သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီပဲယင်း လက်ယက်ကုန်းရွာ တိုက်ခိုက်မှု ပြန်ရောက်မလာသူတွေ ရှိဆဲ 


စက်တင်ဘာလ ၁၆ ရက်ဒီပဲယင်းမြို့နယ်တွင်း တိုက်ပွဲဖြစ်စဉ်ကို တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်တဲ့ မှတ်တမ်းဓာတ်ပုံ။ (စက်တင်ဘာလ ၁၉ ၊ ၂၀၂၂)
စက်တင်ဘာလ ၁၆ ရက်ဒီပဲယင်းမြို့နယ်တွင်း တိုက်ပွဲဖြစ်စဉ်ကို တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်တဲ့ မှတ်တမ်းဓာတ်ပုံ။ (စက်တင်ဘာလ ၁၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း လက်ယက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ပေါ် မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား ပြောဆိုချက်တွေ ကွဲလွဲနေပါတယ်။ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၇ ဦး အပါအဝင် ၁၃ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံရတဲ့သူ တချို့လည်း ၄ ရက်ကြာတဲ့အထိ ပြန်မလွတ်မြောက်တဲ့အတွက် ဒေသခံတချို့ စိုးရိမ်နေပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒဏ်ရာရသူတွေကို ဆေးကုသပေးနေကြောင်းနဲ့ ဓါးစာခံအဖြစ် ဖမ်းဆီးထာတာမရှိဘူးလို့ ပြောဆိုပါတယ်။ ဒီပဲယင်းမြို့နယ် လက်ယက် ကုန်းရွာ တိုက်ခိုက်ခံရပြီး အခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း လက်ယက်ကုန်းကျေးရွာက ကလေးငယ်တွေ စာသင်ကြားနေတဲ့ စာသင်ကျောင်းကို စက်တင်ဘာ ၁၆ ရက်နေ့လယ်ပိုင်းမှာ မြန်မာစစ်တပ်က လေကြောင်းကနေပစ်ခတ်ခဲ့လို့ ကလေးငယ် ၇ ဦး အပါအဝင် စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက အတည်ပြုပြောပါတယ်။ စစ်ကောင်စီ ဘက် ကတော့ PDF နဲ့ KIA လက်နက်ကိုင်အဖွဲ့တွေက ရွာသားတွေကို ဘုန်းကြီးကျောင်း အောက်မှာနေခိုင်းပြီး လူသားဒိုင်းအဖြစ် အသုံးချခဲ့တာကြောင့် တိုက်ခိုက်တဲ့အချိန် ထိခိုက်ခဲ့တာဖြစ်တဲ့အကြောင်း ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ ထိခိုက်သေဆုံးတဲ့၊ ဒဏ်ရာရတဲ့ အရေအတွက်ကိုတော့ အတည်ပြု ပြောဆိုခြင်းမရှိပါဘူး။

တိုက်ခိုက်မှုဖြစ်ပွားအပြီး ဒဏ်ရာခဲ့တဲ့ကလေးငယ်တွေအပါအဝင် ဒေသခံ ၁၉ ဦး ကို စစ်ကောင်စီဘက်က ရေဦးမြို့ပေါ်ကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကားမောင်းဖို့ ခေါ်ဆောင်သွားတဲ့ ၂ ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကလေးငယ် ၁၂ ဦး အပါအဝင် စုစုပေါင်း ၁၇ ဦး၊ ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ လက်ယက်ကုန်းကျေးရွာသားတဦးက အခုလိုပြောပါတယ်။

“လူကြီး ၅ ယောက် ကလေး ၁၂ ယောက်ခင်ဗျ။ မိဘတွေနဲ့ အဆက်အသွယ်ရတာ ကလေး ၂ ယောက်လောက်ပဲရှိတယ်။ နေရထိုင်ရတာ အဆင်ပြေတယ်။ ဆေးကုပေးတယ်ဆိုတဲ့အကြောင်းကို လှမ်းသတင်းပို့တယ်။ အသက်အန္တရာယ် အာမခံချက်မရှိတော့ စိုးရိမ်တာပေါ့။ သူတို့ ဘယ်လိုနေထိုင်ရလဲဆိုတာ ဘာမှ သတင်းမရတော့ အကုန်လုံး စိုးရိမ်နေကြတယ် တရွာလုံးပဲ။ မြို့ပေါ်မှာ လိုက်စုံစမ်းတာတော့မရှိဘူး။ ကျနော်တို့မှာ မြို့ပေါ်တက်နိုင်တဲ့ အရည်အချင်းမရှိသေးဘူး။ သူတို့ဆီက ရနိုင်မယ့် သတင်းလေးကိုပဲ စောင့်မျှော်ပြီးတော့ နေရတယ်ခင်ဗျ။ မြို့ပေါ်ကို မတက်ရဲဘူး။ သူတို့က ယောက်ကျားလေးမှန်သမျှ အကုန်လုံးလိုလိုကိုဖမ်းတာ။”

စစ်ကောင်စီဘက်ကတော့ တယောက်ကိုမှ ဓားစာခံအနေနဲ့ ခေါ်ဆောင်သွားတာ မရှိဘဲ ဒဏ်ရာရရှိသူတွေကို ရေဦးနဲ့ ဒီပဲယင်းတို့က ဆေးရုံတွေမှာ ဆေးကုသပေးနေတာ ဖြစ်တဲ့အကြောင်း ရှင်းလင်းထားပါတယ်။ ဆေးကုသနေတဲ့ ဒေသခံ ရွာသား တချို့ရဲ့ ပြောဆိုချက် ဗွီဒီယိုတွေနဲ့အတူ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်ရှင်းလင်းပါတယ်။

