သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရင်မကြီး အဲလဇ္ဇဘက်ရဲ့ ကောင်းမွေဆိုးမွေ


ဗြိတိန် ဒုတိယမြောက် အဲလဇ္ဇဘက်ဘုရင်မကြီးရဲ့ရုပ်ပုံလွှာများ။
ဗြိတိန် ဒုတိယမြောက် အဲလဇ္ဇဘက်ဘုရင်မကြီးရဲ့ရုပ်ပုံလွှာများ။

[[Zawgyi/Unicode]]


ဗြိတိသျှသမိုင်းမှာ အနှစ် ၇၀ ကြာ နန်းသက်အရှည်ဆုံး၊ ဒုတိယမြောက် အဲလဇ္ဇဘက်ဘုရင်မကြီးဟာ သက်တော် ၉၆ နှစ်အရွယ် စက်တင်ဘာလ ၈ ရက် ကြာသပတေးနေ့က ကွယ်လွန်သွားပါပြီ။ ဗြိတိန်နဲ့ ဓနသဟာယနိုင်ငံတွေရဲ့ ဥသျှောင်အကြီးအကဲဖြစ်တဲ့ ကမ္ဘာတဝန်းကလေးစားကြတဲ့ ဘုရင်မကြီးအဲလဇ္ဇဘက်ရဲ့ Legacy ကောင်းမွေဆိုးမွေတွေနဲ့ ပတ်သက်လို့ ဗြိတိန်ဘုရင်မကြီးက အရပ်သားတွေကိုချီးမြင့်တဲ့ OBE-Order of the British Empire ထူးချွန်ဆုတံဆိပ်ချီးမြင့်ခံရသူ ဒေါ်တင်ထားဆွေနဲ့ VOA မြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်းတို့ ကဆွေးနွေးထားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဗြိတိန်ဘုရင်မကြီးဟာ ဗြိတိန်နိုင်ငံတင်မကဘဲနဲ့ သြစတြေးလျ၊ ကနေဒါအပါအဝင် ဓနသဟာယ (၁၄) နိုင်ငံရဲ့အဓိပတိလည်းဖြစ်တယ်၊ နောက်ပြီးတော့ အိန္ဒိယအပါအဝင် နိုင်ငံပေါင်း (၅၄) နိုင်ငံရဲ့ခေါင်းဆောင်တဦးလည်းဖြစ်တယ်။ ပြီးလို့ရှိရင် ကမ္ဘာ့လူဦးရေ (၂.၅) ဘီလီယံရဲ့ ခေါင်းဆောင်အဖြစ်နဲ့လည်း လေးစားကြတယ်ပေါ့နော်၊ ၁၉ ရာစု၊ ၂၀ ရာစုခေတ်တွေမှာတုန်းကတော့ ဗြိတိသျှကိုလိုနီ နယ်ချဲ့ဆိုပြီး အားလုံးက အပြစ်တင်ခဲ့ကြတာတွေ ဘာတွေရှိပေမယ့်လို့ အခု ၂၁ ရာစုနောက်ပိုင်းမှာတော့ ဘုရင်မကြီးကို တကမ္ဘာလုံးကအနေနဲ့ လေးစားကြတယ်။ အားလုံးကလည်း သူ့ကိုဆို ချစ်ချစ်ခင်ခင်ရှိကြတယ်ပေါ့။ သူက ကျက်သရေလည်းရှိတယ်၊ သိက္ခာသမာဓိလည်း ရှိတယ်ပေါ့နော်။ ဗမာလိုပြောရလို့ရှိရင်တော့ သီလကောင်းတယ်လို့ ပြောရမှာပေါ့နော်၊ အသက်ကလည်း ဘုန်းကြီးပြီး အသက်ရှည်တယ်၊ ၉ ၆ နှစ်အထိ နေခဲ့တယ်ပေါ့နော်၊ သူထားရစ်ခဲ့တဲ့ ကမ္ဘာကြီးအတွက် အမွေအနှစ်က ဘာတွေများ ဖြစ်မလဲရှင့်။

