သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကျပ်နဲ့ ဒေါ်လာ ငွေလဲနှုန်းဂယက်


 ( AFP)
( AFP)

[[Zawgyi/Unicode]]

ကျပ်ငွေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း ရည်ညွှန်းတန်ဖိုးကို မြန်မာစစ်ကောင်စီက ထိန်းချုပ်ထားပေမဲ့ ပြင်ပဈေးကွက်မှာတော့ မြန်မာကျပ်ငွေဟာ ဆက်လက်ကျဆင်းနေပါတယ်။ အမေရိကန်ဒေါ်လာနည်းတူ မြန်မာလုပ်ငန်းရှင်တွေ အများဆုံး ကိုင်တွယ်သုံးစွဲနေတဲ့ ထိုင်းဘတ်ငွေကလည်း မြန်မာငွေနဲ့လဲလှယ်တာမှာ ဈေးကောင်းလာပါတယ်။ ပြင်ပဈေးကွက်မှာ ထိုင်းငွေတဘတ်ကို ကျပ် ၁၀၀ အထိ ဖြစ်လာတာပါ။ ရန်ကုန်ကပေးပို့ထားတဲ့ ဒီသတင်းကိုတော့ ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ကျပ်ငွေတန်ဖိုး မတည်မငြိမ်ဖြစ်နေချိန်မှာပဲ အမေရိကန်တဒေါ်လာနဲ့ ကျပ်ငွေလဲနှုန်း ရည်ညွှန်းတန်ဖိုးကို ဗဟိုဘဏ်က ပြန်ပြင်ပေးတော့မယ်ဆိုတဲ့ သတင်းတွေ၊ တဒေါ်လာကို ၂၅၀၀ အထိ သတ်မှတ်မယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ ဒီရက်ပိုင်း ပျံ့ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဝန်ကြီးတဦးဖြစ်တဲ့ ဦးအောင်နိုင်ဦးကတော့ ဒါတွေက ကောလာဟလတွေဖြစ်တယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်ကနေ တုံ့ပြန်ထားပါတယ်။

ဗဟိုဘဏ်နဲ့ သွင်းကုန်လုပ်ငန်းရှင်တချို့ ဩဂုတ်လ ၂၇ ရက်၊ စနေနေ့က အစည်းအဝေးကျင်းပပြီး ရွှေဈေးကိုလည်း တကျပ်သားကို ကျပ်၂၅ သိန်းနဲ့ဈေးဖွင့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်ဆိုပြီး အွန်လိုင်းမှာ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ပို့ကုန်ကရလာတဲ့ ဒေါ်လာကိုလည်း ဗဟိုဘဏ်က ၆၅ ရာခိုင်နှုန်း ပြန်ရောင်းဖို့မလိုဘဲ တဝက်ပေးသုံးမယ်ဆိုပြီးသတင်းတွေထွက်ခဲ့တာပါ။

ဗဟိုဘဏ်ကတော့ ဒေါ်လာရည်ညွှန်းတန်ဖိုးကို ဒီနေ့အထိ ကျပ်၂,၁၀၀ ဆက်ပြီးသတ်မှတ်ထားသလို အဲဒီနှုန်းရဲ့အထက်အောက် ဝ.၃ ရာခိုင်နှုန်းအတွင်းမှာပဲ ဈေးကစားခွင့် ပြုထားပါတယ်။ ရွှေလုပ်ငန်းရှင်အသင်းကလည်း ရွှေတကျပ်သားကို ကျပ်သိန်း၂၀ စွန်းစွန်းနဲ့ ဈေးဆက်ဖွင့်ထားပါတယ်။

သွင်းကုန်လုပ်ငန်းရှင်တဦးကတော့ ပြင်ပမှာကောလာဟလတွေ သိပ်များနေတယ်ဆိုရင်တော့ ဗဟိုဘဏ်က ငွေလဲနှုန်းပြင်ဖို့ ကြိုးပမ်းမှာမဟုတ်သေးကြောင်း ဗွီအိုအေကို ပြောပါတယ်။

" အဓိကတော့ဗျာ သူတို့က ဒီဒေါ်လာငွေကို အရမ်း control (ထိန်းချုပ်) လုပ်လိုက်တဲ့ အပိုင်းတွေမှာ ဈေးကွက်သမိုင်းအရ ( ပြင်ပမှာ) အရမ်းထိုးတက်နေတာပေါ့။ နောက်ပိုင်းလည်း ထပ်ပြီး တက်ဖို့ပဲရှိတာပေါ့။ ကျဖို့အလားအလာတော့ မမြင်ဘူးပေါ့နော်။ အဲဒါလောလောဆယ် ကိုယ့်ဘက်က သတင်းတွေထွက်လာရင် ကောလာဟလဆိုပြီး ပြန်ငြိမ်ချင် ငြိမ်သွားနိုင်တယ်။ ဖြည့်စွက်ပြောချင်တာက သူတို့ဒီ ၃၅ ရာခိုင်နှုန်းက တကယ့်တကယ် အပြင်မှာ effective မဖြစ်ဘူး။ သုံးလို့လည်းမရဘူးဆိုတော့။ သုံးစွဲခွင့်ကလည်း တလပဲပေးထားတာကိုး။"

