သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန့်ဘွေးဒေသခံ ၇၀ ကျော်ဖမ်းဆီးခံရ 


ပစ်ခတ် ဖမ်းဆီးမှုမှ ရှောင်တိမ်းနေသော ယင်းမာပင် ရွာသား တချို့အား တောတွင်းမှာ တွေ့ရစဉ် ။
ပစ်ခတ် ဖမ်းဆီးမှုမှ ရှောင်တိမ်းနေသော ယင်းမာပင် ရွာသား တချို့အား တောတွင်းမှာ တွေ့ရစဉ် ။

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေက ဘန့်ဘွေးရွာ၊ ဘန့်ဘွေးထန်းဇဉ်ရွာနဲ့ လက်ပံကျေးရွာတွေက စစ်ဘေးရှောင် ဒေသခံ ၇၀ လောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမျိုးသမီးတွေ မသန်စွမ်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဒေသဘက်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးလည်းမရှိဘဲ ဒေသခံတွေ ဖမ်းဆီးခံထားရတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ဘန့်ဘွေးရွာမှာ လွန်ခဲ့တဲ့ ၅ လကျော်ကတည်းက တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေက ဘန့်ဘွေးရွာနဲ့ အနီးဝန်းကျင်ကျေးရွာတွေက ဘေးလွတ်ရာ ပြေးရှောင်နေကြရတဲ့ ဒေသခံ ၇၀ ကျော်ကို ဇူလိုင် ၁၆ ရက် စနေ့နေ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်တယ်လို့ ဒေသခံတဦးက ခုလိုပြောပြပါတယ်။

“ဘန့်ဘွေးပျူစောထီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ပျူစောထီးများဟာ တည်ပင် ကုန်း တောရကျောင်းကနေပြီးတော့ အမျိုးသား ၃၀ ကျော်၊ အမျိုးသမီး ၄၀ ကျော်၊ မသန်စွမ်းသူ ၂ ဦးနဲ့ အဖိုးအဖွား ၆ ဦးတို့ကို ဘန့်ဘွေးရွာ ရွာဦးကျောင်းနဲ့ စာသင်ကျောင်းတို့မှာ တိုက်ပိတ်ပြီးတော့ ဖမ်းဆီးထားပါတယ်ဗျာ။ ဖမ်းထားတာကတော့ ၃ ရက်လောက်တော့ ရှိပြီဗျ။ အဲ့ဒီ ရွာဦးကျောင်းနဲ့ စာသင်ကျောင်းမှာ ဖမ်းဆီးပြီးတော့ တိုက်ပိတ်ထားတာ၊ ၃ ရက်လောက်တော့ ရှိပြီပေါ့ဗျာ။ သူတို့ ကြောက်ပြီး ဖမ်းကြတာပါ။ ဘာမှတိုက်ပွဲလည်း မရှိပါဘူးဗျ။ တိုက်ပွဲလည်းမရှိဘူး ဘာမှမရှိဘူး။ သူတို့ကို သူတို့ လိပ်ပြာမလုံလို့ ဖမ်းကြတာပေါ့။”

စစ်တပ်စခန်းချထားတဲ့ ဘန့်ဘွေးကျေးရွာက လူငယ်တစ်ဦးကိုတော့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ငွေ ၅ သိန်းတောင်းပြီး ပြန်လွတ်ပေးခဲ့တယ်လို့ ဒေသခံကပြောပေမဲ့ ဗီအိုအေက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ ဒေသခံ ၇၀ ကျော် ကို ဖမ်းဆီးတဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကပဲ လက်ပံရွာနဲ့ ဘန့်ဘွေးထန်းဇဉ်ရွာတွေမှာ အရင်အကြိမ်တွေ မီးရှို့စဉ်က မလောင်ဘဲ ကျန်နေသေးတဲ့ အိမ်တချို့ကို ထပ်ပြီး မီးရှိ့သွားတယ်လို့ ဒေသခံက ခုလိုဆက်ပြောပါတယ်။

