေ့တောင်အာရှ ဈေးကွက်ထဲကို ရောင်းချနေတယ် လို့လည်း ပြောပါတယ်။ မူးယစ်ဆေးဝါးထုတ်လုပ်သူလို့ သံသယရှိသူတွေဟာ မြန်မာနိုင်ငံဘက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်တဲ့နေရာတွေမှာ ခိုလှုံလေ့ရှိတဲ့အကြောင်းလည်း ထိုင်း ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ Chinnapat Sarasin က ပြောဆိုပါတယ်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကနေ ဒီနှစ် ဩဂုတ်လအထိ မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေမှာ မီသိုင်းအမ်ဖာတမင်း စိတ်ကြွဆေးပြား ငါးသန်း ကိုးသိန်းကျော်၊ ခရစ်စ္စတယ် မက် မူးယစ်ဆေး ကီလိုဂရမ် တသောင်း ရှစ်ထောင်ကျော်၊ မူးယစ်ဆေး ထုတ်ရာမှာသုံးတဲ့ ဓါတာဆေးတန်ချိန် တထောင့်ငါးရာ ဖမ်းဆီးမိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီပမာဏဟာ ထုတ်လုပ်ရောင်းချတဲ့ပမာဏရဲ့ အစိတ်အပိုင်းတခုသာဖြစ်ပြီး လမ်းဘေးတွေမှာ မူးယစ်ဆေးတွေကို ဈေးချိုချိုနဲ့ ဆက်လက်ရောင်းချနေဆဲဖြစ်တဲ့အကြောင်း ထိုင်း ရဲတပ်ဖွဲ့အရာရှိတွေက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]







XS
SM
MD
LG