“လူတွေကိုလည်း တပ်ကနေ ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်တို့ မဟုတ်တရုတ်တွေ ရေးသေးတယ်။ အဲ့လိုရေးတဲ့အပြင် ကျနော်တို့အနေနဲ့ ဆေးကုသပေးနေတယ်။ ကလေးငယ် ၂ ယောက်ဆိုရင် ဒဏ်ရာ ပြင်းထန်လို့ ချက်ချင်းစစ်ဆေးရုံကို ပို့တာဖြစ်တယ်။ သူတို့ကိုလည်း ရေဦးတို့ ဒီပဲယင်းတို့ ဆေးရုံတွေမှာ အခုချိန်ထိ ကုသပေးနေတာတွေရှိတယ်။”

လေကြောင်းက တိုက်ခိုက်တဲ့နေရာဟာ KIA နဲ့ PDF တပ်တွေ လက်နက်တွေ လွှဲပြောင်းပို့တဲ့နေရာအဖြစ် အသုံးချနေသလို ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးချခံနေရတယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲတာပါ။

ဒေသခံတွေနဲ့ PDF အဖွဲ့တွေကတော့ ကလေးငယ်တွေ စာသင်ကြားနေတဲ့အချိန် မှာ ရည်ရွယ်ချက်ရှိရှိတဲ့ ကလေးတွေရှိတဲ့နေရာကို စစ်ကောင်စီဘက်က လေကြောင်းကနေ ရုတ်တရက် ပစ်ခတ်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတာ မဟုတ်ဘဲ တဖက်သတ် မဆင်မခြင် ပစ်ခတ်ခဲ့တာလို့ ပြောဆိုထားပါတယ်။

ဒီပဲယင်းမြို့နယ် ဒေသခံတေတွကတော့ အခုလို ကလေးငယ်တွေ သေဆုံးတဲ့အထိ ပစ်ခတ်ခံခဲ့ရတဲ့အတွက် စိုးရိမ်ထိတ်လန့်နေပါတယ်။ ဒေသခံတဦးက အခုလိုပြောပါတယ်။

“စာသင်ကျောင်းကို၊ ကလေးတွေကိုအဓိကထားပြီး ပစ်မှတ်ထားပြီး တိုက်ခိုက်သလိုဖြစ်တဲ့အတွက် ပြည်သူတွေကတော့ အထိတ်တလန့် ဖြစ်နေကြတာပေါ့။ ဘာလို့လဲဆိုတော့ ကျေးရွာကိုဦးတည်ပြီး ပစ်သွားတာဖြစ်တဲ့အတွက် တမြို့နယ် လုံးက ရွာသူရွာသားတွေက အထိတ်တလန့်ဖြစ်ပြီး ရွာတွေထဲမှာကို မနေရဲလောက်အောင်ကို ဖြစ်နေတယ်ခင်ဗျ။ အဲ့ဒါမျိုး အဖြစ်ဆိုးတွေကို နောက်ထပ် ထပ်ကြုံမှာစိုးတဲ့အတွက် ရွာတိုင်းလိုလိုက ဒီမှာ စစ်ကြောင်းဝင်နိုင်တယ်ဆိုတဲ့ ကောလဟာလ တွေကြောင့် ရွာသားတွေက ရွာတွေထဲ မနေနိုင်တော့ဘဲ ရွာအပြင်မှာနေ နေကြတဲ့ပုံစံမျိုးတွေဖြစ်နေတယ်။”

ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF အဖွဲ့ကတော့ ဒီပဲယင်း မြို့နယ် စာသင်ကျောင်း တိုက်ခိုက်ခံရပြီး ကျောင်းသူကျောင်းသား အနည်းဆုံး ၁၅ ဦးပျောက်ဆုံးနေတဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ကလေးငယ်တွေကို အန္တရယ်ကင်းကင်းနဲ့ ပြန်လွှတ်ပေးဖို့အပြင် စာသင်ကျောင်းတွေဟာ ဘေးကင်းလုံခြုံတဲ့နေရာတွေဖြစ်ဖို့နဲ့ ကလေးငယ်တွေကို ဘယ်တော့မှ မတိုက်ခိုက်ဖို့ UNICEF အဖွဲ့က သတိပေးပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရာဇဝတ်မှုကျူးလွန်သူတွေကို တာဝန်ခံယူမှု ရှိစေရေးအတွက် ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ အရေးယူနိုင်အောင် ဆောင်ရွက်ကြဖို့ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို Save the Children ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hassan Noor Saadi ကလည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အမြန်ဆုံး အစည်းအဝေးခေါ်ယူဖို့နဲ့ ကလေးသူငယ် အခွင်အရေးအားလုံးကို အကာအကွယ်ပေးနိုင်မယ့် ဆုံးဖြတ်ချက် တခုချမှတ်ဖို့အပြင် အာဆီယံအနေနဲ့လည်း အရေးယူဆောင်ရွက်တာတွေ ပိုမိုလုပ်ဆောင်ဖို့ Hassan Noor Saadi ကပြောကြားခဲ့ကြောင်း Save The Children အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]
















XS
SM
MD
LG