ဒေါ်တင်ထားဆွေ။ ။ ဘုရင်မကြီး ဒုတိယမြောက် အဲလဇ္ဇဘက်ရဲ့ထူးခြားချက်ကတော့ ဘာလဲဆိုလို့ရှိရင် အခုနက ဒေါ်ခင်စိုးဝင်းပြောသလိုပဲ သူဟာ သီလလုံတယ်၊ သီလကောင်းတဲ့ဘုရင်မကြီးဖြစ်တယ်။ ဒါပေမယ့် သူ့ရဲ့ထူးခြားချက်က ဗြိတိန်နိုင်ငံမှာ စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးတယ်၊ စည်းမျဉ်းခံဘုရင်စနစ်ကို တည်တံ့ခိုင် မာအောင် သူလုပ်နိုင်ခဲ့တယ်။ ခေတ်မီဗြိတိန်နဲ့လိုက်လျောညီထွေတဲ့ဘုရင်စနစ်ကို သူ ချမှတ်ပေးခဲ့တယ်။ ဘယ်လိုနည်းနဲ့ သူလုပ်ခဲ့သလဲဆိုလို့ရှိရင် ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ သူ့ရဲ့ဘုရင်စနစ်ကိုလည်း ပြောင်းလဲပေးလိုက်တယ်။...

...ဥပမာပြောရမယ်ဆိုလို့ရှိရင် ဘုရင်မကြီးက နိုင်ငံရေးမှာဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိဘူး။ သူတို့ ဒီကချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေအရ၊ သို့သော်လည်းပဲ လိုအပ်လာလို့ရှိရင် နှုတ်အားဖြင့်သော်လည်းကောင်း၊ ကိုယ်အမူအယာအားဖြင့်သော်လည်းကောင်း သူက ဝင်ရောက်ပြီးတော့ သူ့ရဲ့ဆန္ဒကို ထုတ်ဖော်လေ့ရှိတယ်။ အဲဒီတော့ ဒီလို သူ့နေရာနဲ့သူနေတယ်၊ အချိန်တန်လို့ရှိရင် ပြောစရာရှိရင်ပြောတယ်။ အဲဒီအချက်ကြောင့် လူတွေရဲ့လေးစားမှုကို သူရတယ်။

....နောက်တချက်ကလည်း ကမ္ဘာ့နိုင်ငံရေးကို သူက အင်မတန်မှပဲ နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင် လေ့လာထားခဲ့သူဖြစ်တယ်။ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့တွေ့တဲ့အခါမှာ သူ့ရဲ့ ကမ္ဘာ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့ကျွမ်းကျင်မှု၊ သူ့ရဲ့သုံးသပ်နိုင်မှုအားပေါ့နော်- ဒါကြောင့်မို့လို့ ကမ္ဘာ့ခေါင်းဆောင်တွေကလည်း သူနဲ့တွေ့တဲ့အခါမှာ သူ့အပေါ်မှာ သာမန်ဘုရင်မကြီးတဦးအနေနဲ့သာမကဘဲနဲ့ နိုင်ငံရေးအရ ဆွေးနွေးနိုင်တဲ့ပုဂ္ဂိုလ်ကြီးတယောက်အနေနဲ့ သူ့ကို လက်ခံကြတယ်၊ လေးစားကြတယ်။ အဲဒီတော့ ဒီအချက်နှစ်ချက်ကြောင့်ပေါ့နော် - သူဟာ ခေတ်နဲ့အညီတွေးတောနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာ ထင်ရှားတဲ့၊ အင်မတန်မှပဲ လေးစားကြည်ညိုခံရတဲ့ပုဂ္ဂိုလ်အနေနဲ့ သူ့ကိုလက်ခံကြတာဖြစ်တယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ။ တချို့ ဓနသဟာယနိုင်ငံတွေကလည်းပဲ ဗြိတိန်ဘုရင်မကြီးကို သူတို့ရဲ့နိုင်ငံ့အကြီးအကဲ ခေါင်းဆောင်အဖြစ်နဲ့ မထားတော့ဘူး၊ သူတို့ Republic လုပ်တော့မယ်ဆိုပြီးတော့ ပြောနေတဲ့နိုင်ငံတချို့လည်း ရှိပါတယ်။ အဲဒါကြောင့်လည်း တတိယမြောက် ချားလ်စ်ဘုရင်တက်လာတဲ့အခါကျလို့ရှိရင်များ ဓနသဟာယနိုင်ငံတွေများ တစစီ ပြိုကွဲမယ့်အလားအလာများ ရှိနေသလားလို့ပါ။

