သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံကြိုးပမ်းမှု ပြည်တွင်းသုံးသပ်သူတချို့ အမြင် 


လက်ရှိကျင်းပနေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တချို့၊ (နိုဝင်ဘာ ၁၁၊ ၂၀၂၂)
လက်ရှိကျင်းပနေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တချို့၊ (နိုဝင်ဘာ ၁၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

မြန်မာ့အရေး အာဆီယံသဘောတူညီချက် ၅ ရပ်ဟာ တိုးတက်မှုမရှိသလောက် ဖြစ်နေတာမို့ ဒီအတွက် အချိန်ကာလသတ်မှတ်ချက်ထားပြီး လက်တွ့ကျကျ ခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဒီနေ့ ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်လာတဲ့ အာဆီယံခေါင်းဆောင်တွေ ဆုံးဖြတ် သဘောတူခဲ့ကြပါတယ်။ မြန်မာနိုင်ငံတွင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တာရှည်ခံမယ့် အဖြေတခုထုတ်နိုင်အောင် ASEAN က ကူညီသွားမယ်လို့လည်း ASEAN ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေး လေ့လာသူတွေကတော့ မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းချက်တွေ ထိရောက်ပါ့မလားဆိုတာ သံသယနဲ့ စောင့်ကြည့်နေကြပါတယ်။ မစုမြတ်မွန် က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေတိုးလာတာဟာ မြန်မာနိုင်ငံကိုသာမက ASEAN အသိုက် အမြုံတည်ဆောက်ရေးကြိုးပမ်းမှုကိုပါ ထိခိုက်စေတယ်လို့ အာဆီယံရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ အဖွဲ့ဝင်နိုင်ငံတခုနဲ့ ပတ်သက်ပြီး အာဆီယံရဲ့သမိုင်းမှာ အပြင်းထန်ဆုံးလို့ သတ်မှတ်နိုင်တဲ့ ကြေညာချက်ဖြစ်သလို မြန်မာနိင်ငံနဲ့ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်တွေ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုကြပါတယ်။

ဒါပေမဲ့လည်း ပြည်တွင်း နိုင်ငံရေးအကဲခတ်တွေကတော့ အဖွဲ့ဝင်နိုင်ငံတွေကြား တနိုင်ငံနဲ့ တနိုင်ငံကြားဝင် မစွက်ဖက်ရေးမူကို နှစ်ပေါင်းများစွာကျင့်သုံးခဲ့တဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်တွေ ထိရောက်ပါ့မလားဆိုတာ သံသယနဲ့ စောင့်ကြည့်နေဆဲဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေအကြား ဆွေးနွေးမှုနဲ့ ဆုံးဖြတ်ချက်တွေဟာ လက်ရှိ စစ်ကောင်စီ ခေါင်းဆောင်တွေဘက်က ပြောင်းလဲအောင် ဖိအားပေးနိုင်ဖို့ ခက်ခဲမယ်ဆိုတဲ့ သုံးသပ်ချက်မျိုးတွေလည်း ရှိနေပါတယ်။ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက အခုလို ပြောပါတယ်။

“ကျနော်အကဲခတ်ကြည့်တာတော့ သိပ်ပြီးမမျှော်လင့်နိုင်ဘူးထင်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက တညီတည်း သဘောထားမထွက်ကြဘူး။ မလေးရှားတို့၊ အင်ဒိုနီးရှားတို့က သူတို့ဘက်က တင်းမာတဲ့သဘောထားရှိတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားတို့၊ ဖိလစ်ပိုင်တို့ကျတော့ အဲလိုမဟုတ်ဘူး။ အာဆီယံအသင်း ပဋိညာဉ်မှာကိုက အားလုံး ဘုံသဘောတူညီချက်ချက်ရမှ ချနိုင်မှာဆိုတော့ ကွဲပြားနေရင်တော့ ဖြစ်လာနိုင်တာက ပိုနေမြဲကျားနေမြဲပေါ့။ နဂိုအတိုင်းပဲ ဖြစ်ဖို့များတယ်။ သိပ်ပြီးထူးထူးခြားခြားမမျှော်လင့်နိုင်ဘူးယူဆပါတယ်။”

