သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးကျဆင်း အဆိုးဆုံးအခြေအနေရောက်နေ


အင်းစိန်အကျဉ်းထောင်ဦးစီးဌာနနဲ့ အခြေခံဥပဒေ
အင်းစိန်အကျဉ်းထောင်ဦးစီးဌာနနဲ့ အခြေခံဥပဒေ

[[Zawgyi/Unicode]]

စစ်တပ်ကအာဏာသိမ်းယူခဲ့တာ နှစ်နှစ်နီးပါးကြာလာပေမဲ့ ရန်ကုန်၊ မန္တလေးမြို့ပြတွေအပါအဝင် နိုင်ငံနေရာအတော်များများမှာ ရာဇဝတ်မှုတွေထူပြောပြီး တရားဥပဒေစိုးမိုးမှုအားနည်းနေတုန်းပါ။ တချိန်တည်းမှာပဲ စစ်ကောင်စီရဲ့ နိုင်ငံရေးအရချုပ်ကိုင်မှုတွေကြောင့် လွတ်လပ်တဲ့တရားစီရင်ရေးကိုလည်း ကြီးကြီးမားမား ထိခိုက်နေတယ်လို့ တရားရေးအသိုင်းအဝိုင်းကပြောကြပါတယ်။ အခုပြီးခဲ့တဲ့နှစ် တရားရေးမဏ္ဍိုင်နဲ့ပတ်သက်လို့ ရန်ကုန်က စုစည်းမေးမြန်းထားတာကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာယူပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုဟာ ကျေးလက်ဒေသတွေမှာသာမက မြို့ပြအထိ ယိုယွင်းနေတယ်လို့ လေ့လာသူတွေရော ဒေသခံတွေကပါ ပြောကြပါတယ်။ ၂၀၂၂ ခုနှစ် စစ်ကောင်စီအုပ်ချုပ်နေတဲ့ကာလအတွင်း တရားဥပဒေစိုးမိုးရေးဟာ အယုတ်လျော့ဆုံးအခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ ပြည်ထောင်စုရှေ့နေများအဖွဲ့ဥက္ကဋ္ဌ လွှတ်တော်ရှေ့နေ ကြီး ဦးကြီးမြင့်ကပြောပါတယ်။

“တရားဥပဒေစိုးမိုးရေးဆိုတာ အမည်ပဲရှိတော့တယ်။ တကယ်ကျတော့ စစ်အာဏာရှင်စနစ် တည်မြဲရေးနဲ့ စစ်အာဏာရှင်စနစ်ခိုင်မာရေး - အဲဒါကိုပဲ သူက အာရုံစိုက်တော့တာ။ ဒိပြင်ဟာက လူကြားကောင်းအောင်ပြောတာ။ အခုခါမှာ ရှိသမျှ တရားဥပဒေစိုးမိုးရေးလုပ်ရမဲ့ရဲတွေကို စစ်ထဲခေါ် စစ်တိုက်ခိုင်းတယ်။ PDF တွေကိုဖမ်းတဲ့လုပ်ငန်းတွေ လုပ်ခိုင်းတယ်။ UG လုပ်ငန်းတွေမှာသုံးတယ်။ စစ်တပ်ကလည်းပဲ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့ လုံးဝ စိတ်မဝင်စားတော့ဘူး။ စစ်အာဏာရှင်တည်မြဲရေးကိုပဲ လုပ်တော့တယ်ပေါ့။ အဲဒါကြောင့်မို့လို့ ဓမြတိုက်တယ်၊ သူခိုး ခိုးတယ်၊ လုယက်တယ်၊ လူသတ်တယ်၊ ဘတ်စ်ကားတွေပေါ်မှာတက်လုတာဆို အကြိမ်ကြိမ် ...အဲဒါဘာလဲဆိုတော့ တရားဥပဒေစိုးမိုးရေးဆိုတာကို သူတို့ပစ်ထားလိုက်ပြီ။ စစ်အာဏာရှင်တည်မြဲရေးကိုပဲ ဇောင်းပေးလုပ်နေတဲ့ တရားစီရင်ရေးဖြစ်နေပြီ။ အဲလိုစနစ်ကိုရောက်နေတယ်ဆိုတာတော့ အထင်အရှား တွေ့ရတယ်။ အဆိုးဆုံးအခြေအနေက အခု စဖြစ်နေပြီပဲလေ။ တိုင်းပြည်က လုံးဝပျက်သွားပြီ။”

