သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတ်ဆီနဲ့ ရွှေဈေး အနည်းငယ်ပြန်ကျ၊ စားသောက်ကုန်ဈေး တက်ဆဲ    


မြန်မာပြည်တွင်း ဓာတ်ဆီအရောင်းဆိုင်တခု။ (ယခင်မှတ်တမ်းဓာတ်ပုံ)
မြန်မာပြည်တွင်း ဓာတ်ဆီအရောင်းဆိုင်တခု။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ဈေးကွက်ထဲကို အမေရိကန်ဒေါ်လာ သန်း၂၀၀ ထောက်ပံ့ပေးမယ်လို့ ဗဟိုဘဏ်ကထုတ်ပြန်အပြီး ဒီနေ့ မြန်မာနိုင်ငံမှာ ဓာတ်ဆီတဂါလံကို ကျပ်၂၀၀ လောက် ပြန်ကျသွားပါတယ်။ အလားတူပဲ တကျပ်သားကို ၃၅ သိန်းအထိ တက်ခဲ့တဲ့ ရွှေဈေးကလည်း ၃၁ သိန်းကို ပြန်ဆင်းလာခဲ့ပါတယ်။ ဒါပေမယ့် အခြေခံလူသုံးကုန်တွေနဲ့ စားသောက်ကုန်တွေမှာတော့ သိသာတဲ့ လှုပ်ခတ်မှုမရှိခဲ့ဘူးလို့ လုပ်ငန်းရှင်တွေက ဗွီအိုအေကိုပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ငွေကြေးနဲ့ ကုန်ဈေးနှုန်း မတည်မငြိမ်အခြေအနေတွေ ပေါ်ပေါက်နေချိန်မှာ ဗဟိုဘဏ်က ဈေးကွက်ထဲကို အမေရိကန်ဒေါ်လာ သန်း၂၀၀ ဖြည့်တင်း ထောက်ပံ့ ပေးမယ့်အကြောင်း ဗုဒ္ဓဟူးနေ့ညနေပိုင်းက ကြေညာခဲ့ပါတယ်။ ဒီနေ့ စက်တင်ဘာ ၁ ရက်မှာ ဓာတ်ဆီဈေးနှုန်းတွေ ကျပ်၂၀၀ ကျော်လောက် ပြန်ကျသွားပါတယ်။ တလီတာကို ၂,၆၀၀ ကျော်ခဲ့တဲ့ ရန်ကုန် အောက်တိန်း ဓာတ်ဆီဈေးက ဒီနေ့မှာ ကျပ်၂၃၀ ကျသွားပြီး ၂,၃၇၅ ကျပ်နဲ့ ဈေးဖွင့်ထားပါတယ်။ ဒီဇယ်ဈေးတွေလည်း ကျပ် ၁၀၀ လောက် ပြန်ကျသွားပါတယ်။ တရားဝင်မဟုတ်တဲ့ ပြင်ပဈေးကွက်မှာ တကျပ်သားကို ကျပ် ၃၅ သိန်း အထိ ရောက်နေတဲ့ ရွှေဈေးကလည်း ၃၁ သိန်းကို ပြန်ဆင်းလာပါတယ်။

'အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်လာမှု'ကို သက်သာစေဖို့ အခုလိုအမေရိကန်ဒေါ်လာ သန်း၂၀၀ ကို ပြည်တွင်းဘဏ်တွေကတဆင့် ဈေးကွက်ထဲကိုထည့်ပေးမယ် လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားတာပါ။ လုပ်ငန်းရှင်တွေနဲ့ ပညာရှင်တွေကတော့ ရေတို ကုစားနည်းတွေက စီးပွားရေး ကျဆင်းတာကို ကုစားနိုင်လိမ့်မယ်လို့ မမြင်ပါဘူး။

တကယ်တော့ ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်း တက်နေတာ၊ ကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းတာတွေက နိုင်ငံရေးပြဿနာအပေါ် အခြေခံပြီး ဖြစ်လာတာလို့ စီးပွားရေး လေ့လာသုံးသပ်သူ ဦးငြိမ်းစေက ဗွီအိုအေကို ပြောပါတယ်။ ပဋိပက္ခအတွင်း လူတွေရဲ့ကြောက်စိတ်နဲ့ မလုံခြုံမှုကလည်း စီးပွားရေးအပေါ် သက်ရောက်မှုရှိပြီး အဆိုးဆုံးအခြေအနေဆီကို ဦးတည်နေတယ်လို့ သူကမြင်ပါတယ်။

