သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်နဲ့ ငါးဖမ်းလုပ်သားတွေ ကာကွယ်ပေးရေး ဘာလီကျွန်းစည်းဝေးပွဲမှာ မြန်မာ့အရေးတင်ပြ


Thai Fishery
Thai Fishery

[[Zawgyi/Unicode]]

အရှေ့တောင်အာရှနိုင်ငံတွေအတွင်း ပယ်လယ်နဲ့ ငါးဖမ်းလုပ်ငန်းမှာ လုပ်ကိုင်သူတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးနိုင်ဖို့ နိုင်ငံတကာ အလုပ်သမားအခွင့်အရေး အဖွဲ့အစည်းက တာဝန်ရှိသူတွေ၊ အစိုးရ အရာရှိတွေ ၂ ရက်ကြာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အစည်းအဝေးကျင်းပကြပြီး မြန်မာနိုင်ငံက အလုပ်သမားတွေအရေးကိစ္စလည်း အဓိက အကြောင်းအရာတခုအဖြစ် ထည့်သွင်းဆွေးနွေးကြပါတယ်။ ILO အလုပ်သမားအဖွဲ့ချုပ်ကြီးက ကမကထလုပ်ကျင်းပတဲ့ ညီလာခံဖြစ်ပြီး မြန်မာနိုင်ငံအတွင်း စီးပွားရေးအကြပ်အတည်းနဲ့ အလုပ်အကိုင် ရှားပါးမှုကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ထွက်လာတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးနိုင်ဖို့၊ ကူညီထောက်ပံ့ပေးဖို့ တင်ပြခွင့်ရခဲ့တဲ့အကြောင်း ထိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ်က VOA ကို ပြောပါတယ်။ ဘာလီကျွန်းမှာ ရောက်နေတဲ့ ဦးထူးချစ်ကို VOA မြန်မာပိုင်း အစီအစဉ်က ဦးသိန်းထိုက်ဦး Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးသိန်းထိုက်ဦး။ ။ ကိုထူးချစ်တို့ ဘာလီကျွန်းမှာကျင်းပတဲ့ညီလာခံအကြောင်း နည်းနည်းလေး ပြောပြပေးပါခင်ဗျ။

ဦးထူးချစ်။ ။ အဓိက-ကတော့ ကျနော့်ကိုဖိတ်တာကတော့ ပြီးခဲ့တဲ့နှစ်ထဲမှာ ကျနော်တို့ အင်ဒိုနီးရှားနိုင်ငံ မာတင်ကျွန်းမှာ ကျနော်တို့ မြန်မာရွှေ့ပြောင်း ငါးဖမ်းလုပ်သားဆယ်ယောက် လူကုန်ကူးခံရတယ်။ တနှစ်ကျော်လူကုန်ကူးခံရတဲ့အချိန်မှာ လစာလည်းမရဘူး၊ အဲဒီဆယ်ယောက်ကို မြန်မာပြည်ကို ပြန်ရောက်အောင်လုပ်ပြီးတော့ သူတို့ကိုလူကုန်ကူးတဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကို လက်ရှိ တရားစွဲထားတဲ့ကိစ္စတွေ...အဲဒါတွေလည်း ကျနော်တို့လာဆွေးနွေးပါတယ်။ အဓိက-ကတော့ ဆွေးနွေးဖြစ်တာကတော့ နိုင်ငံတကာအစိုးရအဖွဲ့တွေရယ်၊ အရပ်ဖက်အဖွဲ့အစည်းတွေရယ်၊ အလှူရှင်တွေရယ်၊ လုပ်ငန်းရှင်အဖွဲ့အစည်းတွေရယ် စနစ်တကျ ပူးပေါင်းဆောင်ရွက်ပြီးတော့ လူကုန်ကူးမှုပေါ့-လျော့ပါးသွားအောင်လုပ်မယ်ဆိုတဲ့ဟာမျိုးတော့ ဆွေးနွေးဖြစ်ပါတယ်။ နောက် လိုအပ်တဲ့အကူအညီ အထောက်အပံ့တွေလည်း ဆောင်ရွက်မယ်ဆိုတာမျိုးတွေလည်း ကျနော်တို့သိရပါတယ်။

ဦးသိန်းထိုက်ဦး။ ။ အင်ဒိုနီးရှားမှာ ငါးဖမ်းလုပ်သားတွေအပြင် ထိုင်းမြန်မာနယ်စပ်မှာ နောက်ထပ်ထွက်လာတဲ့လူတွေအပေါ်မှာရော ဘယ်လိုခံစားမှုမျိုးတွေ လုပ်သွားဖို့ စီစဉ်ထားပါသလဲ။ နိုင်ငံတကာအနေနဲ့ရော ဘယ်လို ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိကဝတ်ပေးတာမျိုးတွေ ရှိပါသလား။