ဒေါ်တင်ထားဆွေ။ ။ အဲဒီလို အသံတွေကတော့ ထွက်နေတယ်၊ တချို့နိုင်ငံတွေကပေါ့နော်- ဘုရင်မကြီးကနေပြီးတော့ သူတို့ရဲ့ဥသျှောင်အဖြစ်နဲ့ ရပ်တည်နေတာကို သူတို့ လက်မခံချင်တော့ဘူးဆိုတဲ့အသံတွေ ထွက်နေတယ်။ သို့သော်လည်းပဲ ဓနသဟာယနိုင်ငံတွေနဲ့ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံရေးအရ၊ စီးပွါးရေးအရ၊ သံတမန်ရေးအရ ဆက်ဆံရေးတွေက အများကြီးရှိတဲ့အတွက် လုံးဝသီးခြားလွတ်လပ်တဲ့ နိုင်ငံတွေအဖြစ် သူတို့ရပ်တည်မယ်ဆိုရင်တော့ အချိန်ယူရအုံးမယ်ထင်တယ်။ သို့သော် လည်းပဲ ခေတ်ကြီးက ပြောင်းလဲလာတဲ့အတွက် ဓနသဟာယနိုင်ငံတချို့က အဖွဲ့ ထဲကနေ ခွဲထွက်သွားနိုင်ပါယ်။ ဒီလို ခွဲထွက်သွားမယ်လို့လည်း ဗြိတိန်နိုင်ငံကနေပြီးတော့ မျှော်လင့်ထားပုံရတယ်။ နောက်ပြီးတော့ ပြင်ဆင်ထားပုံလည်း ရပါတယ်။

ဒီဗြိတိန်နိုင်ငံမှာ စည်းမျဉ်းခံဘုရင်စနစ်တည်ဆောက်ထားတာ ဘုရင်မကြီးလက်ထက်မှာ ခေတ်မီဗြိတိန်နိုင်ငံကြီး တည်ထောင်တဲ့အခါမှာ သူကနေပြီးတော့ ဦးဆောင်ပြီး တည်ထောင်သွားတယ်။ ဒီမှာ လူအနည်းအကျဉ်းကသာလျှင် ဘုရင်စနစ်ကို ကန့်ကွက်တာ၊ မလိုလားဘူးဆိုတဲ့ဆန္ဒထုတ်ဖော်တာရှိတယ်။ လူအများစုကတော့ စည်းမျဉ်းခံဘုရင်စနစ်ကို လုံးဝ လက်ခံတာတွေ့ရတယ်။

အဲဒီတော့ မနေ့က ဘုရင်မကြီး နတ်ရွာစံသွားတယ်ဆိုတဲ့သတင်းလည်းထွက်လာရော တော်တော်များများက တခါတည်း အင်မတန်ဝမ်းနည်းပြီးတော့ ငိုကြတယ်။ တော်တော်လေးကို ယူကျုံးမရဖြစ်ကြတယ်။ မိခင်တယောက် ဆုံးရှုံးသွားသလို ခံစားရတယ်။ သိသိသာသာကို တွေ့ရတယ်ပေါ့။ ယူကေနိုင်ငံ တနိုင်ငံလုံးမှာ ဘုရင်မကြီး ဆုံးပါးသွားတာကို အဲလို တုံ့ပြန်လိုက်တာ တွေ့ရတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]












XS
SM
MD
LG