အလားတူပဲ ထိုင်းဘတ်ငွေဈေးက တောက်လျှောက်တက်လာပြီး သွင်းကုန်တွေ ဈေးတက်လာပါတယ်။ ထိုင်းဘတ်ငွေဟာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနိုးထလာမှု၊ ထိုင်းနိုင်ငံသားတွေ ငွေကြေး ပိုမိုစုဆောင်းလာမှုတို့ကြောင့် ဒေသတွင်းနိုင်ငံတွေရဲ့ ငွေကြေးထက် ပိုပြီးခိုင်မာလာတယ်လို့ စီးပွားရေးသတင်းတွေက ရေးသားကြပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ အခုနောက်ပိုင်း ထိုင်းကိုပြန်ဝင်လာတာကလည်း ထိုင်းစီးပွားရေးကို အကောင်းဘက်ကနေ ရှုမြင်ခံရပြီး ထိုင်းဘတ်ငွေအပေါ် ယုံကြည်မှုများနေပါတယ်။

ပြည်တွင်းက ကြိုက်ရောင်းကြိုက်ဝယ် ငွေလဲဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ ယူရိုငွေက တန်ဖိုးချင်းတူနေပါတယ်။ တဒေါ်လာကို ဝယ်ဈေး ၃,၁၅၀ ကျပ်နဲ့ ရောင်းဈေး ၃,၃၀၀ ကျပ် ရှိပါတယ်။ ထိုင်းဘတ်ငွေကတော့ တဘတ်ကို ၁၀၀ ကျပ်ဝန်းကျင် ရှိပါတယ်။ တရက်အတွင်း ပြောင်းလဲနေတဲ့ ထိုင်းဘတ်ငွေဈေးတွေကြောင့် လက်ကျန်တွေထုတ်မရောင်းတော့ဘဲ အရောင်းရပ်ထားရတယ်လို့ စော်ဘွားကြီးကုန်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက ဗွီအိုအေကိုပြောပါတယ်။

" ကျနော်တို့က (ငွေလဲနှုန်း) rate တခုကို ၉၀ နဲ့ဖြတ်လိုက်တယ်။ ညနေပိုင်းကျတော့ ၉၅ ဖြစ်သွားတယ်။ မနက်ဖြန်ကျ ၁၀၀ ဖြစ်သွားတယ်။ ပြဿနာကဘာလဲဆိုတော့ ရောင်းပြီးသွားရင် ကျနော်တို့က တိုက်ရိုက်ဟိုဘက်ကို ထိုင်းဘတ်ကိုအဓိက ဝယ်ရတာပေါ့နော်၊ ဒီဘက်ကနေ ပစ္စည်းတခုထွက်သွားရင် ဟိုဘက်မှာပစ္စည်း ပြန်ဝယ်တဲ့အခါကျတော့ rate ကအရမ်းဟသွားပြီ။ အဲလောက်အဟကြီးတွေ လိုက်ပြီးတော့ ရောင်းလို့ကလည်း မထွက်တော့ဘူး။ အဲဒီတော့ အကောင်းဆုံးကတော့ မဝယ်နိုင်မယ့်အတူတူ၊ ရောင်းပြီးရှုံးမယ့်အတူတူ နားထားလိုက်တာ အကောင်းဆုံးပေါ့နော်။"

အမေရိကန်ဒေါ်လာ ပြည်တွင်းမှာလှည့်ပတ်ဖို့ ခက်ခဲလာတဲ့နောက် ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာ ဘတ်ငွေ၊ ကျပ်ငွေ တိုက်ရိုက်ကုန်သွယ်တဲ့စနစ်ကို ပြောင်းပြီးအသုံးပြုမယ်လို့ ဗဟိုဘဏ်က မတ်လ ၃ ရက်မှာ အသိပေးခဲ့ပါတယ်။ ဒီစနစ်ကို နယ်စပ်ကုန်သွယ်ရေး၊ ပုံမှန်ကုန်သွယ်ရေးနဲ့ ရွှေပြောင်းလုပ်သားတွေ ငွေလွှဲပြောင်းတာမှာ အသုံးပြုသွားမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့တာပါ။ နိုင်ငံခြားငွေ ဈေးနှုန်းဆွဲတင်နေတာ၊ အွန်လိုင်းကနေ ငွေအရောင်းအဝယ်လုပ်တာကို မယုံကြည်ဖို့နဲ့ ငွေအရောင်းအဝယ်လုပ်ရင် နိုင်ငံခြားငွေသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူသွားမယ်လို့ ဗဟိုဘဏ်က စနေနေ့က ထပ်ပြီးထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]












XS
SM
MD
LG