သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ၁ ဦးအသတ်ခံရမှု မြန်မာ ၁၅ ယောက်ကို ဖမ်းဆီးစစ်ဆေး 


ထိုင်းနိုင်ငံ၊ ရနောင်းပြည်နယ်ထဲမှာ ထိုင်းနိုင်ငံသား သက်ကြီးရွယ်အိုတဦးအသတ်ခံထားရပုံ ( ထိုင်းလူမှုကယ်ဆယ်ရေး/ဇူလိုင် ၁၁၊ ၂၀၂၂)
ထိုင်းနိုင်ငံ၊ ရနောင်းပြည်နယ်ထဲမှာ ထိုင်းနိုင်ငံသား သက်ကြီးရွယ်အိုတဦးအသတ်ခံထားရပုံ ( ထိုင်းလူမှုကယ်ဆယ်ရေး/ဇူလိုင် ၁၁၊ ၂၀၂၂)


[[Zawgyi/Unicode]]

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းပြည်နယ်မှာ ထိုင်းလွှတ်တော်အမတ်ရဲ့ လက်ထောက်ရဲ့ဖခင်ပြန်ပေးဆွဲအသတ်ခံရတာနဲ့ပတ်သက်လို့ အနီးတဝိုက်မှာ အလုပ်လုပ်နေတဲ့ မြန်မာ ၁၅ ယောက်ကို မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးနေပါတယ်။ ထိုင်းအခြေစိုက် ဗီအိုအေသတင်းထောက် မအေးအေးမာက ဆက်ပြီး အပြည့်အစုံ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ ရနောင်းပြည်နယ် ကရပူရီမြို့နယ်၊ ပတ်ကျန်အုပ်စု ဘန့်ဟတ်တွန်ရပ်ကွက်မှာရှိတဲ့ ရာဘာခြံတခြံထဲကရေအိုင်မှာ ရနောင်းလွှတ်တော်အမတ်ရဲ့လက်ထောက် နိုင်းထဝပ်ကျိုင်ဒီနဲ့ ပတ်ကျန်ကျေးရွာအုပ်စုစီမံခန့်ခွဲရေးမှူး နန်းနရစ်မွန်းတို့ရဲ့ ဖခင်ကြီးကို အသတ်ခံရတဲ့ပုံစံနဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သေဆုံးသူဟာ အသက် ၈၁ နှစ်အရွယ် သက်ကြီးရွယ်အိုတဦးဖြစ်ပြီး သူ့ကို အဆက်သွယ်မရတာကြောင့် မိသားစုဝင်တွေက လိုက်လံစုံစမ်းခဲ့ကြရာက အသတ်ခံထားရတဲ့ပုံ အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဖခင်ဖြစ်သူကို အဆက်အသွယ်မရဖြစ်နေတုန်းမှာပဲ သားဖြစ်သူထံကို မြန်မာနိုင်ငံသားတဦး ဖုန်းဆက်ပြီး ငွေညှစ်တောင်းခံတာတွေလုပ်ခဲ့တယ်လို့ မိသားစုက ပြောကြားထားပါတယ်။ ဒီနောက်မှာ တော့ အသတ်ခံထားရတဲ့ အလောင်းကိုပြန်ရှာတွေ့ခဲ့တာကြောင့် မြန်မာနိုင်ငံသား ၁၅ ဦး ဖမ်းဆီးခံရတာဖြစ်တယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

