သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ်ရောက် မြန်မာဒုက္ခသည်နဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့အခြေအနေ မှတ်တမ်းဓါတ်ပုံပြပွဲ


ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ အနုပညာနဲ့ယဉ်ကျေးမှုအဆောက်အဦးမှာ ပြသနေတဲ့ ထိုင်းနယ်စပ်ကို ထွက်ပြေးကြတဲ့ စစ်ဘေးရှောင်နဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ အခြေအနေအကြောင်း မှတ်တမ်းတင်ဓာတ်ပုံပြပွဲ။ (အောက်တိုဘာ ၁၀၊ ၂၀၂၂/ ဓာတ်ပုံ-VOA Burmese)
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ အနုပညာနဲ့ယဉ်ကျေးမှုအဆောက်အဦးမှာ ပြသနေတဲ့ ထိုင်းနယ်စပ်ကို ထွက်ပြေးကြတဲ့ စစ်ဘေးရှောင်နဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ အခြေအနေအကြောင်း မှတ်တမ်းတင်ဓာတ်ပုံပြပွဲ။ (အောက်တိုဘာ ၁၀၊ ၂၀၂၂/ ဓာတ်ပုံ-VOA Burmese)

[[Zawgyi/Unicode]]

ထိုင်း - မြန်မာနယ်စပ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အခြေအနေ တချို့ မှတ်တမ်းတင် ဓါတ်ပုံပြပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနုပညာနဲ့ ယဉ်ကျေးမှု အဆောက်အဦးမှာ ကျင်းပနေပါတယ်။ သီတင်းနှစ်ပတ်နီးပါး ပြသထားမယ့် ဒီဓါတ်ပုံတွေဟာ မြန်မာနိုင်ငံသားတွေ ကြုံတွေ့ရင်ဆိုင်ရတဲ့ အကြပ်အတည်းကို ကမ္ဘာက သိအောင်တင်ပြတာဖြစ်သလို အကူအညီပေးဖို့ မီးမောင်းထိုးပြတာဖြစ်တယ်လို့ ဓါတ်ပုံရိုက်ကူးသူတွေနဲ့ ပြပွဲစီစဉ်သူတွေက ပြောပါတယ်။ ဦးသိန်းထိုက်ဦး သတင်းပေးပို့ပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်း နိုင်ငံဘက်ကို ထွက်ပြေးကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့အကြောင်း အဆုံးမသတ်တဲ့ လွတ်မြောက်ရာ ရှာဖွေမှုဆိုပြီး ဓါတ်ပုံတွေကို ပြသထားတာပါ။ သောင်ရင်းမြစ်ကမ်းတဖက်ကမ်းကို ရောက်အောင်သွားကြသူတွေ၊ အကူအညီပေးကြသူတွေနဲ့ တောတောင်ထဲမှာ နေထိုင်ရတဲ့ အခြေအနေ ဓါတ်ပုံတချို့လည်း ပါဝင်ပါတယ်။ ဒီ ဓါတ်ပုံတွေကို ဓါတ်ပုံသတင်းထောက် ၄ ယောက်က ရိုက်ကူးထားတာပါ။ ရိုက်ကူးသူတဦးဖြစ်တဲ့ ကိုအောင်နိုင်စိုးကအခုလို ရှင်းပြပါတယ်။

မြန်မာဒုက္ခသည်တွေနဲ့ဒီမိုကရေစီရေးအခြေနေ ဓါတ်ပုံပြပွဲ
please wait

No media source currently available

0:00 0:03:55 0:00

“အဓိက-ကတော့ ဒီပုံတွေကို ကြည့်ကြည့်လိုက်ပေါ့လေ။ ဒီပုံတွေကို ကြည့်လိုက်တယ်ဆိုရင်တော့ တခုခု ခံစားမိတယ်ဗျာ၊ ဒီလူတွေရဲ့ရင်ထဲကအနာတွေ၊ ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်က အဲလိုမျိုး လုပ်တဲ့ဟာတွေကို ရှောင်လာတဲ့လူတွေရဲ့ ရင်ထဲက အနာတွေကို မြင်မယ်ပေါ့လေ။ အဓိက-ကတော့ အဲဒီလူတွေအတွက်၊ ပြည်တွင်းမှာရှိတဲ့လူတွေအတွက်ကို ကျနော်က ဘာပြောချင်သလဲဆိုတော့ ကျနော်တို့ပြည်တွင်းမှာ ဘာတွေဖြစ်နေလဲ၊ သိတယ်မလား။ နယ်စပ်မှာ ဘာတွေဖြစ်နေလဲဆိုတာကို မြန်မာတယောက်အနေနဲ့ တခြားနိုင်ငံသားတွေ၊ တခြားကမ္ဘာကလူတွေသိအောင် လုပ်ချင်တယ်။ ကျနော့်လိုပဲ အဲလိုမျိုးလုပ်နေတဲ့ မြန်မာသတင်းထောက်တွေလည်း ရန်ကုန်မှာ၊ တခြားတောတွင်းနေရာတွေမှာ၊ တခြား မြို့ထဲတွေမှာ အများကြီးရှိမယ်ဗျာ။ အဓိက ရည်ရွယ်ချက်ကတော့ ကိုယ့်တိုင်းပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာကို ကမ္ဘာက သိစေချင်တယ်။ တခြား မြန်မာသတင်းထောက်တွေလိုပဲပေါ့။ အဲဒီမြန်မာသတင်းထောက်တွေလည်း ကိုယ့်အနီးပတ်ဝန်းကျင်မှာတွေ့လို့ တကယ်လို့များ ပုန်းစရာ၊ ခိုစရာလိုခဲ့ရင်လည်း ဝိုင်းကူပေးပါ-လို့ ပြောချင်ပါတယ်။”

