သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ယက်ကုန်းက ကလေးငယ်တချို့ ပြန်လွတ်လာ 


 လေကြောင်း တိုက်ခိုက်မှုအပြီး မြင်ရသည့် လက်ယက်ကုန်းရွာ စာသင်ကျောင်းတခု။ (ယခင်မှတ်တမ်းဓာတ်ပုံ/ Photo: Citizen Journalist)
လေကြောင်း တိုက်ခိုက်မှုအပြီး မြင်ရသည့် လက်ယက်ကုန်းရွာ စာသင်ကျောင်းတခု။ (ယခင်မှတ်တမ်းဓာတ်ပုံ/ Photo: Citizen Journalist)

[[Zawgyi/Unicode]]

စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခံရအပြီး မြန်မာစစ်တပ်ဘက်က ခေါ်ဆောင်သွားတဲ့ကလေးငယ်တချို့နဲ့ ဒေသခံတချို့ အောက်တိုဘာ ၂၀ ရက်နေ့က နေအိမ်တွေဆီပြန်ရောက်လာပြီလို့ မိသားစုတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ကျန်နေသေးတဲ့အထဲက ဒဏ်ရာရတဲ့ကလေးငယ် ၂ ယောက်ကတော့ ဆေး ဆက်ကုသနေဆဲပဲလို့ ပြောပါတယ်။ လက်ယက်ကုန်းရွာကို ပြန်ရောက်လာတဲ့ ကလေးငယ်တွေအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လက်ယက်ကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခံရအပြီး ဒဏ်ရာရတဲ့ကလေးငယ်တချို့ကို ဆေးကုသပေးဖို့ မြန်မာစစ်တပ်ဘက်က ခေါ်သွားခဲ့တဲ့အထဲက ကလေးငယ် ၄ ဦးနဲ့ နောက်ထပ် ဒေသခံ ၃ ဦး နေအိမ်တွေဆီ ပြန်ရောက်လာတာပါ။ တိုက်ခိုက်မှုအပြီး ၁ လ နဲ့ ၄ အရက်အကြာ အောက်တိုဘာ ၂၀ ရက်နေ့မှာ မိသားစုတွေဆီ ပြန်ရောက်လာခဲ့တဲ့အကြောင်း အကူအညီပေးနေသူ တဦးက ပြောပါတယ်။

“ ရေဦးမှာရှိတဲ့ ကလေး ၄ ဦး၊ အားလုံးပေါင်း ၇ ဦး၊ ဒေသခံ ၃ ဦးနဲ့ (လွတ်လာတာ)။ ဒေသခံဆိုတာက အဲ့ဒါလည်း ကျောင်းသားတွေပါပဲ။ ကျန်တဲ့သူတွေ ရေဦးမှာ ပြည်သူ ၂ ဦးကျန်သေးတယ်။ ကလေး ၂ ဦးက လေယာဉ်နဲ့ ခေါ်သွားတဲ့ ကလေး ၂ ဦးပေါ့။ သူတို့ကျန်သေးတယ်။ ပြည်သူ ၂ ဦးက PDF ဆိုပြီးခေါ်သွားတာာ သူတို့က ထိခိုက်ဒဏ်ရာရလို့မဟုတ်ဘူး။ ဒီအတိုင်းကို အခြားသူ ၁ ဦးရဲ့ မဟုတ်မမှန်စွပ်စွဲချက်နဲ့ အချုပ်ထဲမှာချုပ်ထားတယ်လို့ ကြားရတယ်။ ကလေး ၂ ဦးက လေယာဉ်နဲ့ ပစ်ခတ်ခံရတုန်းက ထိခိုက်ဒဏ်ရာတွေ အရမ်းပြင်းထန်တဲ့အခါကျတော့ မပျောက်သေးလို့-လို့ ကျနော်တို့ကြားရတယ်။ ကလေးတွေရဲ့ ကျန်းမာရေး အဆင်ပြေတယ်။ ဒဏ်ရာတွေအနာတွေပျောက်ပြီး ဒဏ်ရာအနာရွတ်လေးတွေတော့ရှိတယ်လို့ သိရတယ်။”

လက်ယက်ကုန်းကျောင်းကို စစ်တပ်ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်တပ်က ၁၄ ဦးကို ခေါ်ဆောင်သွားပါတယ်။ အဲဒီထဲက ဒေသခံ ၂ ဦးနဲ့ ကလေး ၁ ဦး ပေါင်း ၃ ဦး အစောပိုင်းက ပြန်လွှတ်ပေးခဲ့ပြီး နောက်ထပ်ကလေးငယ် ၄ ဦးနဲ့ ဒေသခံ ၃ ဦးတို့ကို အောက်တိုဘာ ၂၀ ရက် မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ၁၄ ဦးထဲက စုစုပေါင်း ၁၀ ဦးပြန်လွတ်လာပြီဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ PDF အဖွဲ့ဝင်ဆိုပြီး ဖမ်းဆီးခံထားရသူ ၂ ယောက်နဲ့ ဒဏ်ရာရသူ ကလေး ၂ ဦးတို့ဖြစ်ပါတယ်။ ကလေးနှစ်ယောက်ကတော့ ပစ်ခတ်ချိန်ရတဲ့ ဒဏ်ရာတွေ ပြင်းထန်လို့ မုံရွာမြို့နဲ့ ရန်ကုန်မြို့တို့မှာ ဆက်လက် ဆေးကုသပေးနေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကလေးငယ်တွေ ပြန်လည် လွတ်မြောက်လာတာနဲ့ ပတ်သက်လို့ လက်ယက်ကုန်းရွာက မိဘတဦးက ဗွီအိုအေကို အခုလို ဖြေကြားပါတယ်။

“အကုန်လုံးကောင်းကောင်းမွန်မွန်ရှိတယ်။ နေမှုထိုင်မှုကော ကျွေးမွေးမှုကော၊ ဆေးကုသမှုကော အကုန်လုံးအဆင်ပြေတယ်။ အကျဉ်းကနေ အကျယ်ဆိုတော့ပျော်တာပေါ့။ အပြင်ရောက်တော့ ပိုပျော်တာပေါ့။ နောက်နောင် ဒီလို အဖြစ်တွေမဖြစ်ပါစေနဲ့ဆုတောင်းရတာပေါ့။ သေတွင်းကနေ ထွက်လာရတာဆိုတော့ ကံကောင်းလို့ထွက်လာရတာလေ။”

မြန်မာစစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုအတွင်း တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ကျေးရွာထဲကို ဦးတည်ပစ်ခတ်တဲ့အတွက် ကလေးငယ် ၁၁ ဦး သေဆုံးကြောင်း ဒေသခံသတင်းတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ ကလေးငယ် ၁၁ ဦးသေဆုံးတယ်ဆိုတဲ့ သတင်းတွေဟာ မှားယွင်းတယ်ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။ ဘယ်နှစ်ယောက်သေဆုံးတယ်ဆိုတာကို အတိအကျ ပြောဆိုခြင်းတော့ မရှိပါဘူး။ ဒီတိုက်ခိုက်မှုမှာ အရပ်သားတွေကို ပစ်မှတ်ထားတာမဟုတ်ဘဲ ဘုန်းတော်ကြီးကျောင်းအတွင်း ပုန်းအောင်းနေတယ်လို့ ယူဆရတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်တွေနဲ့ PDF တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]









XS
SM
MD
LG