သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေးနဲ့ စစ်ကိုင်းတိုင်းက စစ်ရှောင်တွေ ဆေးကုသမှုရဖို့ အခက်ကြုံနေ


စစ်ကိုင်းတိုင်း၊ကင်းရွာ စစ်ဘေးရှောင်ဒုက္ခသည်များ။ (ယခင်မှတ်တမ်းဓာတ်ပုံ/AFP)
စစ်ကိုင်းတိုင်း၊ကင်းရွာ စစ်ဘေးရှောင်ဒုက္ခသည်များ။ (ယခင်မှတ်တမ်းဓာတ်ပုံ/AFP)

[[Zawgyi/Unicode]]

စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ကျေးရွာတွေက မနာမကျန်းဖြစ်သူတွေ မြို့ပေါ်မှာ ဆေးဝါး တက်ရောက်ကုသဖို့ အခက်အခဲတွေရှိနေတယ်လို့ ဒေသခံ ရွာသူရွာသားတွေက ပြောပါတယ်။ ဆေးကုသဖို့ အသေးစိတ် စစ်ဆေးခံရတာတွေ ရှိသလို ဆေးဝါးတွေလည်း အလွယ်တကူ သယ်ဆောင်ခွင့်မရတဲ့အကြောင်း ပြောပြပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက စစ်ဘေးရှောင်တွေရဲ့အခြေအနေ သတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စစ်တပ်ဘက်က နယ်မြေရှင်းလင်းရေးထိုးစစ်ဆင်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း လေကြောင်းကနေပါ ဒေသခံကာကွယ်ရေးတပ်တွေကို ပစ်ခတ်တဲ့အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဒေသခံ နေအိမ်တွေ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသလို ထောင်နဲ့ချီတဲ့ ဒေသခံတွေ တောတောင်တွေထဲ တိမ်းရှောင်နေရပါတယ်။

စစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အို နာမကျန်းသူတွေပါဝင်ပြီး နီးစပ်ရာမြို့ပေါ်ကို ဆေးဝါး တက်ရောက် ကုသမယ်ဆိုရင် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ဆေးမှုတွေအပြင် ဖမ်းဆီးမှာစိုးရိမ်တဲ့အတွက် အဆင်ပြေသလို ကုသနေရတယ်လို့ မြောင်မြို့နယ်မှာ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

“မြို့ပေါ်မှာသွားပြီးကုရမယ်ဆိုရင် အခက်အခဲဖြစ်တယ်။ တချို့ကလည်း မြို့ပေါ်မှာ သွားကုရင် အဖမ်းခံရမှာမျိုးတွေကြောက်တော့ ဘာတွေဖြစ်လဲဆိုရင် ကျေးရွာမှာရှိတဲ့ နပ်စ်မတွေနဲ့ပေါ့ ဆေးဆရာတွေနဲ့ပဲ ကုကြတာများတယ်။ မြို့ပေါ်တက်ပြီဆိုရင် စစ်တာဆေးတာမျိုးတွေလုပ်တယ်။ လုပ်ပြီး မသင်္ကာရင်ဖမ်းတယ်။ ဖမ်းပြီးငွေတောင်းတယ်။ တောသူတောင်သားတွေဆိုတော့ ပိုက်ဆံမရှိတော့ ပြန်ရွေးရမှာစိုးတာမျိုးတွေ မသွားကြတာပေါ့။ မကုကြဘူးပေါ့။ ကျွန်တော်တို့ဒီနယ်မြေမှာဆိုရင် မြို့ပေါ်သွားပြီး ကုတဲ့လူမရှိကြဘူး။”

