သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိမှု ၄ မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၆ နှစ် ထပ်မံချမှတ်


ဒေါ်အောင်ဆန်းစုကြည် (စက်တင်ဘာ ၁၃၊ ၂၀၁၈)
ဒေါ်အောင်ဆန်းစုကြည် (စက်တင်ဘာ ၁၃၊ ၂၀၁၈)

[[Zawgyi/Unicode]]


နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် စွပ်စွဲတရားစွဲဆိုခံထားရတဲ့ အမှုတွေထဲက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဆက်စပ်တဲ့ အဂတိအမှု ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ် နေပြည်တော် အကျဉ်းထောင် အထူးတရားရုံးက ဒီကနေ့ ချမှတ်လိုက်ပါတယ်။ လရောင်တော စိုက်ပျိုး သက်မွေးပညာသင်တန်းကျောင်း စီမံကိန်း မြေနေရာ နှစ်ခုရယူခဲ့တာနဲ့ ဆက်စပ်တဲ့အမှုတွေနဲ့ လရောင်တောစီမံကိန်းအတွင်း နေထိုင်ဖို့ နေအိမ်ဆောက် လုပ်တယ်ဆိုပြီး စွဲဆိုထားတဲ့ အမှုတွေ ပါဝင်ပါတယ်။ ရန်ကုန်က လာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒီနေ့ နေပြည်တော်အကျဉ်းထောင် အထူးတရားရုံးကချမှတ်လိုက်တဲ့ အမှုတွေထဲမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လရောင်တောစိုက်ပျိုးသက်မွေးပညာသင် တန်းကျောင်း စီမံကိန်း မြေနေရာ နှစ်ခု ရယူခဲ့တာနဲ့ဆက်စပ်တဲ့အမှု နှစ်ခုနဲ့ လရောင်တောစီမံကိန်းအတွင်း နေထိုင်ဖို့ နေအိမ်ဆောက် လုပ်တယ်ဆိုပြီး စွပ်စွဲထားတဲ့အမှုတွေအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာ ဌားရမ်းမှုမှာ ပေါက်ဈေးထက်နည်းအောင်လုပ်ဆောင်ခဲ့မှုတွက်စွဲဆိုထားတဲ့ အမှုတွေ ပါဝင်ပါတယ်။

နေပြည်တော်မှာစွဲဆိုထားတဲ့ အမှု ၃ မှုအတွက် ထောင်ဒဏ် ၃ နှစ်နဲ့ ရန်ကုန်မှာ စွဲဆိုထားတဲ့ အမှုအတွက် သီးခြား ၃ နှစ် ချမှတ်လိုက်တာပါ။

နေပြည်တော်မှာစွဲဆိုထားတဲ့အမှုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပြင် NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့ ဒုမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဦးမင်းသူတို့လည်း ပူးတွဲ တရားစွဲဆိုခံခဲ့ရပါတယ်။ သူတို့ ၃ ဦး စလုံးကိုလည်း ထောင်ဒဏ် ၃ နှစ်ထိ ချမှတ်ခဲ့ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတဲ့ ဒီအမှုလေးမှုအတွက် ဒေါ်အောင်ဆန်းစုကြည် တနှစ်ကျော်ကြာတရားရင်ဆိုင်ခဲ့ရပါတယ်။ အမိန့်ချခဲ့တဲ့အမှုတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာအဆင့်ဆင့်ကို ဆက်လက်အယူခံဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေဘက်က ပြင်ဆင်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အနေနဲ့ ဥပဒေမဲ့လုပ်ဆောင်ခဲ့တာ၊ နောက်ပြီးအလွဲသုံးစားလုပ်ဆောင်ခဲ့တာ မရှိခဲ့တာမို့ အပြစ်မရှိဘူးလို့ တရားရုံးမှာထွက်ဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုပေါင်း ဒါဇင်ကျော်နဲ့ တရားစွဲဆိုတာမှာ အဲဒီထဲမှာ အဂတိလိုက်စားတဲ့စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတဲ့ အမှု ၁၀ မှုလည်း ပါဝင်ပါတယ်။ ဒီ ၁၀ မှုထဲက ကနဦး စွဲဆိုထားတဲ့ အဂတိ အမှု ၄ မှုကို အပြီးသတ် အမိန့်ချမှတ်မှတ်လိုက်တာပါ။ စွဲဆိုထားတဲ့ အမှုတွေနဲ့ပတ်သက်လို့ တရားရုံး ကြားနာမှုတွေကို သတင်းထောက်တွေ လာရောက်ခွင့် မရှိသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို မပြောဖို့ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။

အမှုစစ်ဆေးတာတွေမှာ ပြစ်မှုကျုးလွန်ပါတယ်ဆိုပြီး သတ်မှတ်နိုင်တဲ့ ဖေါ်ပြချက်တွေထဲက ဘယ်တခုနဲ့မှ ဒေါ်အောင်ဆန်းစုကြည် မငြိစွန်းခဲ့ဘူးဆိုတာ ပေါ်လွင်ထင်ရှားခဲ့တယ်လို့ ဒီအမှုကို ဒေါ်အောင်ဆန်းစုကြည်ဘက်က လိုက်ပါဆောင်ရွက်တဲ့ တရားရုံးနဲ့ နီးစပ်သူတွေ VOA ကို ပြောပြပါတယ်။ တချိန်တည်းမှာ အပြစ်ရှိတယ် ဆိုတာ ခိုင်မာစေမယ့် သက်သေပြနိုင်တာမျိုးလည်း မရှိခဲ့ဘူးလို့ တရားရုံးနဲ့ နီးစပ် သူတွေဘက်က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ နေပြည်တော်မှာစွဲဆိုထားတဲ့အဂတိအမှုတွေထဲက ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ဒေါ်လာရယူခဲ့တယ်ဆိုတဲ့အမှုအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၃ နှစ် ချမှတ်ခဲ့ပါတယ် အဲဒီအမှုကိုလည်း အထက်တရားရုံး အယူခံဝင်ထားပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်မယ်လို့ မျှော်လင့်ထားပါတယ်။

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်း ပြီး နောက် နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ချိုး ဖောက်မှု၊ သဘာဝကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေချိုးဖောက်မှု၊ အဂတိလိုက်စားမှု အမှုအတော် များများနဲ့ စစ်ကောင်စီဘက် စွဲဆိုထားတာပါ ။

တိုက်ရိုက် လင့်ခ်

===================

[[Unicode]]












XS
SM
MD
LG