သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပမှာအလုပ်လုပ်တဲ့မြန်မာတွေ အိမ်ပြန်ပို့ရမယ့် အနည်းဆုံးငွေပမာဏ သတ်မှတ်တော့မည်


[[Zawgyi/Unicode]]

ပြည်ပမှာအလုပ်သွားလုပ်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့အိမ်ပြန်ပို့ရမယ့် အနည်းဆုံးငွေပမာဏကို မကြာခင် သတ်မှတ်သွားမယ်လို့ အလုပ်သမားရေးဌာနတာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။ ရရှိတဲ့လစာအပေါ်မူတည်ပြီး ပမာဏအနည်းအများကို သတ်မှတ်သွားမှာဖြစ်ကြောင်းနဲ့ ပြည်ပမှာလုပ်ကိုင်တဲ့ အလုပ်အမျိုးအစား အကုန်လုံး အကျုံးဝင်လိမ့်မယ်လို့ ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

တရားဝင် လုပ်သားစေလွှတ်မှုနဲ့ ပြည်ပမှာ အလုပ်သွားရောက် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အိမ်ပြန်ပို့ရမယ့် အနည်းဆုံးငွေပမာဏကို သတ်မှတ်သွားဖို့ မြန်မာအလုပ်သမားရေးဌာနဘက်က စီစဉ်နေတာဖြစ်ကြောင်း အလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက ဗွီအိုအေကို ပြောပါတယ်။ ဒီလိုစီစဉ်တာမှာ နှစ်နိုင်ငံနားလည်မှု MoU နဲ့သွားတဲ့ လုပ်သားတွေအပြင် အလုပ်ခေါ်စာနဲ့သွားတဲ့ လုပ်သားတွေလည်း အကျုံးဝင်လိမ့်မယ်လို့ သူက ပြောပါတယ်။

" သူတို့ EC (အလုပ်ခန့်စာချုပ်) ချုပ်တဲ့အခါမှာ သက်ဆိုင်ရာနိုင်ငံကို သွားရတဲ့အခါမှာ ဒီ EC စာချုပ်မှာပါတဲ့ လစာနှုန်းတားအရ ဘယ်လောက်တော့ at least ပေါ့- ရာခိုင်နှုန်းအရ လွှဲသင့်တယ်ဆိုတာ ဒါလေးကို ကျနော်တို့... ဟိုဘက်ကဘဏ်စနစ်ကိုလည်း ကျနော်တို့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေဆဲဖြစ်တယ်။ အဲဒါကြောင့် ဒီဘက်ကလည်း remittance (လွှဲငွေ) နဲ့ ပတ်သက်လို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နှုန်းတားကို လျာထားပြီးတော့ ဒီအပေါ်မှာကျနော်တို့ ညှိနှိုင်းတွက်ချက်နေဆဲ ဖြစ်ပါတယ်။"

နောက်ပိုင်းစေလွှတ်မယ့် အလုပ်သမားတွေဆိုရင် အေဂျင်စီတွေနဲ့ စာချုပ်ချုပ်ကတည်းက ပြန်လွှဲမယ့်ငွေပမာဏကို ထည့်ချုပ်ပေးဖို့ အလုပ်သမားဌာနဆက်က စီစဉ်နေတာပါ။ လက်ရှိမှာလည်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေနဲ့ ဒီကိစ္စကို ဆွေးနွေးနေတာ ဖြစ်ပါတယ်။ Golden Sea Myanmar အေဂျင်စီရဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

" ဒါပေမယ့် မကြာတော့ဘူးလို့ ပြောတယ်ခင်ဗျ၊ ထည့်တော့မယ် အဲဒါကိုလေ။ ကျနော်တို့ မှန်းတာတော့ နောက်ဆုံး ဒီနှစ်ကုန်လောက်ထဲမှာ ပါလာတော့မှာ။ ဒီလထဲတောင်မှ ဖြစ်နိုင်ရင် အကောင်အထည်ဖော်ခိုင်းတယ်ဆိုတော့ သိပ်မကြာတော့ဘူး ထင်ပါတယ်။ အဓိကတော့ သူတို့နိုင်ငံခြားငွေလွှဲငွေ လိုချင်တော့ ကလေးတွေ လွှဲတဲ့အပေါ်မူတည်ပြီးတော့ ကျနော်တို့လည်း စာရင်းတွေ ပြန်တင်ပြရမှာပေါ့။"

Western Union လိုနိုင်ငံတကာ ငွေလွှဲစနစ်နဲ့လွှဲနိုင်ဖို့ ကနဦး စဉ်းစားထားကြတယ်လို့ အေဂျင်စီတချို့က ဗွီအိုအေကို ပြောပါတယ်။ သင်္ဘာသားတွေကတော့ အလုပ်သမားဝန်ကြီးဌာနရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာမရှိဘဲ ပို့ဆောင်ဆက်သွယ်ရေးဌာနအောက်မှာ ရှိပါတယ်။ ဒါကြောင့်လည်း ဒီအစီစဉ်မှာ အားလုံးပါဝင်တယ်လို့ ပြောလို့မရသေးကြောင်း အလုပ်ရေးဌာနဘက်က ပြောပါတယ်။

ပြည်ပရောက်မြန်မာတွေကြားမှာတော့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလဲနှုန်း သတ်မှတ်ချက်ဟာ ပြင်ပ ပေါက်ဈေးနဲ့ ကွာဟနေတာကြောင့် ပုဂ္ဂလိက ဟွန်ဒီစနစ်နဲ့ ငွေလွှဲစနစ်ကိုပဲသုံးနေဦးမယ်ဆိုပြီး ပြောဆိုတာတွေလည်း ရှိနေပါတယ်။ ပြည်ပရောက်မြန်မာတွေရဲ့ အိမ်ပြန်ပို့တဲ့ငွေဟာ ဆယ်နှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံလောက်ရှိတယ်လို့ နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့တချို့က ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်း နိုင်ငံခြားငွေ ထိန်းချုပ်ရေး ဗဟိုဘဏ်ဘက်က စည်းမျဉ်းစည်းကမ်းတွေ ချမှတ်လာတဲ့တချိန်တည်းမှာ ပြည်ပမှာအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ဝင်ငွေ ပြန်လည်ပေးပို့စတဲ့ စနစ်တွေအပေါ်မှာလည်း တရားဝင်ပေးပို့တဲ့ စနစ်တွေကို သုံးဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်လာခဲ့ပါတယ်။ ပြည်ပမှာ ထွက်ပြီး အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားအများအပြားရှိနေပြီး ၄ သန်းနဲ့ ၅ သန်းကြားမှာ ရှိမယ်လို့ သီးခြားလွတ်လပ်တဲ့ စီးပွားရေးအဖွဲ့အစည်းတချို့က ခန့်မှန်းပါတယ်။ အများစုဟာ ထိုင်း၊ ကိုရီးယား၊ မလေးရှားနဲ့ ဂျပန်နိုင်ငံတွေမှာ အများဆုံး သွားရောက်အလုပ်လုပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]









XS
SM
MD
LG