သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင်ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ စစ်ကောင်စီ ဖိအားပေး


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ညောင်ချောင်းစစ်ရှောင်စခန်း မြင်ကွင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ - CJ)
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ညောင်ချောင်းစစ်ရှောင်စခန်း မြင်ကွင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ - CJ)

[[Zawgyi/Unicode]]

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ရခိုင်စစ်ဘေးဒုက္ခသည်တွေကို အခု အောက်တိုဘာလ နောက်ဆုံးထားပြီးနေရပ်ပြန်ဖို့နဲ့ မပြန်ရင်တရားစွဲမယ်ဆိုပြီး မြန်မာစစ်တပ်ဘက်က ဖိအားပေးနေကြောင်း စစ်ဘေးဒုက္ခသည်တွေက ပြောကြပါတယ်။ ဒါပေမယ့်လည်း စားဝတ်နေရေးနဲ့ လုံခြုံရေးအာမခံချက်ပေးမှ နေရပ်ပြန်နိုင်မယ်လို့ စစ်ဘေးဒုက္ခသည်တွေဘက်က ပြောကြပါတယ်။ ဘူးသီးတောင်မြို့နယ်အတွင်းက ဒုက္ခသည်အခြေအနေ သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ကုန်းလမ်းရေလမ်းခရီးသွားလာခွင့်ပိတ်ထားတဲ့ ဘူးသီးတောင်မြို့နယ်က ရခိုင်စစ်ဘေး ဒုက္ခသည်တွေကို အောက်တိုဘာ ၃၁ နေ့နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ အာဏာပိုင်တွေက ပြောထားပါတယ်။ နေရပ်မပြန်ရင် ကျူးကျော်အဖြစ် တရားစွဲဆိုသွားမှာဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်တာဝန်ရှိသူတွေက ခေါ်ယူ သတိပေးထားတဲ့အကြောင်း စစ်ဘေးဒုက္ခသည်စခန်းတာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။

“ သူတို့က မယက က အစည်းအဝေးခေါ်ပြီးတော့ ဗျူဟာမှူးပါတယ်။ ရဲက မြို့နယ်မှူးပါတယ်။ အောက်တိုဘာလကုန်ရင် ခင်ဗျား ပြန်ရမယ်တဲ့။ အဲလိုပြောတယ်။ မပြန်လို့ရှိရင်တော့ ကျူးကျော်မြေအဖြစ် တရားစွဲမယ်လို့ပြောတယ်။ ပုဒ်မတော့မပြောဘူး။ တရားစွဲမယ်လို့သာ ပြောတာ။ အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီးပြန်ခိုင်းတယ်။”

အရင်ကလည်း စစ်ကောင်စီက ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ တိုက်တွန်းခဲ့တာတွေရှိပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုး ကြောင့် နေရပ်မပြန်နိုင်ခဲ့ကြပါဘူး။ အခု အောက်တိုဘာလကုန်လို့မှ နေရပ်မပြန်ရင် တရားစွဲမယ်လို့ မြန်မာစစ်ကောင်စီဘက်က ပြောထားပေမယ့် နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးတဲ့အကြောင်း ဘူးသီးတောင်စစ်ဘေးဒုက္ခသည်စခန်းက အမျိုးသမီးတဦး ကပြောပါတယ်။

“ ရွာကိုပြန်မယ့် အစီအစဉ်လည်းမရှိသေးဘူး။ ဒီမှာနေလို့ရှိရင်လည်း သူတို့က ကျူးကျော်သူတွေဆိုပြီး တရားစွဲရင်လည်း ဖြေရှင်းမယ့်အစီအစဉ်လည်း မရှိသေးဘူး၊ ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုနေရမလဲဆိုတာလည်း မရှိသေးဘူး။ ရွာကိုပြန်လို့ရှိရင်လည်း ကိုယ့်သေတွင်းကို ကိုယ်တူးတာနဲ့ အတူတူပဲရှိတယ်။”

စစ်ကောင်စီအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်စေချင်ရင် လုံခြုံရေးအာမခံချက်နဲ့ စားဝတ်နေရေးပြေလည်အောင် ဆောင်ရွက်ပေးဖို့ လိုမယ်လို့လည်း စစ်ဘေးဒုက္ခသည် အမျိုးသမီး တဦးကပြောပါတယ်။

“ ရွာကိုပြန်မယ်ဆိုရင် နေတဲ့နေရာတဝိုက်ကို မိုင်းရှင်းပေးရမယ်။ ပြီးတော့ ပျက်စီးသွားတဲ့အိမ်တွေကို ပြန်ဆောက်ပေးရမယ်၊ ပြီးတော့ အဲဒီဒေသက လူတွေက တောင်ယာ လုပ်စားကြတာ။ အဲဒီနေရာကိုလည်း သွားနိုင်မှာမဟုတ်ဘူးဆိုတော့ စားဝတ်နေရေး ထောက်ပံ့ပေးရမယ်။ လုံခြုံရေးအကုန်လုံး တာဝန်ယူပေးရမယ်။ အဲဒီနေရာတွေမှာ စစ်ကောင်စီက တပ်စွဲထားတော့ ဘယ်လိုမှအဆင်မပြေဘူး။ အချန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်။ တပ်စွဲထားတဲ့လူတွေမရှိမှ ရွာကိုပြန်နိုင်မယ်ရှင့်။”

လက်ရှိအချိန်ထိ ဘူးသီးတောင်မြို့နယ်မှာ စစ်ဘေးဒုက္ခသည်စခန်း လေးခုအထိရှိနေပြီး လူဦးရေ ၃,၀၀၀ ကျော်အထိရှိပါတယ်၊ ရခိုင်ပြည်နယ်မှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကိုအရင်က မြန်မာစစ်တပ်က ဆန်ရိက္ခာ ထောက်ပံ့တာတွေရှိပေမယ့်လည်း ဒီနှစ် ၄ လပိုင်းလောက်ကစပြီး စားနပ်ရိက္ခာထောက်ပံ့တာတွေ ရပ်ဆိုင်းထားပါတယ်။

ဒါ့အပြင် စစ်ဘေးဒုက္ခသည်ကူညီရေးအဖွဲ့တွေကိုလည်း စစ်တပ်ဘက်က ကန့်သတ် ပိတ်ပင်ထားပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောအပါအဝင် မြို့နယ် ၆ ခုကို NGO၊ INGO နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ ပရဟိတတအဖွဲ့တွေ ခရီးသွားလာခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။

အခုလို စစ်ဘေးဒုက္ခသည်တွေကို အတင်းအကြပ်နေရပြန်ခိုင်းရတာနဲ့ ပတ်သက်ပြီးမေးမြန်းဖို့ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီဘက်က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရသလို တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]












XS
SM
MD
LG