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းတဲ့ ကာလမှာ အိမ်ပေါင်း သောင်းကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုထားပါတယ်။ စစ်ဘေးရှောင် ရွာသူရွာသားတွေလည်း ထောင်နဲ့ချီရှိနေပါတယ်။ စစ်ကောင်စီဘက်ကတော့ အရပ်သားတွေရဲ့ လူနေအိမ်ခြေတွေကို သူတို့ မီးမရှို့တဲ့အကြောင်းနဲ့ အရပ်သားတွေကို ထိခိုက်နစ်နာအောင် မလုပ်တဲ့အကြောင်း ပြောဆိုနေပါတယ်။ အလားတူပဲ မကွေးတိုင်းမှာဆိုရင်လည်း ဖျားနာတဲ့ ဒေသခံ ရွာသူရွာသားတွေအတွက် ဆေးဝါးကုသဖို့ အခက်အခဲတွေ ရှိနေပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာမှာဆိုရင် စစ်ဘေးရှောင် ရွာသူရွာသားတွေ တောတောင်တွေထဲမှာပဲ နေထိုင်နေရပါတယ်။ ဆေးဝါး ကုသဖို့ ခက်ခဲတဲ့အပြင် ဆေးဝါး ဝယ်ယူရာမှာလည်း စစ်ကောင်စီရဲ့ တင်းကြပ်စွာ စစ်ဆေးတာတွေကြောင့် အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ဆေးဝါးကလည်း ဂန့်ဂေါမြို့ပေါ်ကလည်း ဝယ်လို့မရဘူး။ ကလေးဘက်ကျတော့လည်း ရွာထဲမှာ ပျူစောထီးတွေ ဟံသာဝတီ(ရွာ) ကုက္ကား ရွာတွေက ကြားမှာ ခံနေတဲ့အတွက် ကျနော်တို့က အဲ့ဘက်ကျ သွားလာရေးကအစ လုပ်လို့မရဘူး။ နည်းနည်းပဲ ဘိုင်အိုဂျက်စစ်၊ ဒီကိုဂျင်တို့ပဲ အလွန်ဆုံးဝယ်ရ ၂ ကဒ် ၃ ကဒ်လောက်ပဲရတာ။ အများကြီးဝယ်လို့မရဘူး။ သူတို့က များသွားရင် သိမ်းတော့တာပဲ။ PDF တွေဘာတွေ ထောက်ပံ့တယ်ဆိုပြီး သိမ်းတာ။ ယောဆရာတော်ဘုရားကြီး ဖွင့်ထားတဲ့ အခမဲ့ဆေးခန်း လက်ပံရွာမှာ ဖွင့်ထားတဲ့ ဆေးခန်းမှာလည်း (စစ်တပ်) က ထိုင်ပြီးမှ ဘေးနားရွာတွေကို ပတ်ပြီး မီးရှို့တာတို့၊ ရမ်းကားတာတို့ အဲ့ဆေးခန်းကလည်း အသုံးပြုလို့မရတဲ့အတွက် ဆေးဝါးကုသမှုခက်ခဲတယ် အခုလပိုင်းတွေမှာ။”

နှမ်းခါးရွာက စစ်ရှောင်တွေဟာ တောင်တောင်တွေထဲ တိမ်းရှောင်နေရပြီး အသက်ကြီးရင့်သူတွေဟာ ပင်ပန်းတဲ့ဒဏ်တွေကြောင့် သေဆုံးရတာတွေလည်းရှိသလို တောတောင်တွေထဲမှာ အဆိပ်ရှိ သတ္တဝါတွေ ကိုက်ခံရတာကြောင့် သေဆုံးတာတွေရှိတယ်လို့လည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေ့ ပြောပါတယ်။

စစ်ဆေးရေး ဂိတ်တွေမှာ ဈေးဝယ်ကားတွေကို စစ်တပ်လုံခြုံရေးတပ်ဖွဲ့တွေ အသေးစိတ်စစ်ဆေးပြီး အစားအစာတွေနဲ့ ဆေးဝါးတွေကို အကန့်အသတ်အသတ်နဲ့ပဲ သယ်ယူခွင့်ပြုတာကြောင့်လည်း မနာမကျန်းဖြစ်သူတွေအတွက် ဆေးဝါးကုသဖို့ အခက်အခဲဖြစ်နေရတယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]











XS
SM
MD
LG