သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ခရီးသွားလုပ်ငန်း ပုံမှန်ပြန်လည်ပတ်ဖို့ ခက်ခဲ 


ကမ္ဘာလှည့်ခရီးသည်တွေ အသွားဆုံး အဆင့်မြင့် ဗိသုကာလက်ရာတွေထွန်းကာရာ ၁၁ ရာစုကနေ-၁၃ ရာစုက ရှေးဟောင်းမြို့ ပုဂံရဲ့ ညနေဆည်းဆာမြင်ကွင်း။ (ဒီဇင်ဘာ ၂၃၊ ၂၀၁၃)
ကမ္ဘာလှည့်ခရီးသည်တွေ အသွားဆုံး အဆင့်မြင့် ဗိသုကာလက်ရာတွေထွန်းကာရာ ၁၁ ရာစုကနေ-၁၃ ရာစုက ရှေးဟောင်းမြို့ ပုဂံရဲ့ ညနေဆည်းဆာမြင်ကွင်း။ (ဒီဇင်ဘာ ၂၃၊ ၂၀၁၃)

[[Zawgyi/Unicode]]


ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေကြောင့် ရပ်နားထားရတဲ့ မြန်မာနိုင်ငံတွင်းက ခရီးသွားလုပ်ငန်းတွေဟာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအခြေအနေတွေကြောင့်လည်း ပုံမှန်ပြန်လည်ပတ်နိုင်ဖို့ ခက်ခဲနေတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ လာမယ့်ခရီးသွားရာသီအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းတွေရဲ့ မျှော်လင့်ချက် အနေအထား ဘယ်လောက်အထိ ရှိနေပါသလဲ။ ခရီးသွားလုပ်ငန်းရှင်များ အသင်းနဲ့ လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ ပြောပြချက်တွေ ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

စက်တင်ဘာ ၂၇ ရက် ဒီကနေ့ဟာ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့လည်း ဖြစ်ပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုတွေအပြီး ကိုဗစ်အလွန်ကာလ ပြန်ပြီးဦးမော့လာနိုင်မယ်လို့ မျှော်လင့်ထားတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းကတော့ ပြည်တွင်းမှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြား နာလန်ထဖို့ ခက်ခဲနေပါတယ်။ လာမယ့် ခရီးသွားရာသီမှာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ စလည်ပတ်မှာဖြစ်ပေမယ့် အပန်းဖြေခရီးလာမယ့် နိုင်ငံခြားခရီးသွားကတော့ ဝင်ရောက်နိုင်ခြေ နည်းဦးမယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က VOA ကိုပြောပါတယ်။

"Domestic tourism က အခုချိန်ကတော့ မိုးတွင်းဖြစ်နေတော့လေ အရမ်းကြီးတိုးတက်မှု မရှိသေးပါဘူး။ သီတင်းကျွတ်ပြီဆို နည်းနည်းပွင့်လင်းရာသီ စပြီဆိုရင် ပြည်တွင်းခရီးသွားလုပ်ငန်းတွေ စပြီးတော့ လည်ပတ်ပါမယ်ခင်ဗျ။ အဲတော့ Domestic tourism ကတော့ အလားအလာကောင်းတယ်ပေါ့နော်။ Outbound ခရီးစဉ်တွေကတော့ ပြီးခဲ့တဲ့ ၈ လပိုင်းထဲကစပြီးတော့ ပြည်ပကနေ လေကြောင်းလိုင်းတွေ ပိုဆွဲတဲ့အတွက် Outbound ခရီးစဉ်တွေ အများကြီး ပြည်ပကိုသွားကြတယ်။ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ ပြည်ပကိုသွားတာများတယ်။ အဲတော့ Outbound tourism ကတော့ အများကြီးတက်မယ်ပေါ့နော်။ Inbound အနေနဲ့ ဒီပြည်ပကနေ ပြည်တွင်းကိုဝင်လာတဲ့ ဧည့်သည်တွေအနေနဲ့ ကြည့်မယ်ဆိုရင်တော့ တော်တော်လေးနည်းနေသေးတယ်လို့ ပြောလို့ရတယ်။ ခရီးသည်တချို့ ဝင်ရောက်လာတာရှိပေမယ့် Leisure လို့ခေါ်တဲ့ အပန်းဖြေခရီးအနေနဲ့ လာတာမဟုတ်ဘဲနဲ့ အလုပ်အကိုင်နဲ့ ဆွေမျိုးတွေတွေ့ဖို့လောက် လာတာမျိုးဖြစ်နေတော့လေ Leisure tourism နဲ့ Inbound tourism ကတော့ တော်တော်လေး နည်းနေသေးတယ်။ အများကြီးတိုးတက်လာဖို့လည်း နည်းနည်းတော့ ခက်နေသေးတယ်။ ဒါပေမဲ့ ၂၀၂၂ အကုန် ၂၀၂၃ နှစ်ဆန်းပိုင်းဆိုရင်တော့ Inbound tourism က တိုးတက်လာဖို့ရှိပါတယ်။"