“အဲဒီမှာက မြန်မာတွေကအများကြီးလေ။ မြန်မာတွေအိမ်တွေမှာ လိုက်ပြီးမေးမြန်းစုံစမ်းရင်းနဲ့ မသင်္ကာစရာတွေ တွေ့တယ်ပေါ့နော်။ မသင်္ကာစရာတွေ့တယ်ဆိုတာက သံသယဖြစ်နေတဲ့ ခြံထဲက သူ့အဖေရဲ့အိမ်မှာလည်း သွေးစတွေ တွေ့တာမျိုး၊ သူ့အဖေက အပြင်သွားရင် ယူဆောင်သွားတဲ့အသုံးအဆောင်တွေကိုလည်း ယူဆောင်သွားတာမရှိဘူး။ နောက် မြန်မာတယောက်က သူ့ကို ဖုန်းဆက်တယ်။ သူ့အဖေကို ပြန်ပေးဆွဲတယ်ဆိုတဲ့ပုံစံနဲ့ ၈ ထောင်ပေးရမယ်ဆိုတာမျိုး၊ နောက်တခါ မြန်မာပြည်သားက အဲဒီဖုန်းနဲ့ပဲ စာထပ်ပို့တယ်။ ဘတ် တသန်းပေးရမယ်ဆိုတာမျိုးတွေ ရေးထားတယ်။ အဲဒီဖုန်းကို သားဖြစ်သူက ဆက်သွယ်တော့လည်း ဆက်သွယ်လို့မရဘူး။ ဖုန်းတော့ ဝင်တယ်တဲ့။ ခုနက မသင်္ကာဖွယ်ရာအထောက်အထားတွေအရ ပြန်ပေးဆွဲတာဟုတ်ရဲ့လားပေါ့။ အချိန်ဆွဲသလားဆိုပြီး လိုက်ရှာတော့ ရာဘာခြံဘေးက ရေအိုင်ထဲမှာအလောင်းကို ပစ်ထားတာတွေ့ ရတယ်။ အဲဒါကြောင့် အနီးအနား ပတ်ဝန်းကျင်က မြန်မာ ၁၅ ယောက်လောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်။”

အသတ်ခံထားရတဲ့အလောင်းကိုရေအိုင်ထဲမှာ တွေ့ရှိခဲ့တာဖြစ်ပြီး လူသတ်မှုကျူးလွန်သူတွေကို ဖမ်းမိနိုင်ဖို့အတွက်ကတော့ ရဲတွေက ဆက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ ဖမ်းဆီးခံထားရတဲ့မြန်မာတွေထဲက ၃ ဦးကိုတော့ အဓိကသံသယရှိသူတွေအဖြစ် ယူဆထားကြပြီး ဆက်လက်စစ်ဆေးနေတယ်လို့ဆိုပါတယ်။

“မသင်္ကာစရာအဖြစ်ဆုံး ၃ ယောက်ကိုတော့ ဖမ်းထားတယ်။ ကျန်တဲ့သူတွေကိုလည်း ဆက်စစ်နေပါတယ်။ အဲဒီခြံရဲ့ မျက်နှာချင်းဆုင်အရှေ့မှာရှိတဲ့ခြံက မြန်မာ၂ ယောက်ကလည်း ပျောက်နေတယ်ပြောတယ်။”

သေဆုံးသူဟာ အသက် ၈၁ နှစ်အရွယ် နိုင်းထနူးကျိုင်ဒီ ဆိုသူဖြစ်ပြီး မြန်မာနိုင်ငံသားတွေနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး မြန်မာနိုင်ငံသားအလုပ်သမားတွေနဲ့ ရာဘာခြံထဲမှာ အတူနေထိုင်နေတဲ့သူလို့လည်း ပြောပါတယ်။

အလားတူ ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ယိုင်မြို့နယ်မှာ ဇွန်လ ၁ ရက်က ထိုင်းနိုင်ငံသား ၁ ဦးသတ်ပြီး မြေမြှုပ်အလောင်းဖျောက်တဲ့အမှုနဲ့ပတ်သက်လို့ တရားခံကိုဖမ်းဆီးနိုင်ဖို့အတွက် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေကဖမ်ဆီးခဲ့ပါတယ်။ ဒီထဲက မြန်မာနိုင်ငံသားတချို့ကိုလည်း လူသတ်မှုနဲ့ တရားစွဲထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

==============


[[Unicode]]










XS
SM
MD
LG