သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ နိုင်ငံရေး၊ စီးပွားရေးအကြပ်အတည်း ပိုဆိုးလာနိုင် (ချူလာလောင်ကွန်း ဆွေးနွေးပွဲ)


ထိုင်းနိုင်ငံ၊ ချူလာလောင်ကွမ်းတက္ကသိုလ်မှာကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲ (စက်တင်ဘာ ၆၊ ၂၀၂၂/ ဓာတ်ပုံ သိန်းထိုက်ဦး VOA)
ထိုင်းနိုင်ငံ၊ ချူလာလောင်ကွမ်းတက္ကသိုလ်မှာကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲ (စက်တင်ဘာ ၆၊ ၂၀၂၂/ ဓာတ်ပုံ သိန်းထိုက်ဦး VOA)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ မိုးရာသီကုန်လို့ ခြောက်သွေ့ ရာသီမှာ လက်နက်ကိုင်တိုက်ပွဲနဲ့ ပဋိပက္ခတွေ ပိုများလာနိုင်သလို လက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေး အကြပ်အတည်းဟာ လာမယ့် လပိုင်းတွေအတွင်း ပိုပြီး ဆိုးဝါးလာနိုင်တယ်လို့ ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ်မှာ စက်တင်ဘာ ၆ ရက်၊ ဒီနေ့ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ မြန်မာ့အရေးသုံးသပ်သူတွေက သုံးသပ် ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံက စီးပွားရေးပညာရှင် တဦးဖြစ်ပြီး သီးခြားလွတ်လပ်တဲ့ အဖွဲအစည်းတခုဖြစ်တဲ့ စီးပွာရေးနဲ့ လူမှုဖွံ့ဖြိုးရေးဆိုင်ရာဌာန ဒါရိုက်တာ ဒေါက်တာဇော်ဦးကတော့ မြန်မာ့စီးပွားရေး တည်ငြိမ် ဖို့နဲ့ အကြပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ ထိုင်းနိုင်ငံရဲ့အကူအညီလိုအပ်တဲ့အကြောင်း အဓိက ဆွေးနွေးသွားပါတယ်။ ဆွေးနွေးပွဲအကြောင်း ကိုသိန်းထိုက်ဦး ဘန်ကောက်မြို့ကနေ သတင်းပေးပို့ပါတယ်။

စစ်အာဏာသိမ်းပြီး ၁၉ လအကြာ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ်နဲ့ နိုင်ငံရေး အပြောင်းလဲအတွက် တွန်းအား၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ စစ်မြေပြင် အခြေအနေ၊ နောက် ရှေ့မှာ ဖြစ်လာနိုင်ခြေတွေကို မြန်မာ့အရေး လေ့လာသူတွေ ဆွေးနွေးကြတာပါ။ ထိုင်းနိုင်ငံလုံခြုံရေးနဲ့ နိုင်ငံတကာလေ့လာရေးဌာန ISIS က ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ ဆွေးနွေးပွဲ ဖြစ်မြောက်အောင် ငွေကြေးအကုန် အကျခံ ကမကထလုပ်ပေးခဲ့တဲ့ ဥရောပသမဂ္ဂကိုယ်စား ထိုင်းနိုင်ငံဆိုင်ရာ ဥရောပ သံအမတ်ကြီး David Daly က အဖွင့်မိန့်ခွန်း ပြောကြားပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ ဒီမိုကရေစီ ပြန်လည်ဖေါ်ဆောင်ရေး တခြားနိုင်ငံတွေနဲ့ အတူ ဆက်လက်လက်တွဲဆောင်ရွက်သွားမယ့်အကြောင်း ဥရာပ သမဂ္ဂရဲ့ ရပ်တည်ချက်ကို ပြောဆိုမိတ်ဆက်သွားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဒီတကြိမ် စစ်တပ်အာဏာသိမ်းမှုဟာ အရင် ၁၉၆၂၊ ၁၉ဂဂ ခုနှစ်က အာဏာသိမ်းမှုတွေနဲ့မတူဘူးဆိုတာကို ထိုင်းနိုင်ငံလုံခြုံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ဌာန ISIS ဒါရိုက်တာ၊ ပါမောက္ခ Dr. Thitinan Pongsudhirak က ထောက်ပြပါတယ်။

