သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးကျန်အမှု ၅ မှု ဆက်လက်စစ်ဆေး  


ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း ဦးဝင်းမြင့်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ တွေ့ရစဉ် (ယခင်မှတ်တမ်းဓာတ်ပုံ)
ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း ဦးဝင်းမြင့်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ တွေ့ရစဉ် (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီတရားစွဲထားတဲ့အမှုတွေထဲက နောက်ဆုံးကျန်တဲ့ ၅ မှုကို အမြန်ဆုံး အပြီးသတ်နိုင်ဖို့ စစ်ဆေးနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။ NLD အစိုးရလက်ထက်က ကိုဗစ်ကာလအသုံးပြုဖို့ ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူ၊ ပြုပြင်ရေးတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ် အဂတိလိုက်စားမှု ၅ မှုနဲ့ တရားစွဲထားတာပါ။ တချိန်တည်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းတယ်ဆိုတဲ့သတင်းတွေ မမှန်ဘူးလို့ စစ်ကောင်စီက ငြင်းဆိုပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို မခင်ဖြုထွေးက တင်ပြပေးထားပါတယ်။

ကိုဗစ်ကာလအသုံးပြုဖို့ ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူ၊ ပြုပြင်ရေးတွေမှာ အဂတိလိုက်စားတယ်လို့ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ တရားစွဲခံထားရတဲ့ အဂတိလိုက်စားမှု ၅ မှုအတွက် ပြန်ခေါ်သက်သေ ၂ ယောက်ကို နေပြည်တော် အချုပ်ထောင် အထူးတရားရုံးမှာ ဒီနေ့ စစ်ဆေးခဲ့ပါတယ်။ တရားလိုလုပ်တိုင်ကြားသူ ဦးအောင်ခန့်ကိုနဲ့ ဦးစိမ်းမင်းဟိန်းတို့ကို ပြန်ခေါ်သက်သေအနေနဲ့ စစ်ဆေးခဲ့ပေမယ့် ဒီနေ့ မပြီးပြတ်ခဲ့ဘူးလို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။

အဂတိလိုက်စားမှု ၅ မှုအတွက် ပြန်ခေါ်သက်သေတွေ စစ်ဆေးတာကို အမြန်ဆုံးအပြီးသတ်အောင် တွန်းအားပေးဆောင်ရွက်နေတယ်လို့ စုံစမ်းသိရပါတယ်။ ပြန်ခေါ်သက်သေ ၇ ဦးထက်မနည်းကို ရုံးချိန် ၂ ကြိမ်အတွင်းမှာ စစ်ဆေးပေးဖို့ တွန်းအားပေးထားပေမယ့်လည်း တတိယမြောက်ရုံးချိန်းအထိ မပြီးပြတ်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ ၂ ယောက်လုံးအတွက် နောက်ဆုံးကျန်တဲ့ ဒီအဂတိလိုက် စားမှု ၅ မှု နိုဝင်ဘာလမကုန်ခင် အပြီးသတ်စစ်ဆေးပေးဖို့ တွန်းအားပေးမှုတွေရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ တရားရုံးရဲ့သဘောသဘာဝအရ ပြန်ခေါ်သက်သေအနေနဲ့ တရားလိုဘက်က သက်သေအချို့ကို စစ်ပြီးရင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြန်လည်ခုခံချေပမယ့် သက်သေကိုစစ်ရမှာဖြစ်ပါတယ်။

ပြန်လည် ခုခံချေပမယ့် သက်သေစာရင်းကို ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုချိန်ထိ မတင်ပြသေးတာမို့ သူကိုယ်တိုင် ခုခံချေပသွားဖွယ်ရှိနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက သုံးသပ်ပါတယ်။ အဲလို ခုခံချေပမှုတွေလုပ်ပြီးမှသာ အပြီးသတ် အမိန့်ချနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် တွန်းအားပေးလုပ်ဆောင်မှုတွေကြောင့် ဒီအမှု ၅ မှုအတွက် ဒီဇင်ဘာလထဲ အမိန့်ချမှတ်ဖွယ်ရှိတယ်လို့လည်း ယူဆမှုတွေရှိနေပါတယ်။

တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ်ပြောင်းတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မမှန်ဘူးလို့ ငြင်းဆိုပါတယ်။

“မဟုတ်ပါဘူးဗျ။ ကျနော် ပြန်မေးပေးမယ်လေ။ ကျနော်သိသလောက်တော့ မဟုတ်ပါဘူး၊ မရှိပါဘူး။”

အမှုတွေအားလုံးပြီးပြတ်သွားတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှာပဲဆက်ထားမလား၊ နေအိမ်အကျယ်ချုပ် ပြန်လည်ပို့ဆောင်မလားဆိုတာနဲ့ ပတ်သက် လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့တုံ့ပြန်မှုပေါ်မူတည်ပြီးမှသာ ဆုံးဖြတ်နိုင်မယ်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် နိုလင်းဟေဇာနဲ့ သြဂုတ်လမှာ တွေ့ဆုံစဉ်က ပြောကြားထားခဲ့ဖူးပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၂၀ နီးပါးနဲ့ တရားစွဲခဲ့ပြီး လက်ရှိမှာ အမှုပေါင်း ၁၅ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ် ချထားရပါတယ်။ ဒီကနေ့ စစ်ဆေးတဲ့ အဂတိလိုက်စားမှု အမှု ၅ မှုကေ နာက်ဆုံး တရားရင်ဆိုင်နေရတဲ့အမှုတွေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]










XS
SM
MD
LG