အရင်က နိုင်ငံခြားခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိတဲ့ မြန်မာနိုင်ငံတွင်းက အပန်းဖြေခရီးစဉ်တွေလည်း လတ်တလောဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ စစ်ရေးတင်းမာမှု၊ လုံခြုံရေးတင်းကျပ်မှု အခြေအနေတွေကြား သိပ်ပြီးမျှော်လင့်ချက်မရှိဘူးလို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတချို့ကလည်း ခန့်မှန်းကြပါတယ်။ ကပ်ရောဂါဘေးကြောင့် တနေရာနဲ့တနေရာသွားလာခွင့်တွေ ကန့်သတ်ခံခဲ့ရာကနေ ပြည်တွင်းခရီးသွားလုပ်ငန်းတွေလည်း လုံးဝ ရပ်နားထားခဲ့ရတဲ့ အခြေအနေရှိခဲ့ပါတယ်။ ပြည်တွင်းမှာ ကပ်ရောဂါစည်းမျဉ်းတွေ တဖြေးဖြေး ဖြေလျှော့ရာကနေ ပြည်တွင်းခရီးသွားလာမှု ပြန်အစပြုနိုင်ဖို့ ရုန်းကန်နေချိန်မှာပဲ အာဏာသိမ်းနောက် ဆက်တွဲ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့တာပါ။ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့ဖို့ဟာ နိုင်ငံတွင်းအခြေအနေပေါ်မှာ မူတည်နေတယ်လို့ Amazing Time Travels & Tours ရဲ့ MD ဒေါ်ကေသွယ်အောင်က ပြောပါတယ်။

"လောလောဆယ် အခြေအနေကတော့ ကျမတို့ပြန်ပြီးတော့ အားယူနေတဲ့ အခြေအနေပေါ့နော်။ ပြန်ပြီး အားယူနေတဲ့ အခြေအနေဆိုတာက ဒီဘက်က ကျမတို့နိုင်ငံရေးတည်ငြိမ်မှု အပိုင်းတွေအပေါ်မှာ အများကြီးမူတည် ပါတယ်။ တချို့တွေလည်း ကျမကို မေးတာတွေရှိတယ်။ မြန်မာနိုင်ငံကို လာလို့ရပြီလားပေါ့နော်။ ဆိုတော့ ကျမကလည်း လာလို့ရတယ်၊ ဒါပေမယ့် နေရာတွေကတော့ Limited ရှိနေတယ်ပေါ့။ ခရီးသွားဖို့ မသင့်တော်တဲ့ နေရာတွေလည်းရှိတယ်၊ သင့်တော်တဲ့နေရာတွေလည်းရှိတယ်၊ အဲလိုပြန်ဖြေရတာပေါ့။ အဲတော့ အဲဒါကိုခြုံငုံပြီး သုံးသပ်ရလို့ရှိရင်တော့ ကျမတို့ ရောင်ခြည်လေးတော့ စပြီးတော့တွေ့လာရတယ်။ ဒါပေမယ့် ဘယ်လောက်အတိုင်းအတာထိ သွားမလဲဆိုတာတော့ ပြောရခက်သေးတာပေါ့နော်။ ဒီ Season ကလည်း October မှ စမှာဖြစ်တဲ့အတွက် Season ရောက်ရင်တော့ အခြေအနေတမျိုး ပြောင်းရင်လည်း ပြောင်းနိုင်ပါတယ်။"

အခုနှစ် ဧပြီလပိုင်းမှာတော့ ပြည်တွင်းခရီးသွားတွေ လည်ပတ်တာရှိပေမယ့် ကပ်ရောဂါကာလမတိုင်ခင် ၂၀၁၉ ခုနှစ် ဧပြီလက လာရောက်ခဲ့တဲ့ ခရီးသည် အရေအတွက်နဲ့ နှိုင်းယှဉ်ရင်တော့ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတယ် လို့ ခရီးသွားလုပ်ငန်းရှင်တွေရဲ့စာရင်းအရ သိရပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အထိခိုက်ဆုံး လုပ်ငန်းတွေထဲမှာ ခရီးသွားလုပ်ငန်းလည်း တခုအပါအဝင်ဖြစ်တဲ့အကြောင်း စီးပွားရေးပညာရှင်တွေ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။ အကျိုးဆက်အနေနဲ့ ကိုဗစ်ရောဂါ ကူးစက်မှုတွေအပြီး ဘက်ပေါင်းစုံ စီးပွားရေး ကျဆင်းမှုနဲ့ အကျပ်အတည်းတွေကြား မြို့ပြလူဦးရေရဲ့ ဆင်းရဲမွဲတေမှု အရေအတွက်ဟာ ၃ ဆလောက် တိုးလာမယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP ရဲ့ စစ်တမ်းကလည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]








XS
SM
MD
LG