သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကြီးကြောင့် ကျောင်းထဲခိုလှုံနေတဲ့ကလေးငယ်သေဆုံး 


ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါနိုးကူးကျေးရွာ (Crd: MIMU)
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါနိုးကူးကျေးရွာ (Crd: MIMU)

[[Zawgyi/Unicode]]

ရှမ်းပြည်နယ်နဲ့ကယားပြည်နယ် နယ်စပ်ဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ်နဲ့ဖယ်ခုံမြို့နယ်က စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ နေရာတွေမှာ ပြီးခဲ့တဲ့ ၂ ရက်က မြန်မာစစ်တပ် ဘက်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေကြောင့် အရပ်သားကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရှိသွားတယ်လို့ ဒေသခံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ပြောပါတယ်။ ဒေသတည်ငြိမ်စပြုလာတဲ့အတွက် ရွာသူရွာသားတွေ နေရပ်ပြန်လာနေတဲ့အချိန်မှာ အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် နောက်ထပ် ဘေးလွတ်ရာကို ထပ်မံတိမ်းရှောင်နေကြရတယ်လို့လည်း ပြောပါတယ်။ ကယားပြည်နယ်အတွင်းက စစ်ပြေးဒုက္ခသည်တွေရဲ့အခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို မအိသန့်စင်က တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ ၁၅ ရက် မနေ့က ညနေပိုင်းက ကရင်နီပြည်ခေါ် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း စစ်ပြေးဒုက္ခသည်တွေ ခိုလှုံတဲ့ ကျောင်းအဆောက်အဦးတလုံးပေါ်ကို လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ မိသားစုဝင် ၉ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အဲ့ဒီထဲက ၅ နှစ်အရွယ်ကလေးငယ် ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတဦးက VOA ကို ခုလို ပြောပါတယ်။

“မနေ့က ၅ နာရီကျော်ကျော်လောက်ပေါ့နော် အမှောင်ပြုကျတဲ့အချိန်မှာ လက်နက်ကြီးကျတာဗျ။ ကျတော့ အဲ့ဒီမှာရှိတဲ့ လူအားလုံးတော့ ထိခိုက်ဒဏ်ရာရတာပေါ့နော်။ နောက် ကလေးငယ်ယောက်ဆုံးပါးသွားတယ်၊ ဟုတ်။ စစ်ရှောင်ရယ်၊ ပြီးတော့ ရွာသူရွာသားတွေ ပြည်သူတွေ အများဆုံးနေထိုင်တဲ့နေရာပေါ့နော်၊ ထိခိုက်ဒဏ်ရာက အိမ်ထောင်ကျလူကြီးက ၃ တွဲဆိုတော့ ၆ ယောက်ရှိတယ်ဗျ။ ဟုတ်။ နောက်ပြီးတော့ သူတို့ သမီးငယ်တယောက်ရှိမယ်ဗျ ။ ကလေးငယ်ငယ်လေးက ၂ ယောက်ပေါ့နော်။ သေဆုံးသွားတာတယောက်ပေါ့နော်၊ ကလေးငယ်ငယ်က ၂ ယောက်ဗျ၊ ဟုတ်။”

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားကလည်း ဒဏ်ရာရ ကလေးငယ် ၁ ဦးသေဆုံးတဲ့အပြင် ကျန်ထိခိုက်ဒဏ်ရာရရှိသူတွေထဲက ၄ ဦးဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားတယ်လို့ အခုလို အတည်ပြုပြောဆိုပါတယ်။

“ဒေါနိုးကူးရွာမှာရှိတဲ့ မူကြိုကျောင်းပေါ်လက်နက်ကြီးကျတာပေါ့နော်။ ကျတော့ အကုန်လုံး မိသားစုတစုလုံးပေါ့နော် ထိတယ်၊ ၉ ယောက် ထိတာပေ့ါနော်၊ ၉ ယောက်ထဲမှာက ၄ ယောက်ပြင်းထန်ပြီးတော့မှ ၄ ယောက်ထဲက ကလေးတယောက်က ဆုံးသွားတယ်ပေါ့နော်။”

အခု လက်နက်ကြီးကျတဲ့ ဒေါနိုးကူးကျေးရွာဟာ တိုက်ပွဲမဖြစ်ဖူးတဲ့ ကျေးရွာတွေဖြစ်ပြီး ထောင်နဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ လာရောက်ခိုလှုံတဲ့နေရာတွေလို့ ဒေသခံက ပြောပါတယ်။ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်ပြီး တချို့သူတွေက တခြားဘေးကင်းတဲ့နေရာကို ထပ်မံပြောင်းရွှေ့ သွားတာလည်း ရှိတယ်လို့ ဆိုပါတယ်။

အလားတူ နိုဝင်ဘာလ ၁၄ ရက် ညပိုင်းက ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အရှေ့ခြမ်း တောင်ပို့ကြီးရွာ ဆီးမီးလော့ရွာတွေဘက်လည်း မြန်မာစစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရပြီး နေအိမ် တချို့လည်း ပျက်စီးသွားတယ်လို့ ဆီးမီးလော့ရွာခံက ပြောပါတယ်။

“တောင်ပို့ကြီးရယ်၊ နောက် ဆီးမီးလော့ကျေးရွာရယ်၊ လယ်ထွန်ကျေးရွာရယ်ပေါ့နော် လက်နက်ကြီးကျတာပေါ့နော်။ ဒီတိုက်ပွဲမရှိဘဲနဲ့ လက်နက်ကြီးကျတာ။ လက်နက်ကြီးကျတာကျတော့ အိမ် ၄ လုံးပျက်တယ်။ နွားတကောင်သေတယ်၊ နောက်လူ ၃ ယောက်ထိခိုက်ဒဏ်ရာရတယ်။ ထပ်ရှောင်ရတယ်။ ဆီးမီးလော့ကျေးရွာရယ်၊ နောက် ညောင်ပင်သာရယ်။ ဒီရှမ်း ဆောင်ကန်းရယ်၊ နောက် လယ်ထွန်ပထုပေါ့၊ အဲ့ဒီရွာတွေက လွတ်ရာပြေးရှောင်ကြတယ်။”


အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုချက်မရသေးသလို မြန်မာစစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအပေါ် စစ်ကောင်စီဘက်က တုံ့ပြန်အတည်ပြုတာတော့ မရှိသေးပါဘူး။

ဖယ်ခုံမြို့နယ်အရှေ့ခြမ်းမှာ ဒေသတည်ငြိမ်အစပြုလာလို့ ရွာသူရွာသားတွေ နေရပ် ပြန်လာနေတဲ့အချိန်မှာ အခုလို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရတာလို့ ပြောပါတယ်။ ဒါကြောင့် ဆီးမီးလော့ရွာ၊ တောင်ပို့ကြီးရွာ၊ လယ်ထွန်ရွာ၊ ညောင်ပင်သာရွာ၊ ဆောင်ကန်းရွာ စတဲ့ပတ်ဝန်းကျင် ကျေးရွာတွေလည်း သူတို့ရွာတွေမှာ မနေရဲတော့ဘဲ ဘေးလွတ်ရာကို ထပ်မံတိမ်းရှောင်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===================

[[Unicode]]













XS
SM
MD
LG