အာဆီယံထိပ်သီးအစည်းအဝေးအပြင် အရှေ့အာရှ ထိပ်သီးညီလာခံ၊ အာဆီယံနဲ့ ဆွေးနွေးဘက်နိုင်ငံတွေကြား ထိပ်သီးအစည်းအဝေးနဲ့ နောက်ဆက်တွဲ အစည်းအဝေးတွေ ဆက်တိုက် ကျင်းပဖို့ရှိပါတယ်။ နောက်ပြီး အမေရိကန်သမ္မတ Joe Biden နဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့လည်း မြန်မာ့အရေး အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စတွေကို ဆွေးနွေးကြဖို့ရှိတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ မြန်မာနိုင်ငံကို ဖိအားပေးဖို့ ဒေသတွင်းနိုင်ငံတွေနဲ့အတူ ပူးပေါင်းပြီး အရေးယူပိတ်ဆို့တာတွေ တိုးလုပ်သွားဖို့ အမေရိကန် ပြည်ထောင်စုဘက်က ပြောဆိုပါတယ်။ ပြည်တွင်းက နိုင်ငံရေး၊ စီးပွားရေး လေ့လာသုံးသပ်သူတဦးကတော့ အမေရိကန်နဲ့ နိုင်ငံတကာရဲ့ပါဝင်မှုနဲ့ အာဆီယံရဲ့ဖိအားပေးမှုတွေအပေါ်မှာ သံသယနဲ့ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

“အာဆီယံခေါင်းဆောင်တွေတွေ့တဲ့အချိန်၊ ဘုံသဘောတူညီချက် ၅ ချက် ကအလုပ်မဖြစ်တဲ့အချိန်က ၂ နှစ်နား တဖြည်းဖြည်းနီးလာတဲ့အချိန်၊ နောက်အရှေ့အာရှ Summit အမေရိကန် တက်မယ်၊ တရုတ်တက်မယ်ဆိုတော့ ပိုထူးတဲ့ အခင်းအကျင်းလို့ပြောလို့ရတယ်။ အဓိက-က အခင်းအကျင်းက မြန်မာပြည်သူတွေအတွက် သိသိသာသာအကျိုးရလဒ်ရမလားဆိုတာတော့မှန်းဆရခက်တယ်။ အာဆီယံအနေနဲ့တခုခု ရွေ့နေရမယ်ဆိုတဲ့တွန်းအားရှိပေမဲ့ ဒီမှာ သိသာတဲ့ရလဒ်ရလာမလားလို့ မျှော်လင့်ရဖို့ခက်တယ်။ နောက်နိုင်ငံတကာ ရဲ့တုံံ့ပြန်မှုက တော်တော်အားမရစရာ အံ့ဩစရာဖြစ်နေတယ်။ အဲတော့ ကျနော့်အနေနဲ့ သိပ်များများစားစားမမျှော်လင့်ပါဘူး။”

အခုအထိတော့ မြန်မာနိုင်ငံအရေးမှာ အာဆီယံကဘက်က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖေါ်ဖို့ကိုပဲ တိုက်တွန်းနေတာပါ။ ဒီ ဘုံသဘောတူညီချက်တွေ ထိရောက်မှုမရှိတဲ့အတွက် ပိုပြီး ပြင်းထန်တဲ့ အရေးယူမှုတွေ လိုနေပြီဆိုပြီး တိုက်တွန်းပြောဆိုတာတွေလည်း ရှိနေပါတယ်။ ဒါ့ကြောင့်လည်း အာဆီယံဘက်က နောက်ထပ် ဘုံသဘောတူညီချက်တွေ ထပ်ထွက်လာဦးမလားဆိုပြီး အကဲခတ်တချို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒီလိုထွက်လာခဲ့ရင် စစ်ကောင်စီဘက်က တုံ့ပြန်နိုင်ခြေ သဘောထားအပေါ် နိုင်ငံရေးသုံးသပ်သူ ဦးရဲထွန်းက အခုလို ပြောလိုက်ပါတယ်။

“သူတို့ဘာတွေထပ်တောင်းဆိုမလဲဆိုတာတော့ ကျနော်တို့မှန်းလို့မတတ်ဘူး။ ဘာတွေဖြစ် လာမလဲပေါ့။ သေချာတာကတော့ ဘာမှ မလိုက်လျောတာသေချာတယ်။ နစက-က ဘာကြီးတောင်းဆိုတောင်းဆို လိုက်လျောမယ်မထင်ဘူး။”

မြန်မာနဲ့အာဆီယံအစည်းအဝေးအပေါ် သုံးသပ်သူတွေရဲ့ အမြင်တွေပါ။ ဒီနေ့ အာဆီယံ ထိပ်သီးအစည်းအ‌ဝေးကတော့ လက်ရှိမြန်မာနိုင်ငံတွင်း အခြေအနေတွေအပေါ်မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက မပြတ်စောင့်ကြည့်ပြီး အခြေအနေကို ထိပ်သီးညီလာခံကို တင်ပြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ထိပ်သီးဆွေးနွေးပွဲနဲ့ နိုင်ငံခြားရေးအစည်းအဝေးအပြင် လိုအပ်ချက် ရှိလာရင် အခြားအစည်းအဝေးတွေမှာပါ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူပဲ ပါဝင်ခွင့်ပေးဖို့ဆိုတဲ့ကိစ္စကို ပြန်သုံးသပ်ဖို့ အာဆီယံပူးပေါင်းဆောင်ရွက်ရေးကောင်စီကို တာဝန်ပေးတဲ့အကြောင်းလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]











XS
SM
MD
LG