ရန်ကုန်မြို့ပြလို နေရာတွေမှာပါ အုပ်စုဖွဲ့ လုယက်တာ၊ မုဒိန်းကျင့်ခံရတာ၊ ဖောက်ထွင်းခံရတာ၊ လောင်းကစားနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာ အစရှိတဲ့ ရာဇဝတ်မှုတွေ တိုးလာသလို ဒီအပေါ် ထိထိရောက်ရောက်အရေးယူနိုင်မှု အလွန်နည်းလာတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိပ်ကွပ်မှုတွေနောက်ပိုင်း ရဲတပ်ဖွဲ့ အပေါ် ယုံကြည်အားကိုးမှုနည်းလာသလို ရဲတပ်ဖွဲ့တွေကလည်း နိုင်ငံရေးကိစ္စကလွဲရင် ရာဇဝတ်မှုတွေအပေါ် သိပ်ပြီး အလေးအနက်မရှိတော့ဘူးလို့ ဒေသခံတချို့က ယူဆပါတယ်။

မြို့ပြနေရာတွေမှာ အခုလို တရားဥပဒေစိုးမိုးရေးကျဆင်းနေသလို နယ်ဘက်တွေကအခြေအနေတွေမှာရော ဘယ်လိုများရှိသလဲဆိုတာနဲ့ပတ်သက်လို့ ရှမ်းပြည်မြောက်ပိုင်းမှာ ပရဟိတလုပ်ငန်းတွေဆောင်ရွက်နေသူ ဦးခင်မောင်က အခုလို ပြောပါတယ်။

“တရားဥပဒေစိုးမိုးရေးအပိုင်းကတော့ ကျနော်တို့ဖြတ်သန်းလာတဲ့သမိုင်းတလျှောက်မှာ အားအနည်းဆုံးပဲ။ ကိုဗစ်နဲ့...အာဏာသိမ်းမှုလည်းဖြစ်ထားတဲ့အတွက် သူ့ရဲ့ တရားဥပဒေစိုးမိုးမှုက လုံးဝကို ပျက်သွားတဲ့သဘောရှိတယ်။ အဲဒီတော့ ကျနော်တို့တွေက တော်တန်ရုံအမှန်တရားကို ဘယ်လိုရှာရမှန်းတောင် မသိဘူး။ အမှန်တရားဘက်က ရပ်တည်ပေးဖို့ဆိုတာ တော်တော်ခက်သွားတယ်။ CDM မလုပ်တဲ့ဝန်ထမ်းတွေကလည်း corruption မှာ အများကြီးပါသွားတယ်။ လူတွေအားလုံးက နိစ္စဓူဝ သည်းခံနေရတာပါပဲ။ဘယ်မြို့ရွာမှာပဲဖြစ်ဖြစ်၊ ဘယ်ပြည်နယ်မှာပဲဖြစ်ဖြစ် နေရထိုင်ရတဲ့အခြေအနေက တကယ့်ကိုပဲ ကျီးလန့်စာစားနဲ့ နေနေရတဲ့အနေအထားမျိုးဖြစ်ပါတယ်။”

