သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၂ နိုဘဲလ်ငြိမ်းချမ်းရေးဆု လူ့အခွင့်အရေးဆောင်ရွက်သူ ၁ ဦးနဲ့ အဖွဲ့အစည်း ၂ ခု ပူးတွဲရရှိ


၂၀၂၂ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေကို ကြေညာပေးနေတဲ့ ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ Berit Reiss-Andersen(အောက်တိုဘာ ၇၊ ၂၀၂၂)
၂၀၂၂ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေကို ကြေညာပေးနေတဲ့ ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ Berit Reiss-Andersen(အောက်တိုဘာ ၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဒီနှစ် ၂၀၂၂ ခုနှစ်အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို ဘဲလားရုစ်နိုင်ငံက လူ့အခွင့်အရေး ဦးဆောင်လှုပ်ရှားသူတဦးနဲ့အတူ ယူကရိန်းလူ့အခွင့်အရေးအဖွဲ့တခုနဲ့ ရုရှားလူ့အခွင့်အရေးအဖွဲ့ တခုတို့ကို ပူးတွဲ ချီးမြှင့်လိုက်ပါတယ်။

ဒီနှစ်အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို အကျဉ်းကျခံနေရတဲ့ ဘဲလားရုစ်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အဲလက်စ် ဘီယာလေယာစကီ [Ales Bialiatski] ၊ ရုရှားလူ့အခွင့်အရေးအဖွဲ့ Memorial နဲ့ ယူကရိန်း လူ့အခွင့်အရေးအဖွဲ့ Center for Civil Liberties တို့ကို ချီးမြှင့်လိုက်” တဲ့အကြောင်း ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ Berit Reiss-Andersen က ဒီကနေ့ ကြေညာသွားတာပါ။

သူတို့ဟာ ဘဲလားရုစ်၊ ရုရှားနဲ့ ယူကရိန်းနိုင်ငံတွေမှာ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် ရှေ့တန်းကနေ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတာကြောင့် ခုလို ချီးမြှင့်တာ ဖြစ်တယ်လို့ ဆုရွေးချယ်ရေး ကော်မတီက ပြောပါတယ်။ သူတို့ဟာ နိုင်ငံတွင်းက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို ကိုယ်စားပြုပြီး အာဏာရှင်တွေကို ဝေဖန် ထောက်ပြခွင့်တွေ ပိုမို ရရှိလာအောင်၊ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ်ပေးနိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြသူတွေဖြစ်တယ်လို့လည်း ဆုရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌက ပြောသွားပါတယ်။

ဒီနှစ် ဆုရှင်တဦးဖြစ်တဲ့ အဲလက်စ် ဘီယာလေယာစကီ ဟာ ပြီးခဲ့တဲ့နှစ်က ဘဲလားရုစ်နိုင်ငံရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး အတိုက်အခံတွေ အင်အားသုံး နှိမ်နင်းခံရချိန်မှာ ဖမ်းဆီး ထောင်ချခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ဖိလစ်ပိုင် သတင်းစာဆရာမ Maria Ressa နဲ့ ရုရှားသတင်းစာဆရာ Dmitry Muratov တို့ကို ပူးတွဲ ချီးမြှင့်ခံခဲ့ရပါတယ်။ ဒီ့မတိုင်ခင် ဆုရှင်တွေထဲမှာတော့ အမေရိကန်ပြည်ထောင်စုမှာ တန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူ့အခွင့်အရေး ခေါင်းဆောင် မာတင်လူသာကင်း ဂျူနီယာ၊ တောင်အာဖရိကရဲ့ အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေး လူထုခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလား၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမေရိကန်သမ္မတဟောင်း ဘရက်ခ်အိုဘားမားတို့လည်း ချီးမြှင့်ခံခဲ့ရဖူးပါတယ်။

ဒီနှစ် နိုဘဲလ် ငြိမ်းချမ်းရေးဆုအတွက် ဆုငွေ ဆွီဒင် ခရိုနာ ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး) နဲ့ ရွေတံဆိပ်ဆုကိုတော့ ဆုရရှိသူတွေ အညီအမျှ ခွဲဝေယူကြရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]








XS
SM
MD
LG