“ဘန့်ဘွေးရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးတပ်နဲ့ စစ်ကောင်စီတပ်တွေဟာ အနီးအနားမှာ ရှိကြတဲ့ ရွာတွေဖြစ်တဲ့ လက်ပံရွာက နေအိမ် ၁၀ လုံးခန့်၊ ဘန့်ဘွေး ထန်းဇဉ်ရွာက နေအိမ် ၃ လုံးခန့်တို့အား ဝင်ရောက်ဖျက်ဆီးပြီးတော့ ကျေးရွာအတွင်းမှာရှိကြတဲ့ ကြက်တွေ ဝက်တွေကိုလည်းပဲ မတရား အဓမ္မဖမ်းဆီးပြီးတော့ သတ်ဖြတ်စားသောက်နေကြတယ်ပေါ့ဗျာ။”

အခုလိုဒေသခံတွေ ဖမ်းဆီးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမျိုးမရှိသလို စစ်ကောင်စီပြောခွင့်ရကိုလည်း ဆက်သွယ်လို့ မရပါဘူး။

ယင်းမာပင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေး ပြုလုပ်မှုတွေကြောင့် ဘန့်ဘွေးရွာ၊ လက်ပံရွာနဲ့ ဘန့်ဘွေးထန်းဇဉ်ရွာတွေအပါအဝင် အနီးဝန်းကျင်ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတာ၊ ဒေသခံတွေ ဖမ်းဆီးခံရတာတွေကိုလည်း အများအပြားကြုံနေကြရပါတယ်။ ဘန့်ဘွေးရွာမှာ စစ်တပ်တွေ တပ်စွဲထားတာ ၅ လကျော်နေပြီး အနီးဝန်းကျင်ရွာတွေကို ဖျက်ဆီးတာ ဒေသခံတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေတာကြောင့် ဘေးလွတ်အောင် ပုန်းရှောင်နေကြသူတွေလည်း သူတို့ရွာတွေကို မပြန်ရဲကြသေးပါဘူး။

“ဘန့်ဘွေးရွာမှာ တပ်စွဲထားတာ ၅ လတောင် ကျော်ပါပြီ။ စစ်ရှောင်ကြရတာ ၁ နှစ်တောင် ပြည့်ခါနီးပါပြီဗျာ။ သူတို့ ခဏခဏလာတိုင်း ရှောင်နေရတာ။ ခုက ၅ လကျော်တောင် ရှောင်နေကြရတာဆိုတော့ ဒါက အကြာဆုံးပေါ့။ ရွာထဲကို ဝင်မရဘူး။ ရပြန်တော့လည်း ဒီလိုပဲ လူသားဒိုင်းအဖြစ်ဖမ်းဆီး အသုံးပြုပြီး ရိုက်နှက်နေကြတော့ ဘယ်သူမှ မဝင်ရဲဘူးဖြစ်နေတယ်။”

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းရေးတွေကြောင့် ဒေသခံ သောင်းချီပြီး ထွက်ပြေးနေကြရပါတယ်။ လက်ရှိက မိုးရာသီဖြစ်တဲ့အတွက် စစ်ဘေးရှောင်သူတွေအတွက် အဓိက နေထိုင်ရေးအတွက် စိုးရိမ်ရသလို၊ စားသောက်ရေးအတွက် ရိက္ခာနဲ့ ဆေးဝါး မလုံလောက်မှုတွေကြောင့် အခက်အခဲတွေ ဖြစ်နေရတယ်လို့ ဒေသခံဒုက္ခသည်တွေက ပြောကြပါတယ်။ ဒီလို သောင်းနဲ့ချီတဲ့ စစ်ရှောင်တွေအတွက် လုံလောက်တဲ့ အကူအညီတွေကတေ့ အခုထိ မရရှိနိုင်ကြသေးပါဘူး။

စစ်ကိုင်းတိုင်းအတွင်းမှာတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ရဲ့ ပတ်ပတ်လည်ဖြစ်တဲ့ ယင်းမာပင်၊ ပုလဲ၊ ချောင်းဦး၊ မြင်းမူ၊ အရာတော်၊ ဝက်လက်၊ ရွှေဘို စတဲ့ နေရာတွေမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေအကြားတိုက်ပွဲဖြစ်ခဲ့တာတနှစ်ဝန်းကျင်ရှိနေပါပြီ။ PDF ကာကွယ်ရေးတပ်တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ် ဆိုပြီး စစ်ကောင်စီဖက်က နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေကို တိုးပြီးလုပ်လာနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]











=================

XS
SM
MD
LG