“ဒီတကြိမ်အာဏာသိမ်းမှုက အရင်ကဖြစ်ခဲ့တဲ့ အာဏာသိမ်းမှုတွေနဲ့ လုံးဝမတူပါဘူး။ အရင်ကလို စစ်တပ်က အင်အားခိုင်မာပြီး အားကောင်းတယ်ဆိုတာ ပြသနိုင်တဲ့ အာဏာသိမ်းမှုမျိုးလည်း မဟုတ်ပါဘူး။ အာဏာသိမ်းမှုကို တုံ့ပြန်တဲ့ အတိုက်အခံတွေကြား မဟာမိတ်အရ လက်တွဲပြီးဆန့်ကျင်အုံကြွမှုတွေ ချက်ခြင်း ပေါ်ပေါက်လာတယ်။ လက်တွဲခဲ့တဲ့မဟာမိတ်တွေက အရင်ကထက်ပိုပြီး ခေတ်မီသလို လက်နက်တွေ ပိုတပ်ဆင်နိုင်တဲ့၊ သန္နိဌာန်ခိုင်မာပြီး မဖြစ်မနေလုပ်ဆောင်မယ်လို့ ဆုံးဖြတ်ထားတဲ့၊ အသက်နဲ့ရင်းပြီး စွန့်စွန့်စားစား ပြန်တိုက်တဲ့ အတိုက်အခံတွေ ပေါ်လာခဲ့တာပါ။”

အထူးသဖြင့် ပြုပြင်ပြောင်းလဲမှုတွေကြားကြီးပြင်းလာတဲ့ လူငယ်မျိုးဆက်သစ်တွေက အရှုံးမပေးဘဲ ဆက်ပြီး တိုက်ပွဲဝင်နေကြတဲ့အတွက် စစ်တပ်က အာဏာကိုဆက်ပြီး ထိန်းနိုင်ဖို့ ခက်က်ခဲခဲရုံးကန်နေရတယ်လို့ ဒေါက်တာ Thitinan က ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ ၁၉၅၀ ခုနှစ်တွေအတွင်း စစ်တပ်က ရန်ကုန်မြို့အနီးအနားကွက်ကွက်ကိုပဲ ထိန်းထားနိုင်ခဲ့တဲ့အခြေအနေမျိုးပြန်ရောက်သွားနိုင်တယ်လို့ သုံးသပ်သူက ကာကွယ်ရေးဆိုင်ရာ Jane's Defense စာစောင်မှာ လုံခြုံရေးဆိုင်ရာ ဆောင်းပါးတွေ သုံးသပ်ရေးသားတဲ့ Anthony Davis ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်ကလို စစ်တပ်က တဖြေးဖြေး ပြန်ပြီး သိမ်းယူနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်က စိတ်ကူးယဉ်သက်သက်သက် ဖြစ်သွားနိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

“PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကြည့်တဲ့အခါ အားလုံးက မြန်မာနိုင်ငံအတွင်း ဗမာတိုင်းရင်းသားတွေ အများစု ဖြစ်နေတာတွေကို တွေ့ရမှာပါ။ အဖွဲ့အစည်းတွေကို ကြည့်ရင်လည်း နေရာတိုင်းမှာ ပျံ့နှံ့နေပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှာ မြို့တိုင်းနီးပါးလောက် ရှိနေတာတွေကို တွေ့ရပါတယ်။ အခိုင်အမာ အမြစ်တွယ်ထားပြီး မကြာသေးခင်လပိုင်းတွေအတွင်းမှာ ပိုပြီး ခိုင်ခိုင်မာမာ စစ်တပ်ကအာဏာသိမ်းပြီး ပေါ်ပေါက်လာပေမယ့် လက်နက်အင်အားလည်း အရင်ကထက် ပိုပြီး ကောင်းအောင် တပ်ဆင်လာနိုင်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်၊ ကချင်၊ ချင်း၊ ကရင်နီ စတဲ့အဖွဲ့တွေနဲ့လည်း နီးနီးကပ်ကပ် တိုက်နေတာကို တွေ့နေရပါတယ်။”