တဘက်မှာလည်း စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် သမ္မတ၊ ရွေး ကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုအဆင့်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးတာ၊ နှစ်ရှည်ထောင်ဒဏ်ချနိုင်တဲ့ပုဒ်မတွေနဲ့ တရားရုံး စွဲချက်တင်တာ၊ တရားရုံးတွေကလည်း ခိုင်မာတဲ့အထောက်အထားတွေမရှိပဲ သေဒဏ်ချမှတ်တာ၊ ထောင်ဒဏ်နှစ်ရှည်ချတာတွေလုပ်လာပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူအများစုကို တရားစီရင်ရာမှာ အထူးတရားရုံးနဲ့ စစ်ခုံရုံးဆိုပြီး တရားရုံးနှစ်မျိုးနဲ့ စစ်ဆေးလျှက်ရှိပါတယ်။ အထူးတရားရုံးမှာ စစ်ဆေးခံရသူတွေက ကိုယ်တိုင်ထုချေပိုင်ခွင့်နဲ့ ရှေ့နေငှားရမ်းခွင့်ရကြပေမဲ့ စစ်ခုံရုံးနဲ့ အစစ်ဆေးခံရသူတွေကတော့ဘယ်လို အကြောင်းပြချက်နဲ့မှ ထုချေပိုင်ခွင့် မရကြပါဘူး။ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ နယ်မြေတွေကအမှုတွေကို စစ်ခုံရုံးနဲ့ တရားစီရင်လေ့ရှိပါတယ်။

အထူးတရားရုံးတွေမှာ တရားစီရင်ကြတဲ့ တရားသူကြီးတွေမှာလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက် ဆင်ခြင်တုံတရားနဲ့ တရားစီရင်တာ၊ သက်သေခိုင်ခိုင်လုံလုံနဲ့ စီစစ်တာမျိုးတွေ မရှိတော့ဘဲ နိုင်ငံရေးဩဇာကိုမလွန်ဆန်နိုင်ဘဲ ထောင်ဒဏ်တွေ ချမှတ်နေတယ်လို့ ဥပဒေသမားတဦးက ဗွီအိုအေကိုပြောပါတယ်။

“တရားစီရင်ရေးရဲ့သဘောမှာတော့ တရားသူကြီးတယောက်ရဲ့အထက်မှာ ဥပဒေမှအပ ဘယ်သူမှ လွှမ်းမိုးမှုမရှိရဘူး။ တရားသူကြီးရဲ့ လွတ်လပ်တဲ့ဆင်ခြင်တုံတရားကိုအခြေခံပြီးတော့မှ အမှုမှန်ပေါ်ပေါက်တဲ့အတိုင်း သူ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ အခုလက်ရှိ ဆရာတို့ကြုံနေတာက အဲဒီလိုမဟုတ်ဘူး။ တရားသူကြီးတွေက လွတ်လပ်စွာ တရားစီရင်ဆုံးဖြတ်ပိုင်ခွင့်ဆိုတာအပေါ်မှာ တစုံတရာ လွှမ်းမိုးမှုရှိတယ်၊ ညွှန်ကြားမှုရှိတယ်။ အဲဒါ ဘာသွားဆင်ခြင်မိသလဲဆိုတော့ စွဲလိုက်တဲ့အမှုတိုင်းက လွတ်သွားတာမရှိဘူး။ အမှု ၁၀၀ စွဲရင် ၁၀၀ လုံးက ပြစ်ဒဏ်အကြီးအသေးပဲရှိတယ်။ အကုန်လုံးက အပြစ်ရှိတယ်ဆိုပြီး အပြစ်ပေးကြတာများတယ်။ တရားစီရင်ရေးအဆင့်မှာ တစုံတရာညွှန်ကြားနိုင်တဲ့၊ တစုံတရာအမိန့်ပေးနိုင်တဲ့ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းရှိနေတယ်လို့ ဆရာတို့ သုံးသပ်လို့ရတာပေါ့။ အဲဒီတော့ လက်ရှိအခြေအနေမှာတော့ တရားစီရင်ရေးအဆင့်မှာ တစုံတရာအမိန့်ပေးနိုင်တဲ့ လူပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့အစည်းရှိနေတဲ့သဘောတော့ ရှိနေတယ်လို့ ဆရာတို့ ဒီအတိုင်းပဲမြင်ပါတယ်။”

လက်ရှိ စစ်တပ်ကအာဏာသိမ်းယူပြီး ၁ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံရဲ့တရားဥပဒေ စိုးမိုးမှု ဟာ နိုင်ငံပေါင်း ၁၃၉ နိုင်ငံမှာအဆင့် ၁၂၈ သို့ ရောက်ရှိနေတယ်လို့ World Justice Project ညွှန်ကိန်း က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

=========================

[[Unicode]]













XS
SM
MD
LG