သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီခရိုင်တွင်း စစ်ကောင်စီနဲ့ KNLA တပ်ဖွဲ့တွေကြား တိုက်ပွဲရက် ဆက်ဖြစ်


KNLA + PDF ပူးပေါင်းတပ်ဖွဲ့ ( ဓါတ်ပုံ - KNU )
KNLA + PDF ပူးပေါင်းတပ်ဖွဲ့ ( ဓါတ်ပုံ - KNU )

[[Zawgyi/Unicode]]

ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား နေ့စဉ် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒီကနေ့ သြဂုတ်လ၂၃ ရက်နေ့ မနက်မှာတော့ မြဝတီ ဝေါ်လေလမ်းမ သုံးထပ်ကွေးအနီးက ကျေးရွာတွေပေါ်ကို စစ်ကောင်စီတပ်တွေက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF စတဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ နေ့စဉ် တိုက်ပွဲတွေပြင်းထန်နေပြီး သြဂုတ်လ၂၃ ရက်နေ့ မနက်မှာတော့ မြဝတီ ဝေါ်လေ လမ်းမ သုံးထပ်ကွေ့အနီးတဝိုက်ကို စစ်ကောင်စီတပ်တွေကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဲဒီဒေသမှာလှုပ်ရှားနေတဲ့ KNLA /PDF ပူးပေါင်းထားတဲ့ ကော်ပရာစစ်ကြောင်းက ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးသူရကိုကိုက ပြောပါတယ်။

“မနက် ၁၀ နာရီထိုးလောက်တော့ မှော်ဘီကနေ ၄ စီးတက်တယ်။ YAK 130 အမျိုးအစား တောင်ငူကနေ တစီးတက်တယ်။ တိုက်ပွဲကတော့ မနက် ၈ နာရီ ၉ နာရီလောက်ကတည်းက ဖြစ်နေတယ်။ နေလယ် ၂ နာရီထိုးလောက်ကနေစပြီးတော့ ကင်းထောက်လေ ယာဉ်တွေလည်း ဝဲပျံတယ်။ မှော်ဘီနဲ့တောင်ငူကနေ တိုက်လေယာဉ်တွေ တက်လာပြီးတော့ ကျနော်တို့ကို လေကြောင်းကနေ ဆက်တိုက်လုပ်နေတယ်။ နှစ်ဖက်အထိအခိုက်အကျအဆုံးတွေရှိတယ်။ သတင်းကတော့ ညဘက်ကျမှ ကျနော်တို့ ထုတ်ပြန်ပါမယ်။ အခုလောလောဆယ်တော့ တိုက်ပွဲတွေဖြစ်နေတုန်းပဲ။”

လေကြောင်း တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဒေသခံတဦးကလည်း အခုလိုပြောပြပါတယ်။

“၁၀ နာရီလောက်က တပြိုင်တည်း ၂ စီးလာချတယ်။ နောက်ကတစီး၊ တစီး ၃ ခေါက်။ နောက်က တစီးတစီးနဲ့ ၃ ခေါက်လာတယ်။ ဒီနေ့ ဒီနေ့ပဲ။ လေးကေ့ကော်ဘက်ကိုလည်းအလုံးကြီး (လက်နက်ကြီး) တွေနဲ့လှမ်းထုနေတယ်။ မဲထော်သလေးကျေးရွာဘက်ကနေ ၁၀ ကြိမ်လောက်ထုတယ်။”

စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စတဲ့ ပူးပေါင်းတပ်တွေဟာ သြဂုတ်လ၂၂ ရက်နေ့ကလည်း မနက်ကနေ ညနေထိ ဆက်တိုက် ပစ်ခတ်နေခဲ့တယ်လို့ အဲဒီဒေသမှာလုှပ်ရှားနေတဲ့ KNLA /PDF ပူးပေါင်းထားတဲ့ ကော်ပရာစစ်ကြောင်းက ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးသူရကိုကိုက အခုလိုပြောပါတယ်။

“၉ နာရီခွဲလောက်နေစပြီးတော့ သုံးထပ်ကွေ့နားမှာရှိတဲ့ ကျနော်တို့ ကော်ပရာစစ်ကြောင်းတာဝန်ယူထားတဲ့ လုံခြုံရေးတာဝန်ယူထားတဲ့နေရာတွေကို စစ်ကောင်စီဘက်ကနေ စစ် မျက်နှာဖွင့်ပြီး ကျုးကျော်တိုက်ခိုက်တယ်။ တနေကုန် တိုက်ပွဲဖြစ်တယ်။ ဖလူးဘက်မှာအခြေစိုက်တဲ့ သူတို့ရဲ့အမြောက်တပ်တွေကလည် အကြိမ်ကြိမ်ပစ်ခတ်ပါတယ်။ မနေ့ကတော့ ညနေ ၅ နာရီလောက်ထိ ပစ်ခတ်မှုတွေ၊ ရင်ဆိုင်တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်တယ်။”

ပြီးခဲ့တဲ့သောကြာနေတုန်းကလည်း လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ကိုမျိုးသူရကိုကိုက ပြောပါတယ်။

“သောကြာနေ့ကတော့ မနက်ပိုင်းက လေယာဉ် ၂ စီးနဲ့တကြိမ်၊ နေလယ် ၃ နာရီထိုးလောက်က လေယာဉ်နှစ်စီးနဲ့တကြိမ် တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးတဝိုက်ကို ဗုံးကြဲတာဖြစ်ပါတယ်။”

ဒီကနေ့ညနေပိုင်း ၄ နာရီအချိန်လောက်ထိ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲတယ်လို့ ဒေသခံ စစ်ဘေးရှောင်တွေကပြောပါတယ်။ မနေ့ကဖြစ်တဲ့တိုက်ပွဲမှာတော့ နှစ်ဘက်လုံးက အကျအဆုံးနဲ့ထိခိုက်ဒဏ်ရာရတာ အနည်းငယ်ရှိတယ်လို့ ကော်ပရာစစ်ကြောင်းဘက်ကပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ကရင်ပြည်နယ် မြဝတီခရိုင်ထဲက လေးကေ့ကော်ဒေသဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်စတဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဒေသခံတွေ သောင်းနဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]













XS
SM
MD
LG