သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာထွန်းမင်းလတ်ပိုင်ဆိုင်မှု ဒေါ်လာ ၄၇ သန်းကျော်ထိုင်းရဲ သိမ်းဆည်း


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာစီးပွါးရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်နေအိမ်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ်။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့၊ နိုဝင်ဘာ ၁၊ ၂၀၂၂)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာစီးပွါးရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်နေအိမ်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ်။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့၊ နိုဝင်ဘာ ၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံမှာ ငွေကြေးခဝါချမှု၊ မူးယစ်မှောင်ခိုမှုတို့နဲ့ တရားစွဲခံထားရတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်နဲ့ ပတ်သက်နေတဲ့ပိုင်ဆိုင်မှု ထိုင်းဘတ်ငွေ ၂ ဘီလျံနီးပါးကို ထိုင်းရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာနတို့က သိမ်းဆည်းလိုက်ပါတယ်။ ဒေါက်တာထွန်းမင်းလတ်ဟာ ထိုင်းနိုင်ငံထဲက မူးယစ်မှု ၅ မှုနဲ့ပတ်သက်နေတယ်လို့ ထိုင်းတရားရေးဝန်ကြီးက သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက အပြည့်အစုံတင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ မူးယစ်မှောင်ခိုကူးမှု၊ မူယစ်ဆေးဝါးကရတဲ့ ငွေမည်းတွေကိုငွေဖြူအဖြစ်ခဝါချမှုတွေနဲ့ စက်တင်ဘာလက ဖမ်းဆီးခံထားရတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်ရဲ့ပိုင်ဆိုင်မှု ခန့်မှန်းခြေ ထိုင်းဘတ်ငွေ ၁.၈ ဘီလျံ၊ အမေရိကန်ဒေါ်လာ ၄၇ သန်းကျော်ကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်ပါတယ်။ အဲဒီထဲမှာ ဟိုတယ်လုပ်ငန်းတွေ၊ အပန်းဖြေနေရာတွေ၊ ဇိမ်ခံပစ္စည်းတွေ၊ ဇိမ်ခံကားတွေနဲ့ ဘဏ်ထဲမှာ သိမ်းဆည်းထားတဲ့ ငွေတွေ စတဲ့ပိုင်ဆိုင်မှုတွေ ပါဝင်တယ်လို့ ထိုင်းနိုင်ငံ တရားရေးဌာနဝန်ကြီး Somsak Thepsutin ကသတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ ပြောကြားခဲ့ပါတယ်။

“ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးထားတဲ့ ထွန်းမင်းလတ်ရဲ့ပိုင်ဆိုင်မှုတွေဖြစ်တဲ့ မဲဟောင်ဆောင်၊ ဟွာဟင်၊ ပရာကျွတ်ခီရီကန်၊ ဆုန်ခလာပြည်နယ်တွေမှာရှိတဲ့ သူ့ရဲ့ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၁,၈၀၀ လောက်တန်ဖိုးရှိတဲ့ပစ္စည်းတွေကို သိမ်းယူလိုက်ပါတယ်။ အခုလိုသိမ်းယူခဲ့ရတာဟာ ထွန်းမင်းလတ်အနေနဲ့ ထိုင်းနိုင်ငံတွင်းမှာ မူးယစ်ဆေးဝါးအမှု ၅ မှုနဲ့ ပါဝင်ပတ်သက်နေတာကို ထိုင်းရဲတပ်ဖွဲ့နဲ့ မူးယစ်နှိမ်နင်းရေးအဖွဲ့တွေက ပူးပေါင်းပေါင်းဖော်ထုတ်နိုင်ခဲ့တာကြောင့်ဖြစ်တယ်။” လို့ ပြောသွားတာပါ။”

ထိုင်းဘတ်ငွေ ၁,၈၅၈ သန်းဖိုးလောက်ရှိတယ်လို့လည်း တရားရေးဝန်ကြီးက ထုတ်ပြန်သွားပါတယ်။ ဒေါက်တာထွန်းမင်းလတ်ရဲ့ တခြားပိုင်ဆိုင်မှုတွေကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖော်ထုတ် ထိန်းချုပ်သွားဖို့လုပ်နေတယ်လို့ Bangkok Post သတင်းစာမှာ ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ်ကတည်းက ထိုင်းနိုင်ငံအတွင်မှာဖမ်းမိခဲ့တဲ့ သန်းနဲ့ချီတဲ့ စိတ်ကြွဆေးပြားတွေနဲ့အတူ မူးယစ်တရားခံတွေရဲ့ကွင်းဆက်တွေကို စစ်ဆေးဖော်ထုတ်တဲ့အခါမှာ နောက်ကွယ်ကနေ ထွန်းမင်းလတ်ပါဝင်ပတ်သက်နေတာ စုံစမ်းဖေါ်ထုတ်နိုင်ခဲ့တယ်လို့လည်း တရားရေးဝန်ကြီးက ပြောပါတယ်။

စက်တင်ဘာလအတွင်း ဘန်ကောက်မြို့မှာ ထိုင်းရဲတွေ ဖမ်းဆီးခံခဲ့ရတဲ့ ဒေါက်တာထွန်းမင်းလတ်ရဲ့အမှုကို ထိုင်းမြို့တော်နယ်နမိတ် ရဲတပ်ဖွဲ့ ဗျူရိုနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဘုတ်အဖွဲ့က ပူးတွဲ စုံစမ်းစစ်ဆေးနေပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက ဒေါက်တာထွန်းမင်းလတ်ရဲ့ ငွေကြေးလွှဲပြောင်းမှု မှတ်တမ်းတွေကို စုံစမ်းခဲ့တဲ့အကြောင်းနဲ့ ဒီအမှုဟာ စစ်ဆေးနေတဲ့အမှု ၂ ခုထဲက တခုဖြစ်တယ်လို့ ထိုင်း တရားရေးဝန်ကြီး Somsak Thepsutin က ပြောပါတယ်။

ဒေါက်တာထွန်းမင်းလတ်ဟာ ထိုင်းနိုင်ငံမှာ ကုမ္ပဏီ (၃) ခုဖွင့်ထားပြီး မူးယစ် ဆေးဝါးကနေရတဲ့ငွေမည်းတွေကိုငွေဖြူအဖြစ်လုပ်ဆောင်နေတာကို စစ်ဆေးတွေ့ရှိတာကြောင့် သူနဲ့အတူ အပေါင်းပါ ၄ ဦးကို ဖမ်းမိထားတယ်လို့ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ် ။ နောက်ထပ် ၂ ဦးကတော့ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ကဆိုပါတယ်။ သူတို့တွေကတော့ ဒေါက်တာထွန်းမင်းလတ်နဲ့အတူ စီးပွာရေးအတူလုပ်နေသူများဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်ဟာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ရင်းနှီးပြီး သူ့မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေကို ကူညီပံ့ပိုးနေသူဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရွှေတြိဂံတိုင်းနယ်မြေမှာ တိုင်းမှူးအဖြစ် တာဝန်ထမ်းစဉ် ရင်းနှီးခဲ့တာဖြစ်လို့ နီးစပ်သိရှိသူတွေက ပြောပါတယ်။ ဒေါက်တာထွန်းမင်းလတ် ထိုင်းနိုင်ငံမှာ ဖမ်းဆီး တရားစွဲခံထားရတဲ့ အမှုနဲ့ပတ်သက်လို့ စစ်ကောင်စီကို VOA က မေးမြန်းထားပေမယ့် တစုံတရာတုံ့ပြန်ခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]











XS
SM
MD
LG