ဒီဓါတ်ပုံပြပွဲဖြစ်မြောက်အောင် Sea junction ပရဟိတ္တ အဖွဲ့နဲ့ Asia Democracy Network ADN အဖွဲ့တွေ့ ကမကထ လုပ်ပေးခဲ့တာပါ။ အခက်အခဲအမျိုးမျိုးကြားက နယ်စပ်ဒေသကို ထွက်လာသူတွေရဲ့ အခြေအနေကို အများက အာရုံစိုက်ပြီး ဖေးမကူညီဖို့ လမ်းပွင့်သွားမယ်လို့ ကိုအောင်နိုင်စိုးက မျှော်လင့်ပါတယ်။

“နှစ်ပတ်၊ သုံးပတ်လောက် တောထဲမှာ အဆင်ပြေသလို အိပ်စား သွားလာပြီး နေရထိုင်ရတဲ့ဒဏ်တွေပေါ့နော်၊ နယ်စပ်မှာ ဘာဖြစ်နေသလဲဆိုတော့ အဲဒါပဲ။ တချို့ကျတော့လည်း နင်တို့က နယ်စပ်ထွက်ပြေးသွားကြတယ်...ဘာ...ညာ...ဆိုပြီးတော့ ဝေဖန်ကြတာလည်း ရှိတာပဲ။ ဒါပေမယ့် နည်စပ်ရောက်သွားတော့လည်း...ဟုတ်တယ်၊ မြန်မာစစ်တပ်လက်ကတော့ လွတ်ကောင်းလွတ်သွားတယ်ပေါ့။ ဒါတောင် အပြည့်အဝ လွတ်တယ်လို့ ပြောလို့မရသေးဘူး။ တခြား စပိုင် ဘာညာကလည်း ရှိသေးတာကိုး-နော်။ တခြားသူတို့ရင်ဆိုင်ရတဲ့အခက်အခဲတွေလည်း အများကြီးပဲဗျ။ 7-11 လေး သွားဖို့တောင်မှ ကြောက်နေရတယ်ဆိုတာမျိုး။ ဘာသာစကားအခက်အခဲ.....။ သူတို့တွေလည်း မထွက်လာချင်ကြပါဘူး၊ မဖြစ်မနေတဲ့ အခြေအနေတခုခုမို့လို့သာ ထွက်လာကြရတာ။ အချင်းချင်းကြားထဲမှာ မေတ္တာနဲ့ ချစ်ခြင်းမေတ္တာ...ဉာဏ်ပညာနဲ့ချစ်ခြင်းတရားပေါ့ဗျာ- အဲလိုပုံစံမျိုးလေးနဲ့ ကျနော်တို့ အခုကာလကို ဖြတ်သန်းမယ်ဆိုလို့ရှိရင် ကျနော်တို့ရင်ထဲကအနာတွေကို တယောက်ကိုတယောက် အတူတူကုပေးလို့ရတာပေါ့။”

ဓါတ်ပုံပြပွဲကို အနည်းဆုံး အောက်တိုဘာလ ၁၆ ရက်နေ့အထိ ဘန်ကောက်မြို့ အနုပညာနဲ့ ယဉ်ကျေးမှု အဆောက်အအုံမှာ ပြသထားမှာပါ။ အောက်တိုဘာ ၈ ရက် စနေနေ့က ကျင်းပတဲ့ ဓါတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဘန်ကောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တွေ၊ သတင်းထောက်တွေ လာရောက်ကြပါတယ်။ ထိုင်းနယ်စပ် ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီ ပေးနေတဲ့ အခြေအနေတွေအပြင် တတိယနိုင်ငံတွေမှာ အခြေချနေထိုင်ဖို့ ပြင်ဆင်နေတဲ့ အနေအထား အကန့်အသတ်နဲ့ စိတ်ခေါ်မှုတွေကိုလည်း ဓါတ်ပုံပြပွဲ ဖွင့်ပွဲမှာ ဆွေးနွေးကြပါတယ်။ ကျနော်သိန်းထိုက်ဦးပါ။

#ဓာတ်ပုံပြပွဲ #ထိုင်းမြန်မာနယ်စပ် #ဒုက္ခသည်တွေ #သိန်းထိုက်ဦး #အောင်နိုင်စိုး #စစ်ဘေးရှောင် #စစ်ကောင်စီ

============

[[Unicode]]








============

XS
SM
MD
LG