မကြာသေးခင်လေးကပဲ အင်အားသိပ်များရင်တောင် မြန်မာနိုင်ငံအနောက်ဘက်ခြမ်းမှာ ရခိုင်အဖွဲ့နဲ့လည်း ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်လာခဲ့တာတွေကို Jane's Defense စာစောင်မှာ လုံခြုံရေးဆိုင်ရာ ဆောင်းပါးတွေ သုံးသပ်ရေးသားတဲ့ Anthony Davis ကထောက်ပြသွားပါတယ်။ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေ အကြပ်အတည်းတွေကို အဓိက ဆွေးနွေးကြပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေ ပြိုလဲလုအခြေအနေ ရောက်နေပြီဆိုတာကို Dr. Thitinan က ထောက်ပြသွားသလိုပဲ Nikkei Asian Review က သတင်းအယ်ဒီတာ၊ ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်း ဥက္ကဋ္ဌဟောင်း Gwen Robinson ကလည်း ပါဝင် ဆွေးနွေးပါတယ်။

“ဓါတ်ဆီနဲ့ လောင်စာဆီဈေးတွေ တက်တာ၊ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတာတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်း ထွက်ကုန်တွေအပေါ် အကြီးအကျယ် ဆိုးဆိုးဝါး ထိခိုက်နေပါတယ်။ ဘဏ်လုပ်ငန်းလည်း အကြီးအကျယ် အကြပ်အတည်းကို ရင်ဆိုင်နေရပါတယ်။ ငွေကြေးဈေးကွက်အပေါ် ထိန်းချုပ်ရေး ကြိုးစားတာတွေအပြင် ဘဏ်လုပ်ငန်းတွေအပေါ်မှာ အုပ်ချုပ်ဖို့ အတွေ့အကြုံမရှိတဲ့ စစ်တပ်ခေါင်းဆောင်တွေကို ခန့်ထားတာတွေကလည်း စီးပွားရေးအပေါ် အကြီးအကျယ် ရိုက်ခတ်နေပါတယ်”-လို့ Gwen Robinson ကလည်း ပြောဆိုပါတယ်။

ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက စီးပွားရေးပညာရှင်တဦးဖြစ်ပြီး အရင်က သမ္မတဦးသိန်းစိန်လက်ထက် အကြံပေးတဦးဖြစ်ခဲ့သူ လက်ရှိ သီးခြားလွတ်လပ်တဲ့ အဖွဲအစည်းတခုဖြစ်တဲ့ စီးပွာရေးနဲ့ လူမှုဖွံ့ဖြိုးရေးဆိုင်ရာဌာန ဒါရိုက်တာ၊ စီးပွာရေးနဲ့ လူမှုဖွံ့ဖြိုးရေး ဌာန Center for Economic and Social Development ဆိုင်ရာ ဒါရိုက်တာ ဒေါက်တာဇော်ဦးလည်း ပါဝင်ပြီး အခွင့်အလမ်းကောင်းဖြစ်တဲ့ အကြပ်အတည်းတွေကို စွန့်ပယ်လိုက်တာမျိုး မလုပ်ဖို့ ဆွေးနွေးပွဲမှာ တိုက်တွန်းသွားပါတယ်။

ပြီးခဲ့တဲ့ ဂျုလိုင်လကထုတ်ပြန်တဲ့ ကမ္ဘာဘဏ်ရဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ စီးပွားရေး ၃ ရာခိုင်နှုန်း ပြန်တက်လာမယ်ဆိုပြီး ကမ္ဘာဘဏ်က ခန့်မှန်းထားတဲ့အချက်ကို ဒေါက်တာဇော်ဦးက ထောက်ပြသွားပါတယ်။