"ဘဏ်တွေ crisis ဖြစ်တာကနေ စလိုက်တဲ့ဟာကနေ ဆက်တိုက်ဖြစ်လာတာပေါ့လေ၊ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ပဋိပက္ခ အခင်းအကျင်းကလည်း စိုးရိမ်မှုတွေ ပိုဖြစ်စေတယ်ပေါ့လေ။ အဲဒီတော့ တဖြည်းဖြည်းနဲ့ ဘယ်လိုဖြစ်လာလဲဆိုတော့ ကျနော်တို့ ရဲ့စီးပွားရေးစနစ်က ဖရိုဖရဲဖြစ်တဲ့ အနေအထားတော့ ဖြစ်သွားပြီပေါ့လေ။ ဒါကတော့ ဘယ်လိုမူဝါဒ၊ ပုံစံနဲ့မှ ထိန်းကျောင်းမှု ကတော့ မဖြစ်နိုင်ဘူးလို့ ကျနော်ကတော့ သုံးသပ်တယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ အဖြေကတော့ စီးပွားရေး စနစ်ထဲမှာမရှိဘူး၊ နိုင်ငံရေး ပြဿနာက အဓိက အခြေခံ ဖြစ်နေတာပေါ့လေ။"

ဗဟိုဘဏ်က မကြာခဏ ဝင်ထိန်းကျောင်းပေးတဲ့ ငွေကြေးဈေးကွက်မှာ အခုလို အမေရိကန်ဒေါ်လာ သန်း ၂၀၀ တင်မကဘဲ အမြောက်အများ စိုက်ထည့်မယ် ဆိုရင်တောင် မြန်မာ့စီးပွားရေး ပြဿနာက ဖြေလည်သွားဖို့ကို သံသယနဲ့ စောင့်ကြည့်နေကြပါတယ်။

စားသောက်ကုန်တွေသာမကပဲ မိုဘိုင်းဖုန်းနဲ့ လုပ်ငန်းသုံးပစ္စည်းတွေလို နိုင်ငံခြားက တင်သွင်းတဲ့ ကုန်ပစ္စည်း ဈေးနှုန်းတွေလည်း အတက်ဘက်ကိုပဲ ဦးတည်နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဖုန်းအမျိုးမျိုး တင်သွင်းနေတဲ့ လုပ်ငန်းရှင်တဦးက သူတို့အနေနဲ့ အခုနောက်ပိုင်းမှာ နိုင်ငံခြားငွေ ပေါက်ဈေးကိုတွက်ပြီး ရောင်းချနေရတယ်လို့ ဗွီအိုအေကိုပြောပါတယ်။

"အဓိက ကျနော်တို့ ပြဿနာက ဘာလဲဆိုတော့ မတည်ငြိမ်တာပဲ၊ တက်သည်ဖြစ်စေ ကျသည်ဖြစ်စေ ကျနော်တို့က တည်ငြိမ်စေချင်တယ်၊ နေ့တိုင်းကြီး တက်နေတာကျတော့ မနက်တဈေး၊ ညတဈေး အဲလိုကျတော့ကျနော်တို့က rate သတ်မှတ်လို့မရဘူး။ အရင်တုန်းကဆိုရင် မြန်မာငွေကို စံထားပြီး တွက်ပေးတယ်၊ အခုဆိုရင် သူတို့ကို စံမထားတော့ဘူး ဒေါ်လာနဲ့ပဲထားတယ်။ တချို့ဆို လုံးဝကို အရောင်းပိတ်ပစ်လိုက်တယ်။ ရောင်းပြီးတာနဲ့ ရှုံးဆိုတော့ ကျနော်တို့က ဆက်မရောင်းတော့ဘူး။"

အမေရိကန်ဒေါ်လာ အပါအဝင် ပြည်တွင်းမှာ အသုံးများတဲ့ နိုင်ငံခြားငွေကြေးတွေရဲ့ ဈေးနှုန်းက ဆက်တက်နေပြီး ကျပ်ငွေတန်ဖိုးကတော့ ကျဆင်းနေဆဲဖြစ်ပါတယ်။ ဗဟိုဘဏ်သတ်မှတ်ထားတဲ့ အမေရိကန် တဒေါ်လာတန်ဖိုးက ၂,၁၀၀ ကျပ်ဖြစ်ပြီး ပြင်ပ ဈေးကွက်ထဲမှာတော့ ၄,၀၀၀ ဝန်းကျင်ရှိနေပါတယ်။ လက်တွေ့ အရောင်းအဝယ်ဖြစ်တာတော့ အနည်းအကျဉ်းပဲ ရှိတယ်လို့ ငွေကြေးလဲလှယ်သူတွေက ပြောပါတယ်။ ထိုင်းငွေတဘတ်ကို ကျပ် ၁၀၀ အထက်မှာရှိပြီး တရုတ်ငွေကတော့ ၁၈၀ ယွမ်ကို မြန်မာငွေတသိန်းကျပ် ရှိပါတယ်။ မြန်မာငွေက အကျဘက် ကို ဆက်သွားနေတဲ့အတွက် တရုတ်နယ်စပ်မှာ မြန်မာငွေနဲ့ တရုတ်ငွေ လဲလှယ် တာကို ဩဂုတ်လကုန်ပိုင်းကစပြီး ယာယီ ရပ်နားထားတယ်လို့ နယ်စပ်ငွေ လဲလုပ်ငန်းတချိုက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]











XS
SM
MD
LG