ဦးထူးချစ်။ ။ နိုင်ငံတကာကတော့ လက်ရှိ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အခြေအနေကို စိုးရိမ်တယ်ပေါ့နော်။ ကျနော်တို့ကိုယ်တိုင်လည်း ဒီမှာ ကျနော်တို့တင်ပြတဲ့အစီရင်ခံစာတွေကို ထိုင်းမြန်မာနယ်စပ်မှာ နေ့စဉ်နဲ့အမျှ လူ ထောင်နဲ့သောင်းနဲ့ဝင်လာတာတွေကို ...နောက်တခုက နေ့တိုင်း တရားမဝင် ဝင်လာလို့ အဖမ်းခံရတဲ့အလုပ်သမားတွေ၊ နောက် ထိုင်း လဝက အချုပ်ထောင်တွေထဲမှာ လူဦးရေတွေများနေပြီးတော့ မြန်မာပြည်ဘက်ကို ပြန်ပို့ဖို့ အခက်အခဲဖြစ်နေတဲ့ကိစ္စတွေ၊ ဒါတွေကို ကျနော်တို့ တင်ပြဖြစ်ပါတယ်။ အခု တက်တဲ့အထဲမှာလည်း ထိုင်းအစိုးရ ကိုယ်စားလှယ်တွေလည်း ပါပါတယ်။ သူတို့အနေနဲ့ကလည်း ဘယ်လိုဖြေရှင်းပေးနေတယ်၊ ဘယ်လို ပူးပေါင်းဆောင်ရွက်မယ်ဆိုတာမျိုးတွေတော့ ဆွေးနွေးဖြစ်ပါတယ်။

ဦးသိန်းထိုက်ဦး။ ။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းမြန်မာနယ်စပ်မှာ မြန်မာနိုင်ငံကထွက်လာတဲ့အလုပ်သမားတွေအခြေအနေ လူကုန်ကူးမှုနဲ့ပတ်သက်လို့ ကိုထူးချစ်တို့ ဘာတွေလေ့လာတွေ့ရှိထားပါသလဲခင်ဗျ။

ဦးထူးချစ်။ ။ ကျနော်တို့အနေနဲ့ နေ့စဉ်နဲ့အမျှ လူကုန်ကူးခံရတဲ့သူတွေ၊ လူကုန်ကူးခံရမယ်လို့- ခံရနိုင်တယ်လို့ ထင်ရတဲ့အချက်အလက်တွေပေါ့၊ တချို့ကျတော့လည်း လူကုန်ကူးတာနဲ့လူမှောင်ခိုနဲ့က နည်းနည်းလေး ဆက်စပ်နေတော့ လူကုန်ကူးခံရတယ်ဆိုတာလည်း ပြောဖို့တော့ နည်းနည်းလေးပြောဖို့တော့ခက်တယ်။ ဒါပေမယ့်လည်း နေ့စဉ်နဲ့အမျှဆိုသလို ကျနော်တို့ကို ဆက်သွယ်အကူအညီတောင်းတာမျိုးတွေ ကြုံရပါတယ်။ တချို့ပြဿနာက ထိုင်းနိုင်ငံတခုတည်းမဟုတ်ဘူး။ ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံကိုလည်း သွားတဲ့ရွှေ့ပြောင်းအလုပ်သမားတွေလည်း အများကြီးတွေ့ရတယ်။ အဓိက-ကတော့ မလေးရှားနယ်စပ်တွေမှာ ထိုင်းနိုင်ငံတောင်ပိုင်းတွေ၊ နောက် အဓိကအားဖြင့် ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ ပိုများနေတာ ကျနော်တို့တွေ့ရပါတယ်။

ဦးသိန်းထိုက်ဦး။ ။ ဒီအစည်းအဝေးကနေပြီးတော့ ဘာတွေ မျှော်လင့်နိုင်မလဲခင်ဗျ။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ရော ဘာတွေ ဆုံးဖြတ်ချက်တွေ ချပါသလဲ။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘာတွေ မျှော်လင့်နိုင်သလဲ။

ဦးထူးချစ်။ ။ အဓိက-ကတော့ သူတို့လည်းပြောတာ ရှင်းပါတယ်။ မျှော်လင့်နိုင်တယ်ဆိုတာကတော့ မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေရယ်၊ မြန်မာနိုင်ငံထဲမှာ အလုပ်အကိုင်ရှားပါးမှုတွေရယ်၊ နောက်တခုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မြန်မာပြည်ထဲကထွက်သွားတော့ ပြည်တွင်းမှာလည်း အလုပ်အကိုင်ရှားပါးမှု၊ နောက် လုပ်ခလစာနည်းတာရယ်။ နောက် အလုပ်သမားအခွင့်အရေးတွေကလည်း နည်းတုန်းပဲဆိုတော့ ဘာပဲပြောပြော ရွှေ့ပြောင်းအလုပ်သမားတွေက နီးစပ်ရာနိုင်ငံတွေကို အဓိကလာပြီးတော့...အဲဒီအတွက်တော့ သူတို့အနေနဲ့ ပြင်ဆင်ထားမှုတွေရှိတယ်။ တတ်နိုင်တဲ့ဘက်က အလုပ်သမားအခွင့်အရေးကိစ္စတွေကို ဆောင်ရွက်ဖို့ တခြားအလှူရှင်တွေကိုလည်း လှုံ့ဆော်နေတာမျိုးတွေကိုလည်း ကျနော်တို့တွေ့ရပါတယ်။

ဦးသိန်းထိုက်ဦး။ ။ ဦးထူးချစ်- ကျေးဇူးပဲ။ ဘာလီကျွန်းလေဆိပ်မှာ Zoom ကနေ ဆက်သွယ်မေးတာပါ။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]












XS
SM
MD
LG