“ဒါက မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ထွက်လာတဲ့ အစီရင်ခံစာတချို့ပါ။ ဒီလို စီးပွားရေးပြန်လည် အားကောင်းဖို့ ဆိုတာမှာ ဘယ်သူက အဓိကတာဝန်ရှိသလဲဆိုတဲ့အချက်ကို မေးရပါလိမ့်မယ်။ ခင်ဗျားတို့ စောစောက ပြောနေတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေက တာဝန်ရှိသူတွေ မဟုတ်ပါဘူး။ ကျနော်ကတော့ အင်မတန်ဆိုးဝါးတဲ့ အကြပ်အတည်းကြားမှာ မြန်မာစီးပွားရေးကို ကြံ့ကြံ့ခံနိုင်အောင် ရပ်တည်ပေးတဲ့သူတွေ၊ အသြတရ သူရဲကောင်းတွေလို့ နာမည်ပေးထားပါတယ်။”

ဒေါက်တာဇော်ဦး ပြောသွားတဲ့ မြန်မာစီးပွားရေးကို ကြံ့ကြံ့ခံရပ်တည်သူတွေဆိုရာမှာ တောင်သူလယ်သမားတွေ၊ အထည်ချုပ်စက်ရုံအလုပ်သမားတွေ၊ ပြည်ပမှာ ထွက် အလုပ်လုပ်ပြီး မြန်မာနိုင်ငံကို ပြန်ငွေပို့နေသူတွေကို ပြောဆိုသွားပါတယ်။ ဒီလို အခက်အခဲကြားမှာ ထိုင်းနိုင်ငံအနေနဲ့ အထူးကူညီနိုင်တဲ့ အခန်းကဏ္ဍမှာ ရှိတယ်လို့ သူက ပြောဆိုပါတယ်။ လာရောက်အလုပ်လုပ်ကိုင်သူတွေအတွက် ဈေးသက်သာပြီး လုံခြုံတဲ့ သွားလာရွှေ့ပြောင်းနိုင်တဲ့ အနေအထားတွေ၊ ကျွမ်းကျင်အောင် သင်တန်းပေးတာတွေကို သူက တိုက်တွန်းသွားပါတယ်။

တချိန်တည်းမှာ စီးပွားရေးအရ ဒုက္ခရောက်ပြီး လူတွေ အစုလိုက်ထွက်နေတဲ့ အနေအထားမျိုးကို မရောက်အောင် ကာကွယ်ဖို့နဲ့ တရားမဝင် ငွေပို့ဆောင်နေတဲ့ စနစ်ကို ပြန်လည်ပြင်ဆင်ဖို့ တိုက်တွန်းသွားတာပါ။ မြန်မာနိုင်ငံအနေနဲ့ အကြပ်အတည်းတွေကြားက ရုန်းထွက်နိုင်အောင် Asean နိုင်ငံတွေအတွင်း ဦးစီးဦးဆောင် အခန်းကဏ္ဍ ကနေ ကူညီဖို့ ထိုင်းနိုင်ငံကို ဒေါက်တာဇော်ဦး တိုက်တွန်းသွားပါတယ်။

သုံးသပ်သူတွေကြားမှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ သီရိလကာၤမှာ ကြုံခဲ့ရတဲ့ စီးပွားရေး အကြပ်အတည်းအခြေအနေမျိုး ပြိုလဲသွားနိုင်တဲ့ အခြေအနေဆီ ဦးတည်သွားမလား ဆွေးနွေးကြပါတယ်။ တချိန်တည်းမှာ အခု ရင်ဆိုင်နေရတဲ့အကြပ်အတည်းတွေ ဘယ်လောက်ကြာကြာ ဆက်ကြံ့ကြံ့ခံနိုင်မလဲဆိုတဲ့ ရေရေရာရာ အဖြေမရှိသေးတဲ့ မေးခွန်းမျိုးတွေလည်း ဆွေးနွေးပွဲမှာ တက်ရောက်သူတွေရော ပါဝင်သူတွေပါ မေးခွန်းထုတ်ကြပါတယ်။ အတိုက်အခံအင်အားစုတွေရဲ့ အင်အား၊ ထိန်းချုပ်နိုင်စွမ်းနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုတွေပေါ်မှာ ယှဉ်တွဲပြီး သုံးသပ်ဆွေးနွေးကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------

[[Unicode]]



















XS
SM
MD
LG