သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့မှာ တိုက်ပွဲပြင်းထန်၊ နှစ်ဘက် အသေအပျောက် ရှိ


စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ပကဖတို့ တိုက်ပွဲပြင်းထန်နေတဲ့ နတ်ချောင်းကျေးရွာတဝိုက် (ဓာတ်ပုံ MIMU)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ပကဖတို့ တိုက်ပွဲပြင်းထန်နေတဲ့ နတ်ချောင်းကျေးရွာတဝိုက် (ဓာတ်ပုံ MIMU)


[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း နတ်မြောင်းနဲ့ နတ်ချောင်းကျေးရွာတွေဘက် မှာ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ ၃ နာရီနီးပါး ကြာမြင့်တဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ကျဆုံးပြီးတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ၂ ဦးကျဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေ မကြာခန ဖြစ်ပွားလေ့ရှိတဲ့ကလေးမြို့မှာ ဇွန်လ ၂၀ ရက်ကနေ ၂၂ ရက်နေ့အထိ ထိတွေ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ ရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ခုလိုပြောပါတယ်။

“အင်အား ၂၀၀ ဝန်းကျင်ခန့်လောက်ပေါ့နှော်၊ ၂၀ ရက်နေ့လောက်ကတည်းက တပ်စွဲထားတာပေါ့၊ နတ်မြောင်းရွာ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့မှာ တပ်စွဲထားပြီးတော့ ၂၂ ရက်နေ့မှာ ကလေးဘက်ကို ပြန်သွားတဲ့ စစ်ကြောင်းရှိသလို တောင်ဘက်ကို ပြန်ပြီးတော့မှ ရန်ကြီးအောင်ဘက်ကို ထိုးလာတဲ့ တကြောင်းရှိတယ်ဗျ။ ရန်ကြီးအောင်ဘက်ကို ထွက်သွားတဲ့အဖွဲ့ကို ကျနော်တို့ ဟဲလုပ်ရွာနားမှာ CNDFတို့၊ CDFတို့၊ RKDFတို့၊ ပကဖတို့ PDF တို့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့ပြီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဗျ။”

ဇွန်လ၂၂ ရက်မွန်းလွဲ ၁ နာရီလောက်ကနေစတင်တဲ့ တိုက်ပွဲဟာ ညနေ ၃ နာရီလောက်ထိ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီး နှစ်ဘက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

“ခန့်မှန်းခြေ သူတို့ဘက်ကတော့ ၁၀ ဦးဝန်းကျင်ခန့် စစ်ကောင်စီဘက်ကပေါ့၊ ၁၀ ဦးခန့် သေတယ်ဗျ။ ကျနော်တို့ PDF တပ်ရင်း ၂ ရင်းကပေါ့နော်၊ တပ်ရင်း ၂ က တဦးနဲ့ နောက်တပ်ရင်းတခုက တဦး ကျတယ်ဗျ။”

ဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ၄ ဦး ထိခိုက်မှု ရှိခဲ့တယ်လို့ PDF ကလေး အဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီကနေ့ ဇွန်လ ၂၃ ရက်နေ့မှာတော့ အရင်နေ့ကတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကို အမိန့်ပြန်တမ်းဖတ်ပြီး သဂြိုဟ်တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့တခုက ပြောပါတယ်။

ဇွန် ၂၂ ရက် ညနေ ၄ နာရီဝန်းကျင်လောက်မှာ ကလေးမြို့ဘက်ကနေ တမူးမြို့ ဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီကား (၇) စီးကို ကလေး-တမူး လမ်းမကြီး နယ်ကျော်လေးအနီးမှာ ကလေးပြည်သူ့ကာကွယ် ရေးအဖွဲ့တွေက ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သားတွေ ထိခိုက် သေဆုံးမှု အများကြီး ရှိနိုင်တယ်လို့ ကလေးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုန်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်မှာတော့ အနီးအနားက ကျေးရွာတွေက ရွာသားတွေ စစ်ရှောင်ကြရပေမယ့် ဒီနေ့မှာတော့ ရွာထဲကိုပြန်ဝင်ပြီး နေနေကြပြီလို့ ပြောပါတယ်။ နတ်မြောင်းဘက်က ရွာတွေကတော့ တိုက်ပွဲပြီးချိန် ရွာထဲ ပြန်ဝင်လာလို့ ရကြပေမယ့် နတ်ချောင်းဘက်က ကျေးရွာတွေကတော့ စစ်ရှောင်နေကြရတာ အတော်ကြာနေပြီဖြစ်ပေမယ့် ခုချိန်ထိရွာထဲကို ပြန်မဝင်ရဲကြသေးတဲ့ အခြေအနေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ ရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ခုလိုပြောပါတယ်။

“နတ်ချောင်းရွာတွေဘက်ကတော့ ပြန်ပြီးတော့ ကပ်လို့မရဘူးဗျ။ သွားရင် ဝင်ဆွဲတတ်တော့ သွားပြီး မကပ်ရဲကြဘူးပေါနှော်။ ပြန်ပြီး ရွာမှာ မနေရဲကြတော့ဘူးဗျ။ တချို့တလေပဲ နေထိုင်ရဲကြတော့တောပေါ့။ မြို့ပေါ်မှာ ရှောင်တိမ်းတာမျိုးတွေ၊ တချို့ကျေးရွာတွေ တောတွေထဲမှာ ရှောင်တိမ်းတာမျိုးတွေ၊ စစ်ဘေးရှောင်စခန်းတွေလဲ ဖွင့်ထားတော့ စစ်ဘေးရှောင်စခန်းတွေမှာပဲ နေကြတော့တာဗျ။ ရွာက အိမ်တွေမှာကျတော့ ခဏတဖြုတ်လာပြီး ပြန်သွားကြတာလောက်ပဲဗျ။ နတ်ချောင်းရွာဘက်က သူတို့ဝင်ချင်သလိုဝင်ပြီး မထင်ရင် မထင်သလို သတ်ဖြတ်မှုတွေကလည်းရှိတော့ ရွာတွေကလည်း အိမ်တွေကလည်း မီးရှို့ခံရတာတွေရှိတော့ နေစရာအိမ်လည်းမရှိတော့ စစ်ရှောင်စခန်းတွေမှာပဲ နေထိုင်ရတော့တာဗျ။ ပြီးတော့ အရမ်းကြောက်သွားတဲ့အပိုင်းလည်း ပါတာပေါ့ဗျ၊ ပြည်သူတွေက။”

ကလေးမြို့နယ်တောင်ပိုင်းဒေသမှာ စစ်ရေးပဋိပက္ခကြောင့်ဒေသခံသောင်းကျော်လောက်ဟာ စစ်ရှောင်စခန်းတွေ၊ တောတောင်ထဲမှာနဲ့ နီးစပ်ရာဆွေမျိုးသားခြင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာခိုလှုံနေရဆဲဖြစ်သလို စားသောက်နေထိုင်ရေးမှာ အခက်အခဲဖြစ်နေကြပါတယ်။

စစ်ဘေးရှောင်တွေကို ဒေသခံတွေကနေ ကူညီပေးနေတယ်ဆိုပေမဲ့လည်း ရေရှည်ဖြစ်လာပြီဖြစ်တဲ့အတွက် အလှူရှင်တွေ ရှားပါးလာပြီလို့လည်း စစ်ရှောင် ကူညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

============


[[Unicode]]













============

XS
SM
MD
LG