သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဏ္ဏားကျွန်းတိုက်ပွဲကြောင့် ဒေသခံ သောင်းနဲ့ချီ ထွက်ပြေး 


ပုဏ္ဏားကျွန်း
ပုဏ္ဏားကျွန်း

[[Zawgyi/Unicode]]

ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်မှာတိုက်ပွဲကြောင့် ဒေသခံတွေ သောင်းချီထွက်ပြေးနေရသလို စားနပ်ရိက္ခာနဲ့နေရာထိုင်ခင်းတွေ အခက်ကြုံ နေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ကုန်လမ်းရေလမ်းတွေကို ပိတ်ထားတာကြောင့် စစ်ဘေးဒုက္ခသည် ကူညီသူတွေအနေနဲ့ သွားရောက်ကူညီဖို့ခက်ခဲနေကြတယ်လို့လည်း ဒုက္ခသည်တွေကို ကူညီသူတွေက ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ပြေးဒုက္ခသည်တွေအကြောင်း သတင်းပေးပို့ချက်ကို ကိုစံကျော် က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်မှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့သလို စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁၀ ယောက်ကျော် သေဆုံးခဲ့တဲအကြောင်း မြို့ခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ရွာသူရွာသားတွေ ဘေးလွတ်ရာကိုထွက်ပြေးနေကြရတဲ့အကြောင်း ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာက အမျိုးသမီးတဦးကတော့ စစ်ကောင်စီတပ်က တရွာလုံးကို ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်နေတာကြောင့်ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၀ ရက်နေ့ကတည်းက ထွက်ပြေးခဲ့ရတာလို့ ပြောပါတယ်။ လက်ရှိနေတဲ့ ပန်နီလာ ကျေးရွာကို ဒုက္ခသည်စခန်းကို ရောက်ဖို့ ၃ ရက်လောက် ကြာတယ်လို့ လည်း ပြောပါတယ်။

“လေယာဉ်နဲ့ပစ်နေတဲ့အချိန်မှာ ထွက်ပြေးလာတာ၊ လမ်းမှာနှစ်ညအိပ်ခဲ့ရတယ်။ တောထဲမှာတည၊ ချောင်းတဖက်ကမ်း ရွာတရွာမှာ တညအိပ်ရတယ်။ အဲလိုကြုံခဲ့ရတယ်။ အိုးအိမ်တွေ၊ ကျွဲနွားတိရစ္ဆာန်တွေ၊ ကိုယ့်ဥစ္စာ ကိုယ့်ပစ္စည်းကို စွန့်ပြီးတော့ထွက်ပြေးလာရတာကတော့ ကျမတို့ အများကြီး ဝမ်းနည်းရပါတယ်။ ကိုယ့်အိမ်ကိုယ့်ရွာကို အမြန်ပြန်လို့ရချင်တယ်၊ ပြန်လို့ရအောင်လည်း နေ့တိုင်းဆု တောင်းတယ်။”

ပုဏ္ဏားကျွန်းမြို့နယ် ပစ်ခတ်မှုတွေကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံတွေ နေရာအတည်တကျမရှိဘဲ ဘေးလွတ်ရွာကို ထွက်ပြေးနေကြဆဲ ဖြစ်တဲ့အကြောင်း စားဝတ်နေရေး အခက်ကြုံနေရတယ်လို့လည်း စစ်ဘေးဒုက္ခသည် ကူညီသူတဦးကလည်း ပြောပါတယ်။

“စားနပ်ရိက္ခာကတော့ ရွာတွေက ထမင်းကျွေးတာတော့ရှိတယ်။ ဒါပေမယ့် သူတို့လည်း မခံနိုင်ဘူး။ လူထောင်နဲ့ချီပြီးတော့ တရက်ကျွေးရတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးလေ၊ ဒုက္ခသည်တွေကလည်း ဟိုရွာမှာတရက် ဒီရွာမှာတရက် အဲလိုပြေးနေကြရတယ်၊ ရွာသားတွေလည်း အဆင်ပြေကြတာမဟုတ်ဘူး။ အဲဒီဖက်မှာ ကြက်ဥတလုံးတောင် ၆၀၀ လောက်ပေးရတယ်။”

ဒါ့အပြင် မြန်မာစစ်တပ်ဘက်က စစ်ဘေးဒုက္ခသည်ကူညီရေး လုပ်ငန်းတွေကို ကန့်သတ်ထားသလို လမ်းပန်းဆက်သွယ်ရေးတွေကို ပိတ်ပင်ထားတာကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အခက်အခဲ ကြုံနေရတဲ့အကြောင်း သူကဆက်ပြောပါတယ်။

“ အခက်အခဲတွေက တချို့နေရာတွေ သွားလာလို့မရဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ အကုန်လုံးပိတ်ထားတယ်။ တချို့ ရွာတွေမှာဆိုရင်လည်း မြို့နဲ့လည်း အလှမ်းဝေးတယ်။ အနွေးထည်တွေ ပို့လို့မရဘူး၊ အဲဒီမှာဆိုရင် အနွေးထည်မရှိလို့ မီးလည်းမမွှေးရဲဘူး။ မီးမြင်ရင် ဒရုန်းတွေနဲ့ပစ်တာတွေရှိတော့လေ။ တချို့ အသက်ကြီးပိုင်းတွေဆိုရင် လူ ၄ ယောက်လောက် ဝိုင်းပြီးတော့ ဖက်ထားရတာတွေ ဆောင်းရာသီဆိုတော့ အအေးတအားများတာကို အဲလိုရှိနေတယ်။”

လက်ရှိရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ စစ်တပ် အကြား နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေ တိုက်လေယာဉ်တွေနဲ့ပစ်ခတ်တာတွေကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေလည်း တိုးလာနေတဲ့အကြောင်း AA အဖွဲ့နဲ့ ရခိုင် ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ အရပ်သားတွေ ထိခိုက်သေဆုံးတဲ့ကိစ္စ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါ့အပြင် မြန်မာစစ်တပ်က ရခိုင်ပြည်နယ်အတွင်းမှာ AA လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ရွာသားတော်တော်များများကို ဖမ်းဆီးထားတဲ့အကြောင်း ရခိုင်ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